အခုလွတ်လာတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ကိုမင်းကိုနိုင် အံ့သြသလား။
သိပ်အံ့သြတယ်လို့တော့ မဟုတ်ဘူးဗျာ။ သို့သော်လည်း ဒါ အဆုံးသတ်ထားတာပဲဗျ။ အဆုံးဆိုတော့ ဘဝင်ကျသွားတာပေါ့ဗျာ။ မျှော်လင့်နေရရင် ပင်ပန်းတယ်ဗျ။ ခင်ဗျားလည်း သိတာပဲ။ မျှော်လင့်ထားတဲ့အတိုင်း ဖြစ်မလာဘူးဆိုရင် ပင်ပန်းတယ်ဗျ။ အဲဒီတော့ ချကွာဆိုပြီးတော့ အဆုံးထိ ချလိုက်တာပဲ။ ပြီးတော့ ဖြစ်လာတယ်ဆိုတော့လည်း ဒီလိုပါလားဆိုပြီးတော့ ထားလိုက်တယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ဗျာ ကျနော်လည်း လောကဓံကို အထိုက် အလျောက်လည်း ခံခဲ့ရပြီကိုးဗျ။ လောကဓံ အကောင်းအဆိုး ၂ မျိုးရှိတယ်ဗျာ။ အဲဒါကို ပွားလိုက်တော့ ၈ မျိုးပေါ့ဗျာ။ အဲဒီအထဲမှာ အဆိုးလောကဓံကို ကျကျနန ခံစားလိုက်ရပြီ ဆိုတဲ့အခါမှာ ငါအကောင်းနဲ့ကြုံတဲ့အခါမှာလည်း အိနြေ္ဒရရခံနိုင်အောင် ငါကျင့်မယ် ဆိုပြီးတော့ ကြိုပြီးတော့ နည်းနည်းကျင့်ထားတယ်ဗျာ။ အဲဒီတော့ ဖြစ်လာတဲ့ အခါကျတော့ ကျနော် ယောနိသော မနသိကာယ ခေါ်တာပေါ့ဗျာ။ သင့်တင့်အောင် နှလုံးသွင်းလိုက်တာပေါ့ဗျာ။
ဘာမဆိုပေါ့ဗျာ။ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်ပါစေပေါ့။ လူဆိုတာက သူ့အတိုင်းအတာနဲ့ သူတော့ ဘဝမှာ အမြင့်ဆုံး အချိန်ကိုလည်း ခံစားဖူးကြတာပဲဗျာ။ အဲဒီအချိန်မှာ အောက်ခြေလွတ်ရင်လည်း လွတ်တတ်ကြတယ်ဗျာ။ မလွတ်တဲ့ လူကိုတော့ နည်းနည်းချီးကျူးရတာပေါ့ဗျာ။ အဲလိုပဲ - နိမ့်ပြီဟေ့ဆိုရင်လည်း မခံနိုင်ကြဘူးဗျာ။ အဲဒါလည်း ခင်ဗျား တွေ့မှာပေါ့ဗျာ။ ဒါကြောင့် မခံနိုင်လို့ကို အိနြေ္ဒပျက်သွားတာ တွေ့ဖူးတယ်။ အဲဒါ ကျက်သရေ မဲ့သွားတာပဲဗျ။ ကျနော် ဒီလို ခံယူတယ်လေဗျာ။ အဲဒါကြောင့်မို့လို့ပါ။ အဲဒါလေး နှလုံးကြိုတင်ပြီးတော့ သွင်းထားလိုက်တဲ့အခါကျတော့ ခပ်ငြိမ်ငြိမ်လေး ထွက်လာတာပေါ့ဗျာ။ ထောင်ထဲက ထွက်လာပြီ ဆိုကတည်းက ပျော်တာလည်း မပြဘူး၊ ဝမ်းနည်းတာလည်း မပြဘူး၊ ပုံမှန်ခရီးတစ်ခုကို အလုပ် ပြီးသွားလို့ အိမ်ပြန်သွားတဲ့ လူတစ်ယောက်လိုပဲ ပေါ့ပေါ့ပါးပါးပဲ ကြိုးစားပြီးတော့ ကျနော် လာခဲ့ပါတယ်ဗျာ။
ခင်ဗျားနဲ့ အကျဉ်းသား ၃ဝဝဝ ကျော် အခုလွှတ်ပေးရတာဟာ ထောက်လှမ်းရေးကနေ မတရား အမှုဆင်ထားတဲ့လူတွေ ဆိုပြီးတော့ မြန်မာစစ်အစိုးရက ကြေညာသွားတာ ရှိပါတယ်။ အဲဒီလိုဆိုရင် လွန်ခဲ့တဲ့ ဆယ့်လေးငါးနှစ်က ကိုမင်းကိုနိုင် အဲလိုမျိုး မတရားအမှုဆင် အဖမ်းခံရတာလို့ ထင်လား။
ကျနော်တို့နိုင်ငံရေးလှုပ်ရှားမှုနဲ့ ပတ်သက်တဲ့လူတွေက လွဲရင် ကျန်တဲ့ အမှုတွေတော့ မသိဘူးပေါ့ဗျာ။ ဆိုလိုတာကတော့ ကိုယ့်အကြောင်း ကိုယ်ပဲသိတယ်။ တခြား ကိုယ်လုံးဝမသိတဲ့ လူတွေ အကြောင်းတော့ ဝေဖန်ရတာတော့ ခက်တယ်ပေါ့ဗျာ။ ကိုယ့်အကြောင်းကိုယ်ကတော့ ရှင်းတယ်လေ။ အစောကြီးကတည်းက ကိုယ်က ဒီလိုခံယူပြီးသားဆိုတော့ အဲဒီခေါင်းစဉ်နဲ့ လွှတ်ပေးတယ် ဆိုတဲ့အခါမှာ တော်တော်ကြီးကို သင့်တင့်လျှောက်ပတ်တဲ့ ခေါင်းစဉ်ပဲလို့ ကျနော်မြင်တယ်ဗျ။ သူတို့အနေနဲ့က တော်တော်ကြီးကို အပျော့ပြောင်းဆုံး ရွေးပြီး အမှန်တရားနဲ့အနီးစပ်ဆုံး ခေါင်းစဉ်ပေးလိုက်တာပဲလို့ ကျနော်တော့ ဒီလိုယူဆတယ်ဗျာ။ ဒီလောက်ပဲ ပြောနိုင်မယ်ဗျ။
ပြည်တွင်းပြည်ပမှာရှိတဲ့ အကဲခတ်တွေက ဒီအချိန်ကျမှ ဘာလို့အခုလို လွှတ်ပေးရတာလဲ ဆိုတာကို တွက်ဆကြတယ်။ သူတို့လည်း နဝေတိမ်တောင် ဖြစ်နေကြတယ်။ အာဆီယံ အစည်းအဝေးက မကြာခင်လာတော့မယ်။ အပြင်ကရော အထဲကရော ဖိအားတွေကလည်း ရှိတယ်။ အဲဒါကြောင့်များ လွှတ်ပေးတာလားဆိုပြီး တချို့က တွက်ကြတာတွေရှိတော့ ခင်ဗျားကိုယ်တိုင်က ဘာကြောင့် ဒီအချိန်ကျမှ လွှတ်တယ်လို့ ထင်လဲဗျ။
ခက်တာက ကိုယ်ကသူများလို အပြင်မှာဖြစ်နေတဲ့ အခြေအနေတွေကို ဘာမှ မသိဘူးကိုးဗျ။ အထဲမှာချည်းပဲ ငုတ်တုတ်ဆိုတော့။ တစ်ခုတော့ ရှိတာပေါ့ဗျာ။ တခုခုတော့ ခိုင်လုံတဲ့ အကြောင်းတော့ ရှိလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် အကြောင်းတွေဆုံမှ အကျိုးတစ်ခုဆိုတော့ ဖြစ်တာကိုးဗျ။ အခုလို လွှတ်ပေးလိုက်ရပြီ ဆိုတဲ့ဟာလည်း အကျိုးတရား တစ်ခုပေါ့ဗျာ။ လွှတ်ပေးဖို့ လုံလောက်တဲ့ အကြောင်းတရားတော့ ပြည့်စုံပြီ။ ဒီလောက်ပဲ ယူဆလို့ရတယ်ဗျ။ ဒီ ပြင်ပဖိအား ဘာညာတွေ ဆိုတာကလည်း အစကတည်းကလည်း ပေးလာခဲ့တာပဲလေဗျာ။ ဒါပေမယ့် ပြင်ပ ဖိအားတွေပဲ ကပါ့မလား။ ဒီကိစ္စဟာ ကာယကံရှင်ဘက်မှာ ဘယ်လို အခြေအနေရှိလဲ။ သဘောထားက အမှန်တကယ်ပဲ ပျော့ပျော့ပြောင်းပြောင်း ဖြစ်သွားလား။ ပြုပြုပြင်ပြင်နဲ့ အားလုံး သင့်မြတ်မယ့်လမ်းကိုပဲ တကယ်ပဲရွေးပြီလား။ ဒါလေးတွေတော့ ကျနော် စဉ်းစားမိတယ်ဗျ။ အတိအကျလည်း ကျနော်လည်း မပြောတတ်သေးဘူး။
ဒီလိုဆို မျှော်လင့်ချက်တွေရှိတယ် ဆိုပါတော့။
မျှော်လင့်ချက်ဆိုတဲ့ နေရာမှာတော့ဗျာ မျှော်လင့်ချက်ဆိုတာထက် ယုံကြည်ချက်က ပိုကောင်းတယ်ဗျ။ ကျနော် တခါတုန်းကလည်း ကဗျာတစ်ပုဒ် ရေးဖူးပါတယ်။ ကဗျာ အသေးစိတ်တော့ ထားပါဗျာ။ ဆိုလိုတာက ယုံကြည်ချက်ကတော့ ပိုပြီးကောင်းတယ်ဗျ။ သို့သော်လည်းပဲ ကိုယ်တိုင် မတတ်နိုင်တဲ့ ကိစ္စတွေ ရှိတယ်လေဗျာ။ ကိုယ့်တစ်ဖက်တည်းနဲ့ လုပ်ယူလို့ မရတဲ့ ကိစ္စတွေမှာ တစ်ဖက်ကို ပြန်ပြီးတော့ မျှော်လင့်ကြည့်ရတာ မှန်းဆကြည့်ရတာတော့ ရှိတာပေါ့ဗျာ။ အဲဒီတော့ မျှော်လင့်ချက်လို့ ဆိုတဲ့ စကားလုံးကို မသုံးရင်တောင်မှ မှန်းဆချက် ဆိုတာလောက်တော့ သုံးလို့ရမယ် ထင်တယ်ဗျ။ မှန်းဆချက်လေး တစ်ခုတော့ ရှိတယ်၊ ဒီလိုပဲ ပြောပါရစေ။
မှန်းဆချက်ဆိုတာကလည်း အကောင်းဘက်ကို ဦးတည်တဲ့ မှန်းဆချက်တစ်ခုပေါ့၊ ဟုတ်တယ်မို့လား။
အေးပေါ့ဗျာ၊ ဒီလိုပေါ့။ ကျနော့်တစ်ယောက်တည်း အတွက်လည်း မဟုတ်ဘူးပေါ့။ အားလုံးအတွက်၊ အားလုံး မျှော်လင့်နေတဲ့ အရာတစ်ခု၊ ခါတိုင်းနဲ့ စာရင်တော့ နီးလာပလားဟဲ့ပေါ့ဗျာ။ အဲလောက်ပါပဲ။ ဒီထက်ပိုပြီးတော့လည်း ကျနော်တို့ ပြောဖို့လည်း မသင့်သေးပါဘူး။
ကိုမင်းကိုနိုင် ရန်ကုန်အင်းစိန်ထောင်မှာ နေခဲ့စဉ် ကာလတုန်းကရော တခြားသူတွေနဲ့ အတူနေရသလား။
သြော် - အများစုကတော့ဗျာ လူကြီးတွေနဲ့ချည်းပါပဲ။ အခုဆိုရင် ကျန်နေသေးတဲ့ လူတွေ ဆိုရင်ဗျာ - အင်န်အယ်လ်ဒီက ဦးဝင်းထိန်တို့၊ ဦးဝင်းတင်တို့တော့ ကျန်နေသေးတယ်ဗျ။ နောက် - ဦးတင်အောင်တို့ ကေအင်န်ယူက ကိုကိုနိုင်တို့၊ နောက် အင်န်အယ်ဒီကပဲလေဗျာ၊ အမတ် ဦးခင်မောင်ဆွေတို့ သူတို့တွေဗျ။ သူတို့တွေတော့ အခုလွှတ်တယ်တော့ မကြားသေးဘူးဗျ။
အဲဒါဆို ရန်ကုန်မှာ အကျဉ်းကျစဉ်တုန်းက ထောင်ထဲမှာ နေရစဉ်တုန်းက ကိုမင်းကိုနိုင်ကို တစ်ယောက်တည်းတော့ မထားဘူး ဆိုပါတော့။
ဘယ်ဟုတ်မလဲ၊ ကျနော်တို့ကို တစ်ယောက်ချင်း ထားတာပေါ့။ ဒါပေမယ့် တိုက်ကြီးတစ်ခုလုံးက အတူရှိတဲ့ လူတွေပေါ့ဗျာ။ တစ်ယောက်နဲ့ တစ်ယောက် မမြင်ရဘူးပေါ့ဗျာ။
တိုက်ထဲမှာ အတူနေရတဲ့ လူတွေပေါ့။
ဟုတ်ကဲ့ - တိုက်ဆိုတာက တိုက်တန်းလျားကြီးပေါ့ဗျာ၊ တိုက်အတွဲကြီးပေါ့။ အဲဒီမှာ ကျနော်တို့ တစ်ယောက်တစ်လုံးစီ နေရတာဗျာ။ တစ်ယောက်တစ်လုံးစီ ဆိုတော့ အဲဒီတိုက်ခန်းထဲကကို မထွက်ရဘူးဗျ။ တိုက်ခန်းတစ်ခန်းစီပေါ့။ အရှေ့မှာ အခန်းလွတ်တစ်ခု ရှိသေးတယ်ဗျ။ အဲဒီအခန်းက လူနေတာမဟုတ်ဘူး။ ကျနော်တို့က ပတ်ဝန်းကျင်နဲ့ ပိုပြီးတော့ လုံခြုံအောင်လို့ ကာရံထားတဲ့ သဘောပဲဗျ။ အဲဒီတော့ ကိုယ်က အတွင်းခန်းမှာ နေရတယ်။ ရှေ့ကအခန်းမှာက ဘာမှမရှိဘူး။ အဲဒါကို ထပ်ပြီးတော့ ကာထားတယ်။ ရံဖန်ရံခါဆို ဘေးအခန်းတွေက ထပ်ပြီးတော့ လွတ်နေတယ်ဗျ။ ဒါပေမယ့် တစ်ခန်းကျော်လောက်မှာ ဘယ်သူရှိလဲ ဘာလဲဆိုတော့ သိရပါတယ်။ တစ်ယောက်မျက်နှာတော့ တစ်ယောက် မမြင်ရဘူးပေါ့ဗျာ။ စကားပြောချင်ရင်တော့ဗျာ နည်းနည်း ခက်ခက်ခဲခဲ တက်ပြီး အော်ပြောရတာတို့ ဘာတို့တော့ ရှိတာပေါ့။
နာမည်ကြီး စစ်ကြောရေးဝင်တဲ့ ကာလတွေတုန်းကရော ကိုမင်းကိုနိုင်ကို သူတို့ဆက်ဆံတာတွေ ဘယ်လိုရှိခဲ့သလဲ။
မှန်တာပြောရရင် ကျနော့်အပေါ်မှာတော့ ကိုယ်ထိလက်ရောက် လုပ်တာတွေ ဘာတွေတော့ မရှိပါဘူးဗျာ။ ဒါပေမယ့် ပြောကြဆိုကြတဲ့ နေရာမှာတော့ နည်းနည်းလေးကွာတယ်။ လူဆိုတာကတော့ တစ်ယောက်နဲ့ တစ်ယောက် မတူကြဘူးလေဗျာ။ ဒါကတော့ စိတ်ထား စရိုက်ချင်း မတူကြတာကတော့ အဓိကပါပဲ။ အဲဒီတော့ ပျော့ပျော့ပျောင်းပျောင်းနဲ့ ရည်ရည်မွန်မွန် ပြောတဲ့လူတွေလည်း ရှိပါတယ်။ နည်းနည်းလေး မောက်မာတဲ့လူတွေလည်း တွေ့ဖူးပါတယ်။ ဒါကတော့ဗျာ ဘယ်နေရာမှာမဆို တွေ့ရတဲ့အတိုင်းပါပဲ။ အဲဒီတော့ ကျနော်လည်း သင့်တင့်လျောက်ပတ်တဲ့ ပုံစံနဲ့ပဲ တုံ့ပြန်ခဲ့ပါတယ်ဗျာ။ ဘာပဲဖြစ်ဖြစ် တန်ရာတန်ရာပေါ့ဗျာ။ သင့်တော်သလိုပဲ တုံ့ပြန်ခဲ့ပါတယ်။
စစ်ကြောရေးက စ ဖမ်းသွားတဲ့ အချိန်ကတည်းက သူတို့ဘာကြောင့် ခင်ဗျားကို ဖမ်းရတယ် ဆိုတာကို အဲဒီကာလတွေတုန်းက သူတို့နှုတ်က ထွက်သွားတာမျိုးတွေ လှစ်ခနဲ ထုတ်ပြတာမျိုးတွေရှိလား။
သူတို့က အဲလောက်ကြီးတော့ စကားလုံးအတိအကျနဲ့ ညွှန်းပြီး ပြောတာမျိုးတော့ မရှိပါဘူး။ ဒါပေမယ့် ဘယ်ဟာကဖြင့် ဒါကတော့ လွန်တယ်။ ဘယ်ဟာကတော့ ဒီလောက်တော့ မရဘူးလေ။ ဒါမျိုး ပြောတာလောက်ပဲ ရှိပါတယ်။ သိပ်ပြီးတော့ အတိအကျလည်း မရှိဘူးဗျ။ ဒါမျိုးကတော့ဗျာ၊ မျက်နှာချင်းဆိုင် ထိုင်ပြီးတော့ တစိမ့်စိမ့် အေးအေးဆေးဆေးပြောနေမှလည်း ကောင်းတယ်လေ။ ကျနော့်အနေနဲ့ ရုတ်တရက်ကျတော့ဗျာ - ဒီလိုချည်းပြောတော့ သိပ်မတိကျရင်လည်း မကောင်းဘူးမဟုတ်လား။
ကိုမင်းကိုနိုင် - ခင်ဗျား အထဲမှာ အာဏာပိုင်တွေက မင်းကိုနိုင်ဆိုတဲ့ နာမည်နဲ့အရှိန်အဝါကို သူတို့ တော်တော်ကို ကြောက်တယ်၊ လေးစားတယ်လို့ ခံစားရလား။
အဲလိုတော့လည်း မဟုတ်ပါဘူးဗျာ၊ ကျနော်လည်း လူထဲက လူပါပဲ။ အမတ်ကြီး ဦးပေါ်ဦး ပြောသလိုပါဗျာ။ ဟိုဘက်ကမ်းကို တခြားလူတွေ မကူးနိုင်ဘူးဆိုရင် ကျနော်လည်းမကူးနိုင်ပါဘူး။ လှေနဲ့ကူးနိုင်တယ်ဆိုရင် ကျနော်လည်း လှေနဲ့ပဲကူးနိုင်တဲ့လူပါဗျ၊ အဲလောက်ပါပဲဗျ။
အထဲမှာနေတုန်းက စာအုပ်ဖတ်လို့ရလား။
အထဲမှာတုန်းက ပထမ ၁ဝ နှစ်ကတော့ ဘာမှမရဘူးပေါ့ဗျာ။ ၁၁ နှစ်လောက်ကြာတော့လည်း ဘာမှမရဘူးပေါ့ဗျာ။ ၁၂ နှစ်လောက်မှာ ICRC စဝင်တာပေါ့ဗျာ။ ICRC စဝင်တဲ့အခါမှာတော့ နည်းနည်းလေး ရလာတာပေါ့။ ဒါလည်းဗျာ စိစစ်ရေးကတော့ ကြာတယ်။ ICRC ပေးတဲ့ဟာလေး ဘာလေးတော့ရတယ်၊။ အင်္ဂလိပ်စာလေးဘာလေးပေါ့၊ အဲလောက်တော့ရတယ်။ နောက်ပိုင်းကျတော့ နည်းနည်းကောင်းသွားပြီဗျ။ ICRC ကျကျနန ဝင်ပြီးသွားပြီဆိုတဲ့အခါကျတော့ အိမ်ကနေပြီး ပို့လို့ရပြီပေါ့ဗျာ။ အိမ်ကပို့တဲ့စာအုပ်ကို သူတို့စစ်ဆေးတယ်ပေါ့။ ပြီးလို့ရှိရင် သူတို့က ပေးသင့်ရင်ပေးတယ်ပေါ့။ ဒါမျိုးကျတော့ ဖတ်လို့ရသွားပြီ။ အိမ်က ပို့တာလည်းဗျာ လွတ်လွတ်ကင်းကင်း အကြောင်းအရာပေါ့ဗျာ။ ဘာသာရပ်ဆိုင်ရာတွေပေါ့ဗျာ။ ပြီးတော့ ဘာသာရေးစာအုပ်တွေ၊ အဲလောက်ပဲရှိပါတယ်။ သူတို့ စစ်ဆေးတဲ့လူတွေအနေနဲ့လည်း ပေးလို့ရနိုင်တဲ့ဟာမျိုးပဲ ပေးတာပေါ့ဗျ။ အဲဒီမှာ ကျနော် စာစဖတ်ရပါတယ်။
၁၂ နှစ် ကျော်သွားပြီဆိုတဲ့အခါကျတော့ အဲဒီအချိန်မှာ စစ်တွေရောက်သွားပြီဆိုပါတော့။
အင်းပေါ့ - စစ်တွေရောက်ပြီး တော်တော်ကြီးကြာမှပါ၊ အဲဒီကျမှ ဖတ်ရတာပါ။
ICRC ကရော တော်တော်ကောင်းတယ် ဆိုပါတော့၊ သူတို့ဝင်လာတဲ့အခါကျတော့ အခွင့်အရေးပိုရတာပေါ့။
အင်းပေါ့ - ဒါပေါ့၊ သူတို့ကျေးဇူးလို့ ပြောရင်လည်း ရနိုင်မလားပဲဗျာ။ အတိအကျတော့လည်း မသိပါဘူး။
မှတ်မိလား၊ ၁၉၉၃ တုန်းကလား ၁၉၉၂ တုန်းကလားတော့ မသိဘူး။ အမေရိကန်လွှတ်တော်အမတ်တွေ ခင်ဗျားကို လာတွေ့သေးတယ် မဟုတ်လား အင်းစိန်မှာလေ။
မှတ်မိတယ်။
အဲဒီတုန်းက Don's give up! ဆိုပြီး ခင်ဗျား message ပို့လိုက်တယ်လို့ အပြင်မှာ ရေးကြသားကြတယ်ဗျ။ အဲဒါရော ပြောလိုက်မိလား၊ ဟုတ်လား။
အဲဒါတော့ ဗြောင်ပြောတာပဲဗျ။ ဘေးမှာကတော့ ထောက်လှမ်းရေးတွေရော ရံပြီးတော့ အကုန်လုံး နားထောင်နေကြတာပဲ။ သူတို့ရှေ့မှာတင် ဗြောင်ကိုပြောတာ။ သူတို့ကလည်း ဒီစကားဝိုင်းကို အနောက်က ရပ်ပြီးတော့ ဗြောင်နားထောင်တယ်။ ကျနော်တို့က ထိုင်ပြီးတော့ အဲဒီ Congressman တွေနဲ့ ဝိုင်းဖွဲ့ပြီးတော့ ပြောနေကြတာ။ ဗြောင်ကြီးကို ကျနော်ပြောလိုက်တာပဲဗျ။ အဲဒါတော့ အတိအကျပဲ၊ ခင်ဗျားကြားတဲ့ အတိုင်းပဲပေါ့ဗျာ။
အခု ဘာတွေရောလုပ်မယ် စိတ်ကူးလဲဗျ။
ဘာတွေဆက်လုပ်ရမယ် ဆိုတော့ ခင်ဗျားနဲ့ပြောပြီးလို့ရှိရင် ကျနော် ထမင်းစားမယ်ဗျာ။ (ရယ်သံများ)။ ခင်ဗျားမေးသလို ကျနော့်ကို စစ်ကြောရေးက မေးဖူးတယ်ဗျ။ (ရယ်သံများ) ခင်ဗျားကလည်းဗျာ - ဟေ့လူ - ဒါ နောက်နေတာ မဟုတ်ဘူးဗျ။ အမှန်ဆုံးစကားကို ပြောနေတာဗျ။
ခင်ဗျားထောင်ထဲမှာနေတုန်းက အပြင်မှာရှိတဲ့ သတင်းတွေ ဘယ်လောက် သိရသလဲဗျ။
ဘယ်လိုလုပ်သိပါ့မလဲ။ ခင်ဗျား စဉ်းစားကြည့်ပါဦးဗျာ၊ ကျနော်တို့ အထူးဆောင် ဆိုတဲ့ဝင်းက လူမပြောနဲ့ ကြောင်တောင်မှ ခွင့်မပြုရင် ဝင်လို့မရဘူး။ ငှက်တောင် ပစ်ချခံရမယ့် အနေအထားမျိုး ရှိတယ်။ အဲဒီတုန်းက ဘယ်လိုလုပ်ပြီး သတင်းရမလဲဗျ။
ဒေါ်အောင်ဆန်းစုကြည် လွတ်ပြီး ပြန်အဖမ်းခံရပြီတို့ဆိုတဲ့ သတင်းတွေ၊ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးခင်ညွန့်ကို ဖယ်ရှားလိုက်ပြီဆိုတဲ့သတင်းတွေကို ခင်ဗျား ကြားရလား။
၅/ညတွေထဲမှာရှိတဲ့ ဟာသတစ်ခုလေဗျာ။ ဘာကြားရလဲဆိုလို့ရှိရင် ရာဇာလီလာမယ်။ အဲ - အကြာကြီးစောင့်နေတုန်း နောက်တစ်ခါကျတော့ ရာဇာလီလာပြီ။ နောက်တစ်ခါ အကြာကြီးထပ်စောင့်။ နောက် ရာဇာလီပြန်သွားပြီ။ ရာဇာလီပြန်ရင် ထူးမယ်။ ဟုတ်တယ် မဟုတ်လား- အဲဒီသံသရာကြီး လည်ခဲ့တာပဲဗျ။ အဲဒီလိုမျိုးထဲက ကျနော်လည်းတစ်ယောက်ပါပဲဗျာ။ ကျနော်က အများထက်ကို အများကြီး ဆိုးပါတယ်ဗျ။ အလုံပိတ်ထားတာကိုးဗျ၊ ကျနော့်ကို ဘက်ပေါင်းစုံက ပိတ်ထားတာ။
ပီညဲရိုး (ကုလသမဂ္ဂလူ့အခွင့်အရေးအရာရှိ) လာတုန်းက ခင်ဗျား တွေ့လိုက်သေးလား။
ပီညဲရိုး ကြားဖူးသလိုလိုတော့ရှိတယ်။ ကျနော် ဘာမှ သိပ်မသိရဘူး။
ခင်ဗျားသိလိုက်တာ မီလိုက်တာ ယိုဇိုယိုကိုတာ ဖြစ်လိမ့်မယ်ထင်တယ်။
အင်း ဟုတ်တယ်။ ကျနော့်နဲ့ သူနဲ့ တွေ့ခဲ့တယ်လေ။ သူက အဲဒီတုန်းက ပြောတယ်လေ။ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ လာခဲ့ပါတယ်ပေါ့။ လူ့အခွင့်အရေး ရှိလား မရှိလား သိချင်ပါတယ်ပေါ့ဗျာ။ အဲဒီတော့ ကျနော်ကပြောတယ်။ လူ့အခွင့်အရေး ရှိလား မရှိလား သိချင်ရင် ကျနော့်ကို လူလူချင်းဆက်သွယ်ရေးမှာ အဆက်ဖြတ်ထားရုံနဲ့ကို အားမရဘူး၊ ဘုရားနဲ့ပါ အဆက်ဖြတ်ထားတယ်။ ကျနော် ဘာသာရေးစာအုပ်တောင် ဖတ်ခွင့်မရှိပါဘူး။ အဲဒါကို ကျနော် အဓိကပြောလိုက်တယ်ဗျ။ ဒါတော့ မှတ်မိတယ်။
ထောင်ထဲမှာနေတုန်းက ဘာသာရေးရော လုပ်ဖြစ်လား။
ဘာသာရေးတော့ လုပ်ဖြစ်ရတာပေါ့ဗျ။ နောက်ဆုံးက ဒါပဲရှိတော့တာပေါ့ဗျ၊ အဲဒါချည်းပဲ ထိုင်ရတာပေါ့။ အဲဒါကြောင့်လည်း ကျနော် နည်းနည်းနေနိုင်တာပေါ့။
စစ်တွေကို ဗြုန်းဒိုင်းကြီး ဘာကြောင့်ပို့လဲ၊ ခင်ဗျား သိလား။
အေးဗျ၊ ဒီဥစ္စာ ကျနော်လည်း စဉ်းစားနေတာပဲ။ ကျနော် ညွှန်မှူးကို မေးတယ်ဗျ၊ အဲဒီတုန်းက အုပ်စုညွှန်မှူး ပေါ့ဗျာ။ သူက စစ်တွေကိုရောက်လာရော။ ကျနော်ရောက်ပြီး မရှေးမနှောင်း ရောက်လာတာပေါ့ဗျာ။ ရောက်လာတော့ သူက ဘယ်လိုလဲ - နေရထိုင်ရတာ ဒီမှာတော့ အဆင်ပြေတယ်မဟုတ်လား - နည်းနည်းတော့ ပိုပြီးတော့ ကျယ်ကျယ်ဝန်းဝန်းရှိမှာပေါ့ - ပြောတော့ ကျနော်က အန်ကယ်ကြီး ဘာဖြစ်လို့ ကျနော့်ကို ဒီကိုပြောင်းလိုက်ရတာလဲဆိုလိုက်တော့ ဟား - ဘယ်သိပါ့မလဲ၊ ခွကျတာပဲဆိုပြီး ခေါင်းကုတ် ပြေးတော့တာပဲဗျ။ အဲလိုဗျ။
ခင်ဗျား တစ်ယောက်တည်း ကွက်ပြီးပို့တာကို ဘယ်လိုတွက်မိလဲ။
စစ်တွေကိုလား။ တစ်ခုတော့ရှိတယ်ဗျ၊ စစ်တွေဆိုတာက အင်္ဂါနံဗျ၊ အင်္ဂါပေါ့ဗျာနော်။ ကျနော်က ကြာသပတေးသားဗျ၊ ကြာသပတေးသားဆိုတော့ သူက ဗေဒင်သဘောနဲ့ ပြောမယ် ဆိုလို့ရှိရင် - ကြာသပတေးနံကို နိုင်တာက အင်္ဂါပေါ့ဗျာ။ ခင်ဗျား ကြာသပတေးနံ အင်္ဂါနံတွေတော့ သိတယ်မဟုတ်လား။ အဲဒီတော့ ကျနော်က ကြာသပတေးသားဆိုတော့ အင်္ဂါနံနဲ့စတဲ့ စစ်တွေကိုပို့သလား၊ ကျနော်က အဲဒါမျိုး စဉ်းစားမိတာပဲဗျာ။ ဘာဖြစ်လို့လဲဆိုတော့ တချို့ဆိုရင် ဗေဒင်နဲ့လုပ်တဲ့လူတွေဘာတွေ ရှိတာကိုးဗျ။ ယတြာသဘောနဲ့ဘာနဲ့ မပြောတတ်ပါဘူးဗျာ၊ ထင်တာပါ။ တယ်လီဖုန်း နောက်တစ်ခုလာနေပြီဗျို့။ ဖြတ်လိုက်ရင် ကောင်းမယ် ထင်တယ်ဗျ။ ပိတ်လည်း အားနာတယ်လေ။
ဖုန်းတစ်ခု ထပ်လာနေပြီလား။
ဟုတ်တယ်။ နောက်တစ်ခု ထပ်လာနေလို့၊ ချိန်းလည်း ချိန်းထားတာပါ။
ခင်ဗျား ပညာရေးကိစ္စတွေရော နိုင်ငံတကာ သွားမယ့်ကိစ္စတွေဘာတွေ အစီအစဉ်ရှိလား။
ဒါတွေတော့ဗျာ - မစဉ်းစားရသေးပါဘူး။ နောက်မှ အေးဆေးထပ်ပြောရင်လည်း ပြောဦးလေဗျာ - နော။
No comments:
Post a Comment