Thursday, November 25, 2004

VOA interview

ိ မင်းကိုနိုင် ဗွီဒီယိုမှတ်တမ်း
(၂၅-၁၁-ဝ၄) ဗွီအိုအေ

ပထမပိုင်း

စစ်အစိုးရရဲ့အကျဉ်းထောင်ထဲမှာ (၁၆)နှစ်လောက် အကျဉ်းချခံခဲ့ရပြီးတော့ နိုဝင်ဘာလ(၁၉)ရက်က ပြန်လည် လွတ်မြောက်လာတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်(ဗကသ) ရဲ့ ဥက္ကဌ ကိုမင်းကိုနိုင်ဟာ ရုပ်မြင်သံကြား တွေ့ဆုံမေးမြန်းမှုမှာ သူ့ရဲ့ ကျန်းမာရေး အခြေအနေကို အခုလိုပြောပြပါတယ်။

“ကျနော်က ကျန်းမာရေး စစ်ဆေးမှု အစစ်ဆေးခံပြီး အခုပဲပြန်လာတာပါ။ ပြန်လာတဲ့အခါမှာ ကျနော် မျက်စိနဲ့ ပတ်သက်ပြီးတော့ မလုပ်ခဲ့ရသေးပါဘူး။ ကိုယ်တွင်းအင်္ဂါတွေနဲ့ ပတ်သက်ပြီးတော့ လုပ်ခဲ့တဲ့အခါမှာ လောလောဆယ် သိရသမျှကတာ့ ကလီစာတွေ ဆိုကြပါစို့ဗျာ၊ ကျောက်ကပ်တို့ အဆုပ်တို့ အစရှိသဖြင့်ကတော့ အခြေအနေ ကောင်းတယ်လို့ ပြောပါတယ်။ ဒါပေမယ့် နှလုံးတော့ နှလုံးနည်းနည်း ရှိရင်းစွဲထက် ကြီးနေတယ်လို့ ပြောပါတယ်။ အဲဒီတော့ နှလုံး ဒီလိုဖြစ်ရခြင်းကလည်း အတွင်းမှာ အနေအစားနဲ့ ပတ်သက်တယ်လို့ ယူဆပါ တယ် ဆရာဝန်က အဲဒီတော့ အဲဒါအတွက် အနေအစားတွေကို ပြုပြင်လိုက်မယ် ဆိုရင်တော့ ကောင်းနိုင်ပါတယ်။ လိုအပ်တဲ့ ပြုစု ကုသမှုတွေ အတွက် ဆက်ပြီးစဉ်းစားပါလိမ့်မယ်၊ သက်ဆိုင်ရာ ဆရာဝန်တွေက ဆက်ပြီးတော့ ပေးပါလိမ့်မယ်။

ကျန်တဲ့ ထူးထူးခြားခြားကတော့ ကျနော့်မှာ ရောဂါ ပြတယ်လို့ ကျနော့်ကိုယ် ကျနော် မတွေ့ဘူး။ ခံစားနေရတာကတော့ ညဘက်ဆို အိပ်လို့ ပြဿနာတွေတော့ ရှိတယ်။ ဒါက မေးကြည့်တဲ့အခါကျတော့ ကျနော့်နည်းတူပဲ ထောင်ထဲက ထွက်လာတဲ့ ရဲဘော်တွေကတော့ ပြောပါတယ်ခင်ဗျ၊ အားလုံးပဲ ဒီဝေဒနာကို ခံစားရ ပါတယ်တဲ့။ ဒီလိုပဲ ကျနော် အိပ်မရလို့ ထထိုင်နေတယ်၊ ညည လမ်းလျှောက်နေတယ်၊ အဲဒါကို အမေတို့ ဘာတို့က တွေ့တဲ့အခါ ပြောတယ်၊ ကျနော်က စိုးရိမ်တယ်၊ ဒါဘာဖြစ်မှန်းမသိဘူး။ ဒါပေမယ့် ကျနော့် သူငယ်ချင်းတွေက ပြောတယ်၊ အားလုံး ဖြစ်ကြပါတယ် တဲ့၊ ကာလတိုနဲ့ ကာလ ရှည်ပဲကြာပါတယ်တဲ့။ အထဲမှာ ကြာကြာ နေလာတဲ့လူကတော့ နည်းနည်း ပိုကြာကြာလေးများ ဖြစ်မလား မသိဘူးခင်ဗျ၊ အဲဒီ အချိုးအစားအတိုင်း ဆိုရင်တော့ အဲဒီလိုတော့ ထင်ရတာပေါ့ဗျာ၊ ဒါပေမယ့် ကျနော်က သင့်တင့် လျောက်ပတ်တဲ့ အချိန်မှာတော့ ဒါ ပျောက် သွားမယ်ထင်ပါတယ်။ ကျန်းမာရေးနဲ့ ပတ်သက်ရင်တော့ ဒီလောက်ပါပဲ။”

ဒါ့အပြင် သူ့ရဲ့မျက်လုံးတွေရဲ့ အကြောင်းကိုလည်း ဒီအတိုင်းရှင်းပြပါတယ်။

“မျက်လုံးတွေက ကျနော်ကြည့်ရတာ ညဘက် တီဗွီတွေဘာတွေ ကြည့်လိုက်လို့ရှိရင် အရုပ်တွေက နှစ်ထပ်တွေ ဘာတွေ ဖြစ်နေ တယ်။ အဲဒီတော့ ကျနော် ၅ မိနစ်ထက် ပိုပြီး မကြည့်နိုင်ဘူး။ မျက်စိကိုက်တယ်။ မျက်စိပူတယ်၊ မျက်စိတွေနီလာတယ်၊ မျက်ရည်ပူတွေ ကျတယ်၊ အဲဒီလိုရှိတယ်၊ ကျန်တဲ့ပြဿနာကတော့ သိပ်မရှိသေးပါဘူး ခင်ဗျ။ မျက်လုံးတွေ ပူနေတာကတော့ တချိန်လုံးပဲ ပူနေတယ်။ ဟုတ်ကဲ့ အဲဒီလောက် ပါပဲ။”

အကျဉ်းထောင်ကနေ ချက်ချင်းလွတ်မြောက်လာတဲ့အချိန်မှာ ဘယ်သူ့ကို ပထမဦးဆုံး သတိယမိပါသလဲလို့ မေးတာကိုတော့ ကိုမင်းကိုနိုင်က ဒီအတိုင်း ဖြေဆိုပါတယ်။

“ဒီဟာနဲ့ပတ်သက်ပြီး ဖြေရမယ်ဆိုရင် မေးခွန်းကသာ တမျိုးတည်း ဖြေရမှာက ၂ မျိုးဖြေရမလိုဖြစ်နေတယ်။ လူဆိုတာက ကိုယ်ရေး ကိုယ်တာရှိမယ်၊ ကိုယ်နေထိုင်ရတဲ့ လူ့အဖွဲ့အစည်းနဲ့ ပတ်သက်နေတဲ့ အကြောင်းအရာတွေရှိမယ်၊ နှစ်မျိုးရှိပါတယ်၊ ဒါ ဘယ်သူမဆိုပေါ့ဗျာ၊ တစ်ဦးချင်းစီရဲ့ လူ့အဖွဲ့အစည်းက ကျဉ်းကောင်းနေရင်တော့ ကျဉ်းမယ်ပေါ့ဗျာ၊ ဒါပေမယ့် လူဟာ ကိုယ်ရေးကိုယ်တာရယ် လူ့အဖွဲ့အစည်းရယ် နှစ်မျိုးရှိတယ်။ ဒီမေးခွန်းကိုလည်း အဲဒီလို နှစ်ပိုင်းခွဲပြီး ဖြေချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ဒါမှလည်း လူပီသမှာပါ။ ကျနော်ဟာ ပရအကြောင်းပဲ ပြောနေမယ် ဆိုရင် အတ္တမရှိတဲ့လူပုံစံ သက်ရောက်သွားမှာ စိုးရပါတယ်။

အတ္တအကြောင်းချည်းပဲ ပြောနေပြန်ရင် ပရမပါဘူး ဆိုတော့ ယုတ္တိမရှိ ဘူးခင်ဗျ၊ အဲဒီတော့ အများနဲ့ဆိုင်တဲ့အကြောင်းပြောပါဆိုရင် ဒီလို ခုနက မေးသလိုပေါ့ အရင်ဆုံး ဘယ်သူ့ကို တန်း သတိယလိုက်သလဲ ဆိုရင် ထောင်က လွတ်လွတ်ချင်း အဲဒီမှာ လူတစ်ဦး တစ်ယောက်တည်းပဲ ပြောလို့ရှိရင်တော့ အမှန်တကယ်တော့ မတိကျဘူးခင်ဗျ၊ မလုံလောက်ဘူး ခင်ဗျ၊ မဖြစ်ဖြစ်အောင် ပြောဗျာ အရေးကြီးဆုံး တစ်ယောက်တည်းကိုပဲ ပြောဗျာ ဆိုလို့ရှိရင်တော့ ဒါဟာ အဲဒီကျရင် ကျနော်က မဟုတ်သေးဘူးဗျာ၊ အဲဒီ ကျရင် တစ်ယောက်တည်းနဲ့ မလုံလောက်သေးဘူးဗျာ၊ အဲဒီလိုမျိုး ကျနော်ပြောချင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သြော် အရင်တုန်းက ငါနဲ့ အတူ လုပ်ဖော်ကိုင်ဖက်တွေ အားလုံး ဒီအချိန်မှာ အတူနေရရင် ကောင်းမှာပဲလို့ တွေးမိပါ တယ်။ အဲဒီတော့ တစ်ယောက်တည်းကို ရွေးပြီးတော့ ပြောပါဆိုရင်တော့ အများစုကလည်း နားလည်မှုရှိပါလိမ့်မယ်။ ဒီနေရာမှာ ထုတ်ဖော်ပြီး ပြောစရာလည်း မလိုပါဘူးခင်ဗျ၊ အဲဒါ အားလုံးက နားလည်လို့ရပါ တယ်၊ သို့သော် ကျနော်တို့ဟာ တစ်ဦး တစ်ယောက်တည်းကိုပဲ ပုဂ္ဂိုလ်ရင်း တစ်ယောက်ကိုပဲ ရွေးပြီးပြောတာကို ကျနော်တို့တွေက ဆင်ဆင်ခြင်ခြင်လေး သွားကြတာ ပိုပြီးတော့ သင့်တော်မယ်လို့ ထင်ပါတယ်။ အဲဒီတော့ ကိုယ်ရေးကိုယ်တာအရ ပြောပါ ဆိုရင်တော့ ကျနော့်မှာ တချိန်တခါက တယောက်သောသူပေါ့ဗျာ၊ ဒါပေမယ့် ကျနော့်မှာက ဒီလောက် နှစ်ကာလ ကြာတဲ့အခါ (၁၆)နှစ်တာလောက် ကြာလာတော့ ကျနော့်မှာ သူ့ကို တွေ့ဖို့ အခွင့်အရေးတောင် မရှိတော့ဘူး ထင်ပါတယ်။ မရှိတော့ဘူး ဆိုတော့ မရနိုင်တော့မှန်း သိတာ တခုကိုတော့ သတိယတာ တစ်ခုတော့ ရှိတာပေါ့ဗျာ၊ ဒါပါပဲ ကျနော် ဒီလောက်ပဲပြောပါရစေ။”

(၁၆)နှစ်လောက် အကျဉ်းထောင်ထဲမှာ နေထိုင်ရတဲ့အခါ ဘယ်လို နေထိုင်ပါသလဲလို့ မေးမြန်းတာကိုတော့ ကိုမင်းကိုနိုင်က အခုလို ဖြေပါတယ်။

“အဲဒီအတွက်ကတော့ ပြောလို့ရှိရင်တော့ တော်တော်ကြီးကို စာအုပ် အထူကြီးနဲ့ ရေးရင်တောင် ရတယ်ပေါ့ဗျာ၊ ကျယ်ကျယ်ဝန်းဝန်း ပြောရင်တော့ ဒါကို ပြည့်ပြည့်စုံစုံ ပြောမယ် ဆိုရင်တော့ အေးအေးဆေးဆေး ပြောရမယ့် ကိစ္စမျိုးပါ။ သို့သော်လည်းပဲ ကျနော်တို့ အခုလို ကြုံတဲ့ အချိန်လေးမှာ ပြောရမယ်ဆိုရင်တော့ အတော်အသင့်လောက်ပဲ ပြောလို့ရမှာပေါ့။ အတော်အသင့်လောက်ဆိုရင်တော့ ဒါကတော့ အများနည်းတူပဲ လက်ခံ ကျင့်သုံးပါတယ်။ ဆိုလိုတာက အများက ဘယ်လိုနေကြသလဲ ဆိုရင် လေ့ကျင့်ခန်း လုပ်ကြမယ်ဗျာ၊ နောက်တခုက ဘာသာရေး လုပ်ကြမယ်ခင်ဗျာ၊ ဘာသာတရားလည်း ကိုယ်စီရှိကြတဲ့လူတွေ များပါတယ်။ ဘာသာရေး အဆုံးအမ အရ ကျနော်တို့ ဗုဒ္ဓ
ဘာသာ ဆိုလို့ရှိရင်တော့ ဘုရားရှိခိုးရုံနဲ့ မလုံလောက်ဘူးပေါ့ ခင်ဗျာ၊ သက်ဆိုင်ရာ ဘာဝနာလေးတွေ ပွားရတော့ပေါ့ခင်ဗျာ၊ ဘာဝနာဆိုတာကလည်း ကိုယ် လေ့လာထားသလောက် သိထား မှတ်ထားသလောက်ကို ဘာဝနာ ပွားပါတယ်။

အဲဒါတွေပြီးပြီဆိုရင်တော့ ဘာရှာလဲ ဆိုလို့ရှိရင်တော့ ငါ အချိန်ကို တန်ဖိုးရှိရှိ ဘယ်လို အသုံးချမလဲ၊ ဒါက ကျနော်တို့အတွက် တော်တော် အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က ဒီစကားက ခင်ဗျားလည်း ကြားဖူးပါလိမ့်မယ်၊ ကုသိုလ်ရယ်၊ ပညာရယ်၊ ဥစ္စာရယ် တခုခုတော့ ရနေရမယ်။ ဒီလို ဆိုထားတာကိုး ဆိုတော့ ဥစ္စာရယ် ပညာရယ် ကတော့ ရစရာမရှိဘူး၊ ကုသိုလ်ကတော့ ရှာပြီးသွားပြီလေ၊ ဆိုတော့ လေ့လာစရာကလည်း စာရွက်စာတမ်းက မရှိတဲ့ နေရာမျိုးမှာဆိုတော့ ပညာက ရှာလို့မရဘူး၊ ဥစ္စာကလည်း ရှာလို့ မရဘူး။

ဒါဖြင့် နောက်ထပ် ရစရာ မရှိတော့ဘူးလားလို့ မေးခွန်းက ပေါ်လာတယ်။ ဒီနေရာမှာ ကျနော် ဘာသွားတွေ့လဲဆိုတော့ ချွင်းချက်နဲ့ ယေဘုယျ ဆိုတာ သွားတွေ့ပါတယ်။ ယေဘူယျပြောမယ်ဆိုလို့ရှိရင် တော့ ကုသိုလ်ပဲရှာလို့ရမယ်၊ ပညာရှာလို့မရဘူး၊ ဥစ္စာရှာလို့မရဘူး။ ဆိုတော့ ဒီသုံးခုပဲလား၊ နေက်ထပ် ဘာမှ ရှာလို့ မရတော့ဘူးလား၊ ဒါနဲ့ပဲ အချိန်တွေကို အချည်းနှီးကုန်ရတော့မလား၊ ဒီလိုစဉ်းစားပါတယ်။ စဉ်းစားတဲ့ အခါကျတော့ ကျနော် အနုပညာလေး တခုခု ဖန်တီးရင်ကောင်း မလားလို့ သွားတွေးမိတယ်လေ၊ တွေးမိတော့ အချိန်လည်း နည်းနည်း သက်သက်သာလေးနဲ့ ကုန်လွယ်တဲ့၊ တချိန်မှာ ဒါလေးက အဖတ်တင်သွားရင်လည်း အကျိုးရှိမယ်လို့ ယူဆပါတယ်။

အဲဒီတော့ ထောင်ထဲမှာနေခဲ့တဲ့လူတစ်ယောက်ရဲ့ ခံစားချက်ကို သိချင်သပဆိုရင် နည်းနည်းပါးပါး သူတို့လို ခံစားကြည့်လို့ရမယ်ပေါ့ခင်ဗျာ၊ အဲဒါ ကျနော် စဉ်းစားပြီးတော့ အနုပညာလေးတွေ ဖန်တီးပါတယ်။ ဖန်တီးတယ်ဆိုတဲ့ နေရာမှာ ဘယ်လိုဖန်တီးလဲဆိုတော့ ပုံကျတော့ ဆွဲလို့မရဘူးခင်ဗျ၊ စာရေးကိရိယာတွေ ဘာတွေ မရှိဘူးဆိုတော့ ကဗျာလေးတွေ ဘာတွေ အတွေးထဲမှာရေးရတာ၊ ကဗျာတွေစပ် အတွေးထဲမှာပဲစပ်၊ သီချင်းလေးတွေ အတွေးထဲမှာစပ် အဲဒီလို လုပ်ရတာပဲ၊ ကျနော့်မှာ တူရိယာလည်း အားကိုး စရာမရှိတဲ့ အခါကျတော့ ကိုယ့်ဟာကိုယ် စည်းလေးဘောင်လေးကွပ် ကိုယ့်ဟာကို သီချင်းလေးစပ်၊ ကဗျာလေးစပ် အဲဒီကဗျာလေး တွေကို ရပြီ ဆိုလို့ရှိရင် အလွတ်ကျက်ရတယ်။ အဲဒီအလွတ်ကျက်ရတာသည်ပင် ကိုယ့်ရဲ့ အနုပညာကိုယ် ပြန်ပြီးတော့ အလွတ်ကျက်နေရတာ ကပဲ ကျနော့်အတွက် အချိန်ကုန်ဖို့ အကျိုးရှိသွားတယ်၊ အဲ အဲဒီလိုပဲ ပြောပါရစေ၊ ဒါ ယေဘုယျသဘောပါ။ နောက်မှ ကျနော် အကျယ်ပြောပြ ပါမယ်။ အချိန်ရရင် ”


အပိုင်း(၂)

နိုင်ငံတကာက ကျောင်းသူ ကျောင်းသားတွေကို ကိုမင်းကိုနိုင် ဘာများ ပြောဆိုချင်ပါသလဲ ဆိုတဲ့အခါမှာတော့

“ကျနော့်အနေနဲ့က ပညာသင်နေတဲ့ လူတွေကို ကျောင်းသားလို့ ကျနော်တို့က ယေဘုယျ ယူဆကြတာကိုး၊ အဲဒီတော့ ပညာဆိုတာက ဘာလဲ ဆိုပြီးတော့ အဓိပ္ပာယ် ဖွင့်ဆိုကြပါတယ်။ ကျနော်လည်း ကြားဖူးတာနဲ့ ပတ်သက်ပြီးတော့ ပြောရမှာပေါ့၊ ကိုယ်ကိုယ်တိုင် တီထွင်တဲ့ စကားလုံးတော့လည်း မဟုတ်ပါဘူး။ ပညာဆိုတာ အမှားအမှန်ကို ခွဲခြားနိုင်တဲ့စွမ်းရည်ကို ရဖို့၊ နောက်တခုကတော့ လုပ်သင့်တာ မလုပ်သင့်တာကို ရွေးချယ်နိုင်ဖို့၊ ဒါဟာ ယေဘူယျကျတဲ့ ပညာရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်လို့ ကျနော် ဆိုချင်ပါတယ်။ ဆိုတဲ့အခါမှာ လောကီပညာတွေ လောကုတ္တရာပညာတွေ ဆိုပြီးတော့ ထပ်ခွဲပါသေးတယ်။ ဆိုတော့ အသက်မွေးမှု ပညာနဲ့ ပတ်သက်ရင်တော့ ဒါတော့ ဒီခေတ်မှာကြုံနေရတဲ့ အောင်လက်မှတ် တခု ပေါ်မှာ အခြေခံပြီးတော့ လစာ(သို့မဟုတ်) ဝင်ငွေအတွက် သင်ယူတဲ့ပညာမျိုး ရှိပါတယ်။ ဆိုတော့ အဲဒီပညာတွေအပြင်ကို ကျနော် စောစောက ပြောတဲ့ သိမှုပိုင်းဆိုင်ရာပညာပါ၊ အသိပညာရယ်၊ အတတ်ပညာရယ် ဆိုပြီးကွဲပြားပါတယ်။ ဆိုတော့ ဒီနေ့ နိုင်ငံတကာက ကျောင်းသားတွေ ဆိုတဲ့နေရာမှာ လွယ်လွယ်ပြောရမယ် ဆိုရင်တော့ အတတ်ပညာပိုင်းမှာ အသိပညာပိုင်းမှာ ကျနော့်ထက် ပိုပြီး တတ်နေကြပါ လိမ့်မယ် ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်က အထဲမှာ ပညာသင်ခွင့် မရခဲ့တဲ့ လူတစ်ယောက်ပါ။ အခု ကျနော့်ရဲ့စကားကို နားထောင်ချင်တယ် ဆိုတဲ့ ကျနော့်ရဲ့ နိုင်ငံတကာက ကျောင်းသားတွေ အတွက်ကတော့ ခင်ဗျားတို့ဟာ တကယ့်ပညာသည်တွေပါ၊ ကျနော့်ထက် စာလို့ရှိရင် ပညာတတ် ကြတဲ့သူတွေပါ၊ အရပ်စကားနဲ့ ရိုးရိုးလေး ပြောမယ် ဆိုရင် ခင်ဗျားတို့က ပညာတတ်ပါ။ ကျနော်ကတော့ ပညာရေးမှာ အားနည်းပါ တယ်။ ဒါဟာ ရိုးရိုးသားသား ကျနော်ပြောပြတာပါ။

သို့သော်လည်းပဲ ချွင်းချက်အနေနဲ့ ကျနော့်ကို တချို့က ထောက်ပြတာလေးတွေ ရှိပါတယ်။ ဒီလိုပဲ ဒီလိုချည်းပဲ ပြောလို့တော့ ဘယ်ရမလဲဗျာ၊ အတွေ့အကြုံနဲ့ ပတ်သက်လာရင် တမျိုးဖြစ်တာ ရှိပါတယ်လို့ ကျနော့်ကို ပြောပါတယ်။ အင်းပေါ့လေ ကျနော်ကတော့ ခင်ဗျားတို့ထက် အသက်အားဖြင့် ကြီးမယ်၊ ဖြတ်သန်းရတာ နည်းနည်း ကြမ်းကြမ်းတမ်းတမ်း များများစားစား ပိုပိုသာသာ ရှိမယ်ဆိုတဲ့အခါကျတော့ အတွေ့အကြုံအရ ရလိုက်တဲ့ ပညာလေးတွေ ရှိကောင်းရှိနိုင်ပါတယ်။

အဲဒီတော့ ပြန်ချုပ်လိုက်မယ်ဆိုရင် ဘာပဲပြော ပြော ကျနော်တို့က အတွေးအခေါ်နဲ့ နွယ်တဲ့ အသိပညာပေါ့ဗျာ၊ အဲဒါက ဘာလဲဆိုတော့ အမှားအမှန်ကို ခွဲခြားတတ်ဖို့ ခုနက စကားကိုပဲ ပြန်ကောက်တာပါ၊ နော် လုပ်သင့်လုပ်ထိုက်တာနဲ့ မလုပ်သင့် မလုပ်ထိုက်တာကို ရွေးချယ်တတ်ဖို့ ဒါတွေအားလုံးဟာ ဘယ်မှာ အခြေခံလဲ ဆိုတော့ မိမိရဲ့ တကိုယ်ရည် ခံစားချက်ကို ဦးစားမပေးဘဲနဲ့ ဖြစ်သင့်ဖြစ်ထိုက်တာကို ရွေးချယ်တတ်ဖို့ပါ။

အဲဒီနေရာမှာ ရင်းနှီးသင့်တာတွေ စွန့်သင့်တာတွေ စွန့်ရပါလိမ့်မယ်။ လူဆိုတာကတော့ အတ္တမျိုးနွယ်ပါ။ ရှိထားတာလေးတွေကို မစွန့်ချင်ဘူး၊ နောက်ထပ် ပိုလိုချင်ကြတယ်။ ဒါ ကိုယ်နှစ်သက်တဲ့ အရာပေါ့လေ ဘယ်အရာမျိုးမဆို လိုချင်တယ်၊ ရှိပြီးသားကို ထပ်လိုချင်တယ်။ ဒါဟာ အတ္တပါ၊ ဒါပေမယ့် လောကမှာ ကျနော် တို့ လုပ်သင့်လုပ်ထိုက်တာကို ခံစားချက်ကို ဦးစားမပေးဘဲနဲ့ လုပ်သင့်လုပ်ထိုက်တာကို ရွေးထားပြီးပြီ ဆိုတဲ့နေရာမှာ ကျနော်တို့ဟာ ကိုယ် မြတ်နိုးတဲ့အရာကို ကိုယ်မက်မောတဲ့ အရာတချို့ကို ကျနော်တို့က အရင်းအနှီး ပြုလိုက်ရပါတယ်။ အင်္ဂလိပ်စကားလုံးနဲ့ ဆိုရင်တော့ ဒီနေရာမှာ satisfy လုပ်လိုက်ရပါတယ်။ ပေးလိုက်ရပါတယ်။ ရင်းနှီးပစ်လိုက်ရပါတယ်၊ စွန့်ပစ်လိုက်ရ ပါတယ်။ အဲဒီလိုရှိပါတယ်။

အဲဒီအတွက် ပညာနဲ့သာလျှင် ခေတ်အဆက်ဆက်မှာ ဒီကနေ့သစ်ကို ကျနော် အခုကြားရတယ်ပေါ့လေ ဘယ်လိုကြားရသလဲဆိုတော့ ပညာ ခေတ်ရောက်ပြီလို့ ကျနော် ကြားရပါတယ်။ ပညာခေတ်ရောက်ပြီဆိုတော့ ဒါကို ကျနော် မငြင်းဘူးဗျာ၊ ဒါပေမယ့် ဘယ်ခေတ်က ပညာ အရေး မကြီးတဲ့ခေတ်လဲလို့ ပြန်မေးစရာ ရှိပါတယ်။ ပြန်စဉ်းစားမယ်ဆိုရင် တခြားခေတ်တွေမှာ ပညာတတ်တဲ့လူတွေက လူရာမဝင်ဘဲ ဒီခေတ်ကျမှ ပညာတတ်တဲ့လူတွေက လူရာဝင်မှာလား၊ ဒီလိုမေးစရာရှိပါတယ်။ အဲဒီတော့ ဒီလိုတော့ ဟုတ်မယ်မထင်ဘူးဗျာ၊ ကျနော်မြင်တာက ပညာခေတ် ဟာ ခေတ်အဆက်ဆက်မှာ ရှိပါတယ်။ အဲ သဘောကတော့ ဒီအချိန်ကျတော့မှ ပညာရဲ့ သဘောသဘာဝ ပညာရဲ့တန်ဖိုးဟာ ပေါ်လာပြီ။ ဒီလိုများ ဆိုလိုသလားလို့ ကျနော် စဉ်းစားပါတယ်။ ပညာမဲ့ခြင်း၊ ပညာရှိခြင်းဟာ သိပ်ပြီးတော့ ထင်သာမြင်သာတဲ့အချက် ဖြစ်လာပြီလားလို့ ကျနော်တွေးပါတယ်။ ဒီတော့ ကျနော် စကားဆက်ရမယ်ဆိုရင် အသက်မွေးဝမ်းကျောင်းအတွက် အတတ်ပညာကိုလည်း ဆည်းပူးကြပါ။ နောက်တခါ မိမိနဲ့တကွ မိမိရဲ့ ပတ်ဝန်းကျင် မိမိရဲ့ လူ့အဖွဲ့အစည်းအတွက် သိသင့်သိထိုက်တဲ့ သိချင်တာတွေကိုလည်း လေ့လာဖြည့်ဆည်း ကြပါ။ ပြီးတဲ့အခါမှာ ပညာရှိပီပီ လောကအကျိုး၊ မိမိအကျိုးကို ထမ်းဆောင်ကြတဲ့နေရာမှာ မှန်သောအယူ၊ သင့်သောနှလုံး ဖြူစင်တဲ့အကျင့်နဲ့ မိမိရဲ့ ရည်မှန်းချက် ပန်းတိုင်ကို အကောင်အထည်ဖော်နိုင်ပါစေလို့ ကျနော် ဆုတောင်းပါတယ်၊ ဒီလောက်ပါပဲ။ ”

No comments: