Thursday, May 24, 2007
irrawaddy interviews Min Ko Naing
ဧရာဝတီ | မေ ၂၄၊ ၂၀၀၇
မေး။ ။ အိုးပင်းဟတ် ကန်ပိန်းကြောင့် ရန်ကုန်မှာ လူတွေ မကျေနပ် တာတွေကို ဖော်ထုတ်တင်ပြရဲလာကြတယ်လို့ သုံးသပ်နေကြတယ်။ အိုးပင်းဟတ်ကန်ပိန်းရဲ့ နောက်ဆုံးအနေအထားက ဘယ်လိုရှိသလဲဗျ။
ဖြေ။ ။ ကျနော်တို့ ရည်ရွယ်ကတည်းကိုက ပြည်သူတွေမှာရှိတဲ့ နဂိုမူလအခွင့်အရေးဖြစ်တဲ့ လွပ်လပ်စွာ ဖော်ထုတ်ရေးသားခွင့် ကိုယ့်ရဲ့ သဘောထားတွေကို တင်ပြခွင့်ဆိုတဲ့အတိုင်းကို ကျနော်တို့ကပြောတာ၊ အဲဒီဥစ္စာတွေကို သုံးကြပါဆိုပြီးတော့ ကျနော်တို့က နှိုးဆော်တာ၊ အဲဒီတော့ ရင်ဖွင့်လွှာတွေလုပ်လာတဲ့ နောက်ပိုင်းမှာတော့ ဟုတ်ပါတယ်၊ ပြန်လည်ပြီးတော့ နိုးကြားမှုတွေဖြစ်လာတယ်။
အဲဒီကနေ တဆင့်ပြီးတော့ သဘောထားဆန္ဒတွေ စာရေးပြီးတော့ တင်ပြတာမဟုတ်ဘဲနဲ့ ပုံစံမျိုးစုံနဲ့ ငြိမ်းချမ်းစွာ ဖော်ထုတ်တာတွေ ရှိလာတယ်။ ဒီလိုပဲ တချို့ဆိုလို့ရှိရင် မိမိအိမ်မှာ မိမိ ခြံတံခါးမှာ ကပ်ထားတာမျိုးတွေလည်း ရှိတယ်။ ဒါကတော့ ကျနော်တို့မျိုးစုံ တွေ့နေရတယ်။ နောက်ဆုံးအနေအထားကို ပြောရမယ်ဆိုလို့ရှိရင် တပြည် လုံးက နယ်အနှံ့ တောအနှံ့ တောင်အနှံ့ကရလာတဲ့ စာတွေအပေါ်မှာ မူတည်ပြီးတော့ ပြည်သူလူထုရဲ့ သဘောထားဆန္ဒ အစစ်အမှန်ဟာ ဘာလဲဆိုတာကို ကျနော်တို့ ပုံဖော်လို့ရနေပြီဖြစ်တယ်။
ကျနော်တို့က စနစ်တကျ အမျိုးအစားတွေ ခွဲထုတ်တယ်။ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေး … သူ့ကဏ္ဍ အလိုက်နဲ့သူ ကျနော်တို့ခွဲကြည့်လိုက်တဲ့အခါမှာ သုတေသနစာတမ်းတစောင်ကို ကျနော်တို့ ပြုစုနိုင်နေပြီ ဖြစ်တယ်။ အဲဒီအပေါ်မှာ ရလာတဲ့အခြေခံကို ကျနော်တို့ တကမ္ဘာလုံးသိအောင် တင်ပြမယ်။ ကျနော်တို့ တိုင်းပြည်ရဲ့အခြေအနေ၊ ကျနော်တို့ တိုင်းပြည်မှာရှိတဲ့ ပြည်သူပြည်သားတွေရဲ့ သဘောထားဆန္ဒ အစစ်အမှန် ဘာဖြစ်တယ်ဆိုတာကို ကျနော်တို့ တင်ပြဖို့ အတွက် အခြေခံကောင်းတခု ရသွားပြီဖြစ်ပါတယ်။
မေး။ ။ ဆိုတော့ အဲလိုမျိုး လူတွေဖွင့်ဟဖော်ထုတ်လာတဲ့အခါကျတော့ စစ်အစိုးရက ဆူပူအုံကြွမယ် စိုးရိမ်ပြီး ခင်ဗျား တို့ကို ဖမ်းခဲ့တယ်၊ နောက်ပြီး ပြန်လွှတ်တယ်။ ဒီလိုမျိုးပဲ ကျန်တဲ့ ဆန္ဒပြတဲ့လူတွေကိုလည်း ဖမ်းလိုက် လွှတ်လိုက်ဆိုတဲ့ ပုံစံမျိုးတွေ ရှိနေတယ်လေ။ ဒါ့အပြင်ကို ဥပဒေမဲ့ လွန်လွန်ကျူးကျူး ကိုင်တွယ်ပြုမူတာတွေ လည်းကြားရတယ်။ နောက်ပြီးတော့ လုံထိန်းတပ်တွေကို ပြင်ဆင်တာတွေလည်း ကြားရတယ်။ ဆိုတော့ကာ နိုင်ငံရေးအငွေ့အသက်က သွေးထွက်သံယိုမှုကို ဦးတည်နေတယ်လို့ ခင်ဗျားတို့အနေနဲ့ ခံစားရလားဗျ။
ဖြေ။ ။ အခြေအနေက ဒီကနေ့ စစ်အစိုးရရော ကျနော်တို့ ဒီမိုကရေစီသမားတွေရော နှစ်ဦးနှစ်ဘက်လုံး အပေါ်မှာ မူတည်နေပါတယ်။ ကျနော်တို့တတွေဟာ ခံစားချက်ကို ဦးစားပေးပြီးတော့ လက်လွတ်စပယ် လုပ်မိ တာမျိုးမဖြစ်ဖို့ကတော့ ပထမပါ။ ကျနော်ဆိုလိုတာက ကျနော်တို့သဘောထားတွေ ဖော်ထုတ်တဲ့နေရာမှာ ရုန်းရင်းဆန်ခတ်ဖြစ်တာမျိုး၊ အကြမ်းဖက် ဆန်တဲ့ ပုံစံမျိုးမဖြစ်အောင် ကျနော်တို့ဘက်က ထိန်းတယ်။ ကျနော်တို့ဘက်က တင်ပြတဲ့ ရိုးရိုးသားသား သဘောထားဆန္ဒ အစစ်အမှန်တွေကို နားထောင်နိုင်တဲ့ နားတွေ လည်း လိုတယ်။
ကျနော်တို့ တင်ပြသမျှ ပြည်သူတွေ ပြောဆိုသမျှအပေါ်မှာ သံသယအမြင်နဲ့ မချဉ်းကပ်ဖို့ အရေးကြီးတယ်။ သဘောကတော့ အာဏာကိုလာပြီးတော့ ထိပါးတော့မလားဟဲ့ဆိုတဲ့ စိုးရိမ်ကြောင့်ကျမှု အခြေခံနဲ့ တုန့်ပြန် မယ်ဆိုရင်တော့ သွေးထွက်သံယို တင်မကဘူး၊ တော်တော်ကို ကြေကွဲစရာတွေ ဖြစ်လာမယ့်အခြေအနေမျိုးတွေ ရောက်သွားမှာပေါ့။ အဲဒီတော့ အဓိက အချက်ဟာ ကျနော်တို့ပြည်သူတွေအနေနဲ့ တကယ်တမ်း ကိုယ့်ဆန္ဒကို ငြိမ်းချမ်းစွာ ဖော်ထုတ်ပါ။ အဲဒီဖော်ထုတ်မှုဟာ အကြမ်းမဖက်ဘဲ ဖြစ်ရပါမယ်။ စည်းကမ်းသေ၀ပ်စွာနဲ့ ဖော်ထုတ် ကြရမယ်။ ရဲရဲရင့်ရင့် ဖော်ထုတ်ရမယ်။ တဘက်က အာဏာပိုင်တွေကလည်း ဒါတွေကို အပြုသဘောနဲ့ နားလည် နိုင်ရမယ်။ ပြီးတော့မှ ဘယ်လိုတွေပြုပြင်နိုင်သလဲဆိုတဲ့ နည်းလမ်းကို ရွေးချယ်ရမှာဖြစ်တယ်။
အဲဒီလိုမဟုတ်ဘဲ လူတွေက သဘောထားတွေဖော်ပြီး ဆန္ဒတွေထုတ်ကြပြီ ဆိုတာနဲ့ကိုတင် အာဏာဆိုတဲ့ အချက် တခုတည်း ကြည့်ပြီးတော့ ဒီကုလားထိုင်ကို လှုပ်မလား၊ ဒီပုလ္လင်ကိုထိပါးလေမလားဆိုတဲ့ အတွေးမျိုးနဲ့ တုန့်ပြန်မယ်ဆိုရင် တော့ အနာဂတ်လည်း မကောင်းဘူး၊ သမိုင်းကြောင်းလည်း မလှဘူးဖြစ်သွားတော့မယ်။ ကျနော်တို့ ဒါကို စိုးရိမ်တယ်။ ဒါကြောင့်မို့ ထပ်ခါတလဲလဲ သတိပေးနေရခြင်းဖြစ်တယ်။
မေး။ ။ ဆိုတော့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးလမ်းက အခုထက်ထိ တံခါးပွင့်နေတုန်းပဲလို့ ခင်ဗျားတို့အနေနဲ့ မြင်လား။
ဖြေ။ ။ ဒီလိုဗျ … သူက တံခါးတချပ်တည်းတော့ မဟုတ်ဘူး။ ကျနော်တို့ဘက်က တချပ်ဖြစ်မယ်၊ လက်ရှိအစိုးရဘက်က တချပ်ရှိမယ်။ ကျနော်တို့ဘက်က တံခါးကိုတော့ ကျနော်တို့က ဖွင့်ထားဆဲပဲ။ ကျနော်တို့က ရှိနေတဲ့ ဖိနှိပ်ခံရမှု၊ မတရားမှု တွေကို တွန်းလှန်ရင်း တဘက်ကလည်း ပြဿနာတိုင်းကို ဖြေရှင်းတဲ့အခါမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတဲ့ စိတ်နှလုံးအခံနဲ့ပဲ ဖြေရှင်းဆဲပဲ ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ဘက်ကတံခါးကို ဖွင့်ထားတာ။ တဘက်ကတံခါးပဲ ကျန်နေတာပါ။
အဲဒါကိုလည်း ကျနော်တို့က မှန်ကန်တဲ့ ဖြေရှင်းမှုပုံစံဖြစ်တဲ့ ကိုယ့်အမျိုးသားချင်းပဲဆိုတဲ့ အတွေးနဲ့ပေါ့၊ ဒီဟာတွေကို ချေမှုန်းပစ်မယ်ဆိုတဲ့အစား ဒါ ကိုယ့်ရဲ့အင်အားတွေပဲ၊ ကိုယ့်တိုင်းပြည်တည်ဆောက်ရေးမှာ ပေါင်းရမယ်၊ လက်တွဲရမယ့် အင်အားတွေပါဆိုတဲ့ အသိမျိုးကို ပေးနိုင်ဖို့အတွက် အဲဒီတံခါးကို ဆက်ပြီးတော့ ကျနော်တို့ ခေါက်နေရမှာ ဖြစ်တယ်။
မေး။ ။ လက်ရှိ အနေအထားအရဆိုရင် စစ်အစိုးရအနေနဲ့ သူ့ဟာသူ အမျိုးသားညီလာခံလုပ်ပြီးတော့ လမ်းပြမြေပုံ အဆင့်ဆင့်နဲ့ ဇွတ်သွားမယ်ဆိုတဲ့ အနေအထားဗျာ။ နောက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ မပါဘဲနဲ့ ဆက်သွားမယ်ဆိုလည်း တချို့တွေက လိုက်သွားမယ့်အနေအထားမျိုးတွေ တွေ့နေရတယ်ဆိုတော့ ခင်ဗျားတို့အနေနဲ့ရော ဘယ်လိုမျိုး ရင်ဆိုင်ဖြတ်သန်းဖို့ပြင်ဆင်ထားသလဲခင်ဗျ။
ဖြေ။ ။ ကျနော်တို့က နိုင်ငံရေးပြဿနာကို ဖြေရှင်းတဲ့နေရာမှာ ဒီလိုပုဂ္ဂိုလ်အစွဲ၊ အဖွဲ့အစည်းအစွဲ ဆိုပြီးတော့ စဉ်းစားတဲ့ ပုံစံမျိုး ကျနော်တို့ မချဉ်းကပ်ဘူးခင်ဗျ။ တခုတော့ရှိတာပေါ့၊ ရွေးကောက်ပွဲတခုရဲ့ ဂုဏ်သိက္ခာကို သေးသိမ်အောင် အင်အား သုံးပြီးတော့ ဖန်တီးပြီးတော့မှ အင်အားရှိတဲ့လူက တဖက်သတ် ဖြေရှင်းတာမျိုးကို တော့ ကျနော်တို့လက်ခံလို့မရဘူး။ ဒီမိုကရေစီစနစ်ကို သွားမယ်လို့ပြောထားတယ်။
အဲဒီတော့ ရွေးကောက်ပွဲတခုကို အသိအမှတ်ပြုပြီးတော့ ဖြေရှင်းတဲ့ပုံစံကိုတော့ ကျနော်တို့က တောင်းဆိုရလိမ့်မယ်။ အဲဒီဲလိုမှ မလုပ်ဘူးဆိုရင် နောက်ထပ် ရွေးကောက်ပွဲဆိုတာတွေကို ပြည်သူတွေက ဘယ်လိုယုံကြည်ကြမလဲ။ ဘယ်လိုမှ အာမခံချက်မရှိဘူးဆိုတာကို ဖော်ပြနေတယ်။ ဒါ အရေးကြီးတဲ့ အချက်ပါ။
ကျနော်တို့ဘက်ကတော့ အကြမ်းမဖက် ငြိမ်းချမ်းတဲ့နည်းနဲ့ လူထုတရပ်လုံး ပါဝင်တဲ့နည်းကိုပဲ ရွေးတယ်ဆိုတာ ကျနော်တို့ ဖော်ပြပြီးပါပြီ။ တိုင်းပြည်တခုရဲ့ အနာဂတ်ကို့ အစိုးရကချည်း ရွေးလို့တော့မရဘူးပေါ့ခင်ဗျာ။ နိုင်ငံသားအားလုံးရဲ့ သဘောတူညီမှု ဖြေရှင်းမှုက အရေးအကြီးဆုံးပါပဲ။
မေး။ ။ ဟုတ်ပြီ၊ ခင်ဗျား ခုနကပြောသလိုမျိုး နိုင်ငံရေးမှာ လူထုပါဝင်ပတ်သက်ခွင့်ဆိုတဲ့ ဥစ္စာပေါ့ဗျာ။ ပြောကြကြေးဆိုလို့ ရှိရင် ဒီစစ်အစိုးရလက်ထက်မှာ ဘယ်လောက်ထိ လူထုပါဝင်ပတ်သက်ခွင့်ရှိလို့လဲ၊ နောက်ပြီးတော့ လူထုကနေပြီးတော့ သူတို့လိုလားတဲ့ ဒီမိုကရေစီစနစ်ကို တည်ထောင်တဲ့နေရာမှာ လူထုပါဝင်ပတ်သက်လာအောင်လို့ ခင်ဗျားတို့ အဖွဲ့ကရော ဘယ်လောက်လုပ်ပေးနိုင်သလဲ။
ဖြေ။ ။ ကျနော်တို့ ပြီးခဲ့တဲ့လှုပ်ရှားမှုတွေရှိပါတယ်၊ ကျနော်တို့ရဲ့ ကန်ပိန်းတွေပေါ့။ ဆစ်ကနေချာ ကန်ပိန်း ကစပြီးတော့ အဖြူရောင် ကန်ပိန်း၊ ပြီးတော့ အိုးပင်းဟတ်လက်တာကန်ပိန်း၊ အခု အဖြူရောင် တနင်္ဂနွေ ကန်ပိန်း အသီးသီးကိုကြည့် လိုက်ပါ။ ကျနော်တို့ဟာ ပြည်သူလူထုပါဝင်လာနိုင်မယ့် နည်းလမ်းကို ကျနော်တို့က ရွေးတယ်။
ပြည်သူလူထုက နှစ်ပေါင်းများစွာကြီး အပစ်ခံ၊ အချိုးခံထားရတဲ့ အခါကျတော့ ခေါက်ရိုးကျိုးနေတဲ့ သဘောကတော့ရှိတယ်။ ဒါ ကျနော်တို့ ပြန်မထွက်လာခင်အထိ။ ကျနော်တို့ ထွက်လာကြပြီးတော့ အတူတကွ ရပ်တည်ကြပြီးတော့ ကျနော်တို့စပြီး အလုပ်လုပ်ကြပြီဆိုတဲ့အခါမှာ ပြည်သူဟာ ဘယ်လမ်းနဲ့ ဘယ်ပုံနဲ့စပြီးတော့ လိုက်နိုင်မလဲဆိုတာကို ကျနော်တို့ စနစ်တကျ ရွေးချယ်တယ်။
အဲဒီအခါကျတော့ ခေါက်ရိုးကျိုးထားပြီးသားဖြစ်တဲ့ ဒီ ချုံးချုံးကျထားတဲ့ ပြည်သူတွေရဲ့အခြေအနေကို ကျနော်တို့က ပြန်ပြီးတော့ အင်အားသွင်းရတယ်။ တဖြည်းဖြည်းနဲ့ ထထိုင်လာနိုင်အောင်၊ ထိုင်ရာကနေ မတ်တပ်ရပ်နိုင်အောင်၊ ပြီးရင် ဖြည်းဖြည်းတွဲပြီးတော့ လျှောက်နိုင်အောင်ပေါ့။ အဲဒီလိုရွေးကြတယ်ဆိုတဲ့နေရာမှာ ကျနော်တို့ အကြမ်းမဖက်တဲ့နည်းကိုပဲ ကျနော်တို့ သုံးရသေးတယ်။ ဆိုတော့ ဒီနှစ်ခုကြားထဲမှာ ကျနော်တို့လှုပ်ရှားရတာ အင်မတန်ခက်ခဲပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ တဘက်က အဆင့်ဆင့်သော အာဏာပိုင်တွေက စိတ်မထင်ရင် မထင်သလို အပေါ်တမျိုး အောက် တမျိုးတွေနဲ့ ကျနော်တို့ ကြုံရတယ်။ ဟိုတနယ်မှာ တနည်း၊ ဒီဘက်နယ်မှာ တဖုံဆိုတာ ကျနော်တို့ ကြုံရတယ်။ ဆိုတဲအခါ ကျတော့ ပြည်သူလူထုလိုက်ပါလာနိုင်တဲ့နည်းကို ကျနော်တို့ရွေးတဲ့နေရာမှာ ကျနော်တို့ဟာ ကိုယ်ကိုယ်နှိုက်ကတော့ စိတ်ရောကိုယ်ပါ ပေးဆပ်နိုင်မှုအားလုံး ရယ်ဒီဖြစ်ရင် ဖြစ်မှာပေါ့။ ဒါပေမယ့် ပြည်သူ့ဘက်က လိုက်နိုင်မှုဆိုတာရော ရှိသေးတာကိုး။
အဲဒါကြောင့် ကျနော်တို့က ကျနော်တို့ရှေ့တလှမ်းလေး ဦးဆောင်လိုက်၊ ပြည်သူလူထုလိုက်နိုင်တဲ့အခါကျရင် နောက် တလှမ်းကိုတက်လိုက်၊ ဒီနည်းကိုပဲ သွားရမှာ။ နောက်လာမယ့် ကျနော်တို့ရဲ့ ကန်ပိန်းတွေမှာလည်း ဒီထက်ပိုပြီးတော့ ကျယ်ပြန့်ရမယ်၊ ထိရောက်မှုရှိရမယ်၊ ပြည်သူတွေရဲ့ တကယ့်သဘောထားအစစ်အမှန်ကို ထင်ဟပ်နိုင်တာမျိုးကို နည်းမျိုး စုံနဲ့ ကျနော်တို့သုံးမယ်။ တကယ့် အရေးကြီးတဲ့ သမိုင်းအချိုးအကွေ့မှာ ပြည်သူလူထုရဲ့ ပူးပေါင်းမှုဟာ အင်မတန် လိုအပ်တာမို့ လိုအပ်သလို ထုတ်ပြီးတော့ သုံးနိုင်တဲ့အနေအထားရောက်တဲ့ အထိ ကျနော်တို့ စနစ်တကျ အလုပ်လုပ် သွားမှာဖြစ်တယ်။
မေး။ ။ နောက်ဆုံးအနေနဲ့ ဒေသတွင်းနိုင်ငံ အစိုးရတွေနေနဲ့ ဒီမိုကရေစီရေးကို မထောက်ခံဘဲနဲ့ စစ်အစိုးရနဲ့ပေါင်းပြီး စီးပွားဖြစ်ဖို့ အဓိကဆိုတဲ့ ပေါ်လစီပေါ်မှာရော ဘယ်လိုမြင်လဲဗျ။
ဖြေ။ ။ ဘယ်နိုင်ငံပဲဖြစ်ဖြစ်၊ ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ် ဂုဏ်သိက္ခာဆိုတဲ့ ကိုယ်ကျင့်တရားနဲ့ နောက်တခုက ကိုယ်ကျိုး စီးပွားဆိုတာ အမြဲတမ်းရှိကြပါတယ်။ ဆိုတော့ လူပဲဖြစ်ဖြစ်၊ နိုင်ငံပဲဖြစ်ဖြစ် ကိုယ်ကျိုးစီးပွားပေါ်တော့ အခြေခံကြတယ်။ ဒါပေမယ့် ဂုဏ်သိက္ခာမဲ့၊ ကျင့်ဝတ်မဲ့တဲ့ အကျိုးစီးပွားသက်သက်တော့ မဖြစ်သင့်ဘူး။ အဲဒီတော့ ဂုဏ်သိက္ခာလည်း ရှိတယ်၊ အကျိုးစီးပွားလည်း မှန်မှန်ကန်ကန်ပါမယ်ဆိုတဲ့ နှစ်ဘက်လွှဖြစ်တဲ့ ကြိုးပမ်းမှုမျိုးကို စဉ်းစားဖို့သင့်ပါတယ်။
အစိုးရတွေဟာ ပြည်သူလူထုတွေရဲ့ ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရမဟုတ်ရင်တော့ ဆိုးတာပေါ့ဗျ။ သူတို့နည်း သူတို့ဟန်နဲ့ အင်အားတွေနဲ့ အာဏာယူထားကြတဲ့ အစိုးရ အစိုးရချင်း ဆက်ဆံရေးဆိုတာ တကယ်တော့ ကျဉ်းမြောင်း လွန်းပါတယ်ဗျ။ တကယ့်တကယ်က နိုင်ငံသားအချင်းချင်း ဆက်ဆံရေးသာလျှင် ရေရှည် အကျိုးစီးပွားဖြစ်မယ်လို့ ကျနော် ယုံကြည်တယ်။ အဲဒီတော့ ကျင့်ဝတ်ဂုဏ်သိက္ခာအရကော ကောင်းမွန်တဲ့ ဆက်ဆံရေးမျိုး၊ နိုင်ငံတခုစီရဲ့ အကျိုးစီးပွား တွေရောရှိတဲ့ ဆက်ဆံရေးမျိုးကို ကျနော်တို့က ကြိုဆိုပါတယ်။ အဲဒီလိုပဲ ဖြစ်စေချင်တယ်။
ကျနော်တို့ တိုင်းပြည်ရဲ့ ပြဿနာကို ဖြေရှင်းကြတဲ့နေရာမှာ ကျနော်တို့တိုင်းပြည်မှာ တကယ်ပြဿနာတွေ ရှိနေတယ် ဆိုတာကို လုံခြုံရေးကောင်စီမှာ ဗီတိုအာဏာနဲ့ ပယ်ချခဲ့တဲ့ နိုင်ငံကြီးတွေကတောင် ၀န်ခံထားရတယ်။ ကောင်းပြီ၊ ဒီတော့ ကျနော်တို့ရဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းမလဲဆိုတဲ့နေရာမှာ အငြင်းပွားမှုတွေကိုဖယ်ပြီးတော့ အားလုံးကို ဘုံလုပ်လို့ရတဲ့ လုပ်ငန်းစဉ်တခုကို ရှာလို့ရပါတယ်။
အဲဒါက ဘာလဲဆိုတော့ ကျနော်တို့ တိုင်းပြည်မှာ လတ်တလော စိတ်ကြိုက်ခြယ်လှယ်နေတဲ့ အင်အားရှိတဲ့လူက စိတ်ကြိုက် လုပ်စတမ်းဆိုတဲ့ ရလဒ်မျိုးကို လက်မခံဘူး။ အများရဲ့ သဘောတူညီမှုကို ယူပါဆိုတဲ့ အချက်မျိုးဟာ ဘုံသဘောတူညီချက်၊ ဘုံလုပ်ငန်းစဉ်အနေနဲ့ ပူးပေါင်းပြီးတော့ လုပ်လို့ရတယ်။ အဲဒီတော့ တကယ်တမ်း မှန်မှန်ကန်ကန် စေတနာရှိတယ်ဆိုရင် ကျနော်တို့နိုင်ငံသားတွေရဲ့ အကျိုးစီးပွားမျက်နှာကိုလည်း ကြည့်ပါ။ အစိုးရ အစိုးရချင်း ပြေလည်ရေးဆိုတာက ယာယီပဲ ဖြစ်ပြီးတော့ သမိုင်းမှာ အားနည်းပါတယ်။ အဲဒီလို အားနည်းမှုတွေ ဖြစ်သွားနိုင်တယ်ဆိုတာ ကျနော်ကြိုပြီးတော့ ပြောထားချင်တယ်။ ။
Thursday, November 25, 2004
VOA interview
(၂၅-၁၁-ဝ၄) ဗွီအိုအေ
စစ်အစိုးရရဲ့အကျဉ်းထောင်ထဲမှာ (၁၆)နှစ်လောက် အကျဉ်းချခံခဲ့ရပြီးတော့ နိုဝင်ဘာလ(၁၉)ရက်က ပြန်လည် လွတ်မြောက်လာတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်(ဗကသ) ရဲ့ ဥက္ကဌ ကိုမင်းကိုနိုင်ဟာ ရုပ်မြင်သံကြား တွေ့ဆုံမေးမြန်းမှုမှာ သူ့ရဲ့ ကျန်းမာရေး အခြေအနေကို အခုလိုပြောပြပါတယ်။
“ကျနော်က ကျန်းမာရေး စစ်ဆေးမှု အစစ်ဆေးခံပြီး အခုပဲပြန်လာတာပါ။ ပြန်လာတဲ့အခါမှာ ကျနော် မျက်စိနဲ့ ပတ်သက်ပြီးတော့ မလုပ်ခဲ့ရသေးပါဘူး။ ကိုယ်တွင်းအင်္ဂါတွေနဲ့ ပတ်သက်ပြီးတော့ လုပ်ခဲ့တဲ့အခါမှာ လောလောဆယ် သိရသမျှကတာ့ ကလီစာတွေ ဆိုကြပါစို့ဗျာ၊ ကျောက်ကပ်တို့ အဆုပ်တို့ အစရှိသဖြင့်ကတော့ အခြေအနေ ကောင်းတယ်လို့ ပြောပါတယ်။ ဒါပေမယ့် နှလုံးတော့ နှလုံးနည်းနည်း ရှိရင်းစွဲထက် ကြီးနေတယ်လို့ ပြောပါတယ်။ အဲဒီတော့ နှလုံး ဒီလိုဖြစ်ရခြင်းကလည်း အတွင်းမှာ အနေအစားနဲ့ ပတ်သက်တယ်လို့ ယူဆပါ တယ် ဆရာဝန်က အဲဒီတော့ အဲဒါအတွက် အနေအစားတွေကို ပြုပြင်လိုက်မယ် ဆိုရင်တော့ ကောင်းနိုင်ပါတယ်။ လိုအပ်တဲ့ ပြုစု ကုသမှုတွေ အတွက် ဆက်ပြီးစဉ်းစားပါလိမ့်မယ်၊ သက်ဆိုင်ရာ ဆရာဝန်တွေက ဆက်ပြီးတော့ ပေးပါလိမ့်မယ်။
ကျန်တဲ့ ထူးထူးခြားခြားကတော့ ကျနော့်မှာ ရောဂါ ပြတယ်လို့ ကျနော့်ကိုယ် ကျနော် မတွေ့ဘူး။ ခံစားနေရတာကတော့ ညဘက်ဆို အိပ်လို့ ပြဿနာတွေတော့ ရှိတယ်။ ဒါက မေးကြည့်တဲ့အခါကျတော့ ကျနော့်နည်းတူပဲ ထောင်ထဲက ထွက်လာတဲ့ ရဲဘော်တွေကတော့ ပြောပါတယ်ခင်ဗျ၊ အားလုံးပဲ ဒီဝေဒနာကို ခံစားရ ပါတယ်တဲ့။ ဒီလိုပဲ ကျနော် အိပ်မရလို့ ထထိုင်နေတယ်၊ ညည လမ်းလျှောက်နေတယ်၊ အဲဒါကို အမေတို့ ဘာတို့က တွေ့တဲ့အခါ ပြောတယ်၊ ကျနော်က စိုးရိမ်တယ်၊ ဒါဘာဖြစ်မှန်းမသိဘူး။ ဒါပေမယ့် ကျနော့် သူငယ်ချင်းတွေက ပြောတယ်၊ အားလုံး ဖြစ်ကြပါတယ် တဲ့၊ ကာလတိုနဲ့ ကာလ ရှည်ပဲကြာပါတယ်တဲ့။ အထဲမှာ ကြာကြာ နေလာတဲ့လူကတော့ နည်းနည်း ပိုကြာကြာလေးများ ဖြစ်မလား မသိဘူးခင်ဗျ၊ အဲဒီ အချိုးအစားအတိုင်း ဆိုရင်တော့ အဲဒီလိုတော့ ထင်ရတာပေါ့ဗျာ၊ ဒါပေမယ့် ကျနော်က သင့်တင့် လျောက်ပတ်တဲ့ အချိန်မှာတော့ ဒါ ပျောက် သွားမယ်ထင်ပါတယ်။ ကျန်းမာရေးနဲ့ ပတ်သက်ရင်တော့ ဒီလောက်ပါပဲ။”
ဒါ့အပြင် သူ့ရဲ့မျက်လုံးတွေရဲ့ အကြောင်းကိုလည်း ဒီအတိုင်းရှင်းပြပါတယ်။
“မျက်လုံးတွေက ကျနော်ကြည့်ရတာ ညဘက် တီဗွီတွေဘာတွေ ကြည့်လိုက်လို့ရှိရင် အရုပ်တွေက နှစ်ထပ်တွေ ဘာတွေ ဖြစ်နေ တယ်။ အဲဒီတော့ ကျနော် ၅ မိနစ်ထက် ပိုပြီး မကြည့်နိုင်ဘူး။ မျက်စိကိုက်တယ်။ မျက်စိပူတယ်၊ မျက်စိတွေနီလာတယ်၊ မျက်ရည်ပူတွေ ကျတယ်၊ အဲဒီလိုရှိတယ်၊ ကျန်တဲ့ပြဿနာကတော့ သိပ်မရှိသေးပါဘူး ခင်ဗျ။ မျက်လုံးတွေ ပူနေတာကတော့ တချိန်လုံးပဲ ပူနေတယ်။ ဟုတ်ကဲ့ အဲဒီလောက် ပါပဲ။”
အကျဉ်းထောင်ကနေ ချက်ချင်းလွတ်မြောက်လာတဲ့အချိန်မှာ ဘယ်သူ့ကို ပထမဦးဆုံး သတိယမိပါသလဲလို့ မေးတာကိုတော့ ကိုမင်းကိုနိုင်က ဒီအတိုင်း ဖြေဆိုပါတယ်။
“ဒီဟာနဲ့ပတ်သက်ပြီး ဖြေရမယ်ဆိုရင် မေးခွန်းကသာ တမျိုးတည်း ဖြေရမှာက ၂ မျိုးဖြေရမလိုဖြစ်နေတယ်။ လူဆိုတာက ကိုယ်ရေး ကိုယ်တာရှိမယ်၊ ကိုယ်နေထိုင်ရတဲ့ လူ့အဖွဲ့အစည်းနဲ့ ပတ်သက်နေတဲ့ အကြောင်းအရာတွေရှိမယ်၊ နှစ်မျိုးရှိပါတယ်၊ ဒါ ဘယ်သူမဆိုပေါ့ဗျာ၊ တစ်ဦးချင်းစီရဲ့ လူ့အဖွဲ့အစည်းက ကျဉ်းကောင်းနေရင်တော့ ကျဉ်းမယ်ပေါ့ဗျာ၊ ဒါပေမယ့် လူဟာ ကိုယ်ရေးကိုယ်တာရယ် လူ့အဖွဲ့အစည်းရယ် နှစ်မျိုးရှိတယ်။ ဒီမေးခွန်းကိုလည်း အဲဒီလို နှစ်ပိုင်းခွဲပြီး ဖြေချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ဒါမှလည်း လူပီသမှာပါ။ ကျနော်ဟာ ပရအကြောင်းပဲ ပြောနေမယ် ဆိုရင် အတ္တမရှိတဲ့လူပုံစံ သက်ရောက်သွားမှာ စိုးရပါတယ်။
အတ္တအကြောင်းချည်းပဲ ပြောနေပြန်ရင် ပရမပါဘူး ဆိုတော့ ယုတ္တိမရှိ ဘူးခင်ဗျ၊ အဲဒီတော့ အများနဲ့ဆိုင်တဲ့အကြောင်းပြောပါဆိုရင် ဒီလို ခုနက မေးသလိုပေါ့ အရင်ဆုံး ဘယ်သူ့ကို တန်း သတိယလိုက်သလဲ ဆိုရင် ထောင်က လွတ်လွတ်ချင်း အဲဒီမှာ လူတစ်ဦး တစ်ယောက်တည်းပဲ ပြောလို့ရှိရင်တော့ အမှန်တကယ်တော့ မတိကျဘူးခင်ဗျ၊ မလုံလောက်ဘူး ခင်ဗျ၊ မဖြစ်ဖြစ်အောင် ပြောဗျာ အရေးကြီးဆုံး တစ်ယောက်တည်းကိုပဲ ပြောဗျာ ဆိုလို့ရှိရင်တော့ ဒါဟာ အဲဒီကျရင် ကျနော်က မဟုတ်သေးဘူးဗျာ၊ အဲဒီ ကျရင် တစ်ယောက်တည်းနဲ့ မလုံလောက်သေးဘူးဗျာ၊ အဲဒီလိုမျိုး ကျနော်ပြောချင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သြော် အရင်တုန်းက ငါနဲ့ အတူ လုပ်ဖော်ကိုင်ဖက်တွေ အားလုံး ဒီအချိန်မှာ အတူနေရရင် ကောင်းမှာပဲလို့ တွေးမိပါ တယ်။ အဲဒီတော့ တစ်ယောက်တည်းကို ရွေးပြီးတော့ ပြောပါဆိုရင်တော့ အများစုကလည်း နားလည်မှုရှိပါလိမ့်မယ်။ ဒီနေရာမှာ ထုတ်ဖော်ပြီး ပြောစရာလည်း မလိုပါဘူးခင်ဗျ၊ အဲဒါ အားလုံးက နားလည်လို့ရပါ တယ်၊ သို့သော် ကျနော်တို့ဟာ တစ်ဦး တစ်ယောက်တည်းကိုပဲ ပုဂ္ဂိုလ်ရင်း တစ်ယောက်ကိုပဲ ရွေးပြီးပြောတာကို ကျနော်တို့တွေက ဆင်ဆင်ခြင်ခြင်လေး သွားကြတာ ပိုပြီးတော့ သင့်တော်မယ်လို့ ထင်ပါတယ်။ အဲဒီတော့ ကိုယ်ရေးကိုယ်တာအရ ပြောပါ ဆိုရင်တော့ ကျနော့်မှာ တချိန်တခါက တယောက်သောသူပေါ့ဗျာ၊ ဒါပေမယ့် ကျနော့်မှာက ဒီလောက် နှစ်ကာလ ကြာတဲ့အခါ (၁၆)နှစ်တာလောက် ကြာလာတော့ ကျနော့်မှာ သူ့ကို တွေ့ဖို့ အခွင့်အရေးတောင် မရှိတော့ဘူး ထင်ပါတယ်။ မရှိတော့ဘူး ဆိုတော့ မရနိုင်တော့မှန်း သိတာ တခုကိုတော့ သတိယတာ တစ်ခုတော့ ရှိတာပေါ့ဗျာ၊ ဒါပါပဲ ကျနော် ဒီလောက်ပဲပြောပါရစေ။”
(၁၆)နှစ်လောက် အကျဉ်းထောင်ထဲမှာ နေထိုင်ရတဲ့အခါ ဘယ်လို နေထိုင်ပါသလဲလို့ မေးမြန်းတာကိုတော့ ကိုမင်းကိုနိုင်က အခုလို ဖြေပါတယ်။
“အဲဒီအတွက်ကတော့ ပြောလို့ရှိရင်တော့ တော်တော်ကြီးကို စာအုပ် အထူကြီးနဲ့ ရေးရင်တောင် ရတယ်ပေါ့ဗျာ၊ ကျယ်ကျယ်ဝန်းဝန်း ပြောရင်တော့ ဒါကို ပြည့်ပြည့်စုံစုံ ပြောမယ် ဆိုရင်တော့ အေးအေးဆေးဆေး ပြောရမယ့် ကိစ္စမျိုးပါ။ သို့သော်လည်းပဲ ကျနော်တို့ အခုလို ကြုံတဲ့ အချိန်လေးမှာ ပြောရမယ်ဆိုရင်တော့ အတော်အသင့်လောက်ပဲ ပြောလို့ရမှာပေါ့။ အတော်အသင့်လောက်ဆိုရင်တော့ ဒါကတော့ အများနည်းတူပဲ လက်ခံ ကျင့်သုံးပါတယ်။ ဆိုလိုတာက အများက ဘယ်လိုနေကြသလဲ ဆိုရင် လေ့ကျင့်ခန်း လုပ်ကြမယ်ဗျာ၊ နောက်တခုက ဘာသာရေး လုပ်ကြမယ်ခင်ဗျာ၊ ဘာသာတရားလည်း ကိုယ်စီရှိကြတဲ့လူတွေ များပါတယ်။ ဘာသာရေး အဆုံးအမ အရ ကျနော်တို့ ဗုဒ္ဓဘာသာ ဆိုလို့ရှိရင်တော့ ဘုရားရှိခိုးရုံနဲ့ မလုံလောက်ဘူးပေါ့ ခင်ဗျာ၊ သက်ဆိုင်ရာ ဘာဝနာလေးတွေ ပွားရတော့ပေါ့ခင်ဗျာ၊ ဘာဝနာဆိုတာကလည်း ကိုယ် လေ့လာထားသလောက် သိထား မှတ်ထားသလောက်ကို ဘာဝနာ ပွားပါတယ်။
အဲဒါတွေပြီးပြီဆိုရင်တော့ ဘာရှာလဲ ဆိုလို့ရှိရင်တော့ ငါ အချိန်ကို တန်ဖိုးရှိရှိ ဘယ်လို အသုံးချမလဲ၊ ဒါက ကျနော်တို့အတွက် တော်တော် အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က ဒီစကားက ခင်ဗျားလည်း ကြားဖူးပါလိမ့်မယ်၊ ကုသိုလ်ရယ်၊ ပညာရယ်၊ ဥစ္စာရယ် တခုခုတော့ ရနေရမယ်။ ဒီလို ဆိုထားတာကိုး ဆိုတော့ ဥစ္စာရယ် ပညာရယ် ကတော့ ရစရာမရှိဘူး၊ ကုသိုလ်ကတော့ ရှာပြီးသွားပြီလေ၊ ဆိုတော့ လေ့လာစရာကလည်း စာရွက်စာတမ်းက မရှိတဲ့ နေရာမျိုးမှာဆိုတော့ ပညာက ရှာလို့မရဘူး၊ ဥစ္စာကလည်း ရှာလို့ မရဘူး။
ဒါဖြင့် နောက်ထပ် ရစရာ မရှိတော့ဘူးလားလို့ မေးခွန်းက ပေါ်လာတယ်။ ဒီနေရာမှာ ကျနော် ဘာသွားတွေ့လဲဆိုတော့ ချွင်းချက်နဲ့ ယေဘုယျ ဆိုတာ သွားတွေ့ပါတယ်။ ယေဘူယျပြောမယ်ဆိုလို့ရှိရင် တော့ ကုသိုလ်ပဲရှာလို့ရမယ်၊ ပညာရှာလို့မရဘူး၊ ဥစ္စာရှာလို့မရဘူး။ ဆိုတော့ ဒီသုံးခုပဲလား၊ နေက်ထပ် ဘာမှ ရှာလို့ မရတော့ဘူးလား၊ ဒါနဲ့ပဲ အချိန်တွေကို အချည်းနှီးကုန်ရတော့မလား၊ ဒီလိုစဉ်းစားပါတယ်။ စဉ်းစားတဲ့ အခါကျတော့ ကျနော် အနုပညာလေး တခုခု ဖန်တီးရင်ကောင်း မလားလို့ သွားတွေးမိတယ်လေ၊ တွေးမိတော့ အချိန်လည်း နည်းနည်း သက်သက်သာလေးနဲ့ ကုန်လွယ်တဲ့၊ တချိန်မှာ ဒါလေးက အဖတ်တင်သွားရင်လည်း အကျိုးရှိမယ်လို့ ယူဆပါတယ်။
အဲဒီတော့ ထောင်ထဲမှာနေခဲ့တဲ့လူတစ်ယောက်ရဲ့ ခံစားချက်ကို သိချင်သပဆိုရင် နည်းနည်းပါးပါး သူတို့လို ခံစားကြည့်လို့ရမယ်ပေါ့ခင်ဗျာ၊ အဲဒါ ကျနော် စဉ်းစားပြီးတော့ အနုပညာလေးတွေ ဖန်တီးပါတယ်။ ဖန်တီးတယ်ဆိုတဲ့ နေရာမှာ ဘယ်လိုဖန်တီးလဲဆိုတော့ ပုံကျတော့ ဆွဲလို့မရဘူးခင်ဗျ၊ စာရေးကိရိယာတွေ ဘာတွေ မရှိဘူးဆိုတော့ ကဗျာလေးတွေ ဘာတွေ အတွေးထဲမှာရေးရတာ၊ ကဗျာတွေစပ် အတွေးထဲမှာပဲစပ်၊ သီချင်းလေးတွေ အတွေးထဲမှာစပ် အဲဒီလို လုပ်ရတာပဲ၊ ကျနော့်မှာ တူရိယာလည်း အားကိုး စရာမရှိတဲ့ အခါကျတော့ ကိုယ့်ဟာကိုယ် စည်းလေးဘောင်လေးကွပ် ကိုယ့်ဟာကို သီချင်းလေးစပ်၊ ကဗျာလေးစပ် အဲဒီကဗျာလေး တွေကို ရပြီ ဆိုလို့ရှိရင် အလွတ်ကျက်ရတယ်။ အဲဒီအလွတ်ကျက်ရတာသည်ပင် ကိုယ့်ရဲ့ အနုပညာကိုယ် ပြန်ပြီးတော့ အလွတ်ကျက်နေရတာ ကပဲ ကျနော့်အတွက် အချိန်ကုန်ဖို့ အကျိုးရှိသွားတယ်၊ အဲ အဲဒီလိုပဲ ပြောပါရစေ၊ ဒါ ယေဘုယျသဘောပါ။ နောက်မှ ကျနော် အကျယ်ပြောပြ ပါမယ်။ အချိန်ရရင် ”
နိုင်ငံတကာက ကျောင်းသူ ကျောင်းသားတွေကို ကိုမင်းကိုနိုင် ဘာများ ပြောဆိုချင်ပါသလဲ ဆိုတဲ့အခါမှာတော့
“ကျနော့်အနေနဲ့က ပညာသင်နေတဲ့ လူတွေကို ကျောင်းသားလို့ ကျနော်တို့က ယေဘုယျ ယူဆကြတာကိုး၊ အဲဒီတော့ ပညာဆိုတာက ဘာလဲ ဆိုပြီးတော့ အဓိပ္ပာယ် ဖွင့်ဆိုကြပါတယ်။ ကျနော်လည်း ကြားဖူးတာနဲ့ ပတ်သက်ပြီးတော့ ပြောရမှာပေါ့၊ ကိုယ်ကိုယ်တိုင် တီထွင်တဲ့ စကားလုံးတော့လည်း မဟုတ်ပါဘူး။ ပညာဆိုတာ အမှားအမှန်ကို ခွဲခြားနိုင်တဲ့စွမ်းရည်ကို ရဖို့၊ နောက်တခုကတော့ လုပ်သင့်တာ မလုပ်သင့်တာကို ရွေးချယ်နိုင်ဖို့၊ ဒါဟာ ယေဘူယျကျတဲ့ ပညာရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်လို့ ကျနော် ဆိုချင်ပါတယ်။ ဆိုတဲ့အခါမှာ လောကီပညာတွေ လောကုတ္တရာပညာတွေ ဆိုပြီးတော့ ထပ်ခွဲပါသေးတယ်။ ဆိုတော့ အသက်မွေးမှု ပညာနဲ့ ပတ်သက်ရင်တော့ ဒါတော့ ဒီခေတ်မှာကြုံနေရတဲ့ အောင်လက်မှတ် တခု ပေါ်မှာ အခြေခံပြီးတော့ လစာ(သို့မဟုတ်) ဝင်ငွေအတွက် သင်ယူတဲ့ပညာမျိုး ရှိပါတယ်။ ဆိုတော့ အဲဒီပညာတွေအပြင်ကို ကျနော် စောစောက ပြောတဲ့ သိမှုပိုင်းဆိုင်ရာပညာပါ၊ အသိပညာရယ်၊ အတတ်ပညာရယ် ဆိုပြီးကွဲပြားပါတယ်။ ဆိုတော့ ဒီနေ့ နိုင်ငံတကာက ကျောင်းသားတွေ ဆိုတဲ့နေရာမှာ လွယ်လွယ်ပြောရမယ် ဆိုရင်တော့ အတတ်ပညာပိုင်းမှာ အသိပညာပိုင်းမှာ ကျနော့်ထက် ပိုပြီး တတ်နေကြပါ လိမ့်မယ် ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်က အထဲမှာ ပညာသင်ခွင့် မရခဲ့တဲ့ လူတစ်ယောက်ပါ။ အခု ကျနော့်ရဲ့စကားကို နားထောင်ချင်တယ် ဆိုတဲ့ ကျနော့်ရဲ့ နိုင်ငံတကာက ကျောင်းသားတွေ အတွက်ကတော့ ခင်ဗျားတို့ဟာ တကယ့်ပညာသည်တွေပါ၊ ကျနော့်ထက် စာလို့ရှိရင် ပညာတတ် ကြတဲ့သူတွေပါ၊ အရပ်စကားနဲ့ ရိုးရိုးလေး ပြောမယ် ဆိုရင် ခင်ဗျားတို့က ပညာတတ်ပါ။ ကျနော်ကတော့ ပညာရေးမှာ အားနည်းပါ တယ်။ ဒါဟာ ရိုးရိုးသားသား ကျနော်ပြောပြတာပါ။
သို့သော်လည်းပဲ ချွင်းချက်အနေနဲ့ ကျနော့်ကို တချို့က ထောက်ပြတာလေးတွေ ရှိပါတယ်။ ဒီလိုပဲ ဒီလိုချည်းပဲ ပြောလို့တော့ ဘယ်ရမလဲဗျာ၊ အတွေ့အကြုံနဲ့ ပတ်သက်လာရင် တမျိုးဖြစ်တာ ရှိပါတယ်လို့ ကျနော့်ကို ပြောပါတယ်။ အင်းပေါ့လေ ကျနော်ကတော့ ခင်ဗျားတို့ထက် အသက်အားဖြင့် ကြီးမယ်၊ ဖြတ်သန်းရတာ နည်းနည်း ကြမ်းကြမ်းတမ်းတမ်း များများစားစား ပိုပိုသာသာ ရှိမယ်ဆိုတဲ့အခါကျတော့ အတွေ့အကြုံအရ ရလိုက်တဲ့ ပညာလေးတွေ ရှိကောင်းရှိနိုင်ပါတယ်။
အဲဒီတော့ ပြန်ချုပ်လိုက်မယ်ဆိုရင် ဘာပဲပြော ပြော ကျနော်တို့က အတွေးအခေါ်နဲ့ နွယ်တဲ့ အသိပညာပေါ့ဗျာ၊ အဲဒါက ဘာလဲဆိုတော့ အမှားအမှန်ကို ခွဲခြားတတ်ဖို့ ခုနက စကားကိုပဲ ပြန်ကောက်တာပါ၊ နော် လုပ်သင့်လုပ်ထိုက်တာနဲ့ မလုပ်သင့် မလုပ်ထိုက်တာကို ရွေးချယ်တတ်ဖို့ ဒါတွေအားလုံးဟာ ဘယ်မှာ အခြေခံလဲ ဆိုတော့ မိမိရဲ့ တကိုယ်ရည် ခံစားချက်ကို ဦးစားမပေးဘဲနဲ့ ဖြစ်သင့်ဖြစ်ထိုက်တာကို ရွေးချယ်တတ်ဖို့ပါ။
အဲဒီနေရာမှာ ရင်းနှီးသင့်တာတွေ စွန့်သင့်တာတွေ စွန့်ရပါလိမ့်မယ်။ လူဆိုတာကတော့ အတ္တမျိုးနွယ်ပါ။ ရှိထားတာလေးတွေကို မစွန့်ချင်ဘူး၊ နောက်ထပ် ပိုလိုချင်ကြတယ်။ ဒါ ကိုယ်နှစ်သက်တဲ့ အရာပေါ့လေ ဘယ်အရာမျိုးမဆို လိုချင်တယ်၊ ရှိပြီးသားကို ထပ်လိုချင်တယ်။ ဒါဟာ အတ္တပါ၊ ဒါပေမယ့် လောကမှာ ကျနော် တို့ လုပ်သင့်လုပ်ထိုက်တာကို ခံစားချက်ကို ဦးစားမပေးဘဲနဲ့ လုပ်သင့်လုပ်ထိုက်တာကို ရွေးထားပြီးပြီ ဆိုတဲ့နေရာမှာ ကျနော်တို့ဟာ ကိုယ် မြတ်နိုးတဲ့အရာကို ကိုယ်မက်မောတဲ့ အရာတချို့ကို ကျနော်တို့က အရင်းအနှီး ပြုလိုက်ရပါတယ်။ အင်္ဂလိပ်စကားလုံးနဲ့ ဆိုရင်တော့ ဒီနေရာမှာ satisfy လုပ်လိုက်ရပါတယ်။ ပေးလိုက်ရပါတယ်။ ရင်းနှီးပစ်လိုက်ရပါတယ်၊ စွန့်ပစ်လိုက်ရ ပါတယ်။ အဲဒီလိုရှိပါတယ်။
အဲဒီအတွက် ပညာနဲ့သာလျှင် ခေတ်အဆက်ဆက်မှာ ဒီကနေ့သစ်ကို ကျနော် အခုကြားရတယ်ပေါ့လေ ဘယ်လိုကြားရသလဲဆိုတော့ ပညာ ခေတ်ရောက်ပြီလို့ ကျနော် ကြားရပါတယ်။ ပညာခေတ်ရောက်ပြီဆိုတော့ ဒါကို ကျနော် မငြင်းဘူးဗျာ၊ ဒါပေမယ့် ဘယ်ခေတ်က ပညာ အရေး မကြီးတဲ့ခေတ်လဲလို့ ပြန်မေးစရာ ရှိပါတယ်။ ပြန်စဉ်းစားမယ်ဆိုရင် တခြားခေတ်တွေမှာ ပညာတတ်တဲ့လူတွေက လူရာမဝင်ဘဲ ဒီခေတ်ကျမှ ပညာတတ်တဲ့လူတွေက လူရာဝင်မှာလား၊ ဒီလိုမေးစရာရှိပါတယ်။ အဲဒီတော့ ဒီလိုတော့ ဟုတ်မယ်မထင်ဘူးဗျာ၊ ကျနော်မြင်တာက ပညာခေတ် ဟာ ခေတ်အဆက်ဆက်မှာ ရှိပါတယ်။ အဲ သဘောကတော့ ဒီအချိန်ကျတော့မှ ပညာရဲ့ သဘောသဘာဝ ပညာရဲ့တန်ဖိုးဟာ ပေါ်လာပြီ။ ဒီလိုများ ဆိုလိုသလားလို့ ကျနော် စဉ်းစားပါတယ်။ ပညာမဲ့ခြင်း၊ ပညာရှိခြင်းဟာ သိပ်ပြီးတော့ ထင်သာမြင်သာတဲ့အချက် ဖြစ်လာပြီလားလို့ ကျနော်တွေးပါတယ်။ ဒီတော့ ကျနော် စကားဆက်ရမယ်ဆိုရင် အသက်မွေးဝမ်းကျောင်းအတွက် အတတ်ပညာကိုလည်း ဆည်းပူးကြပါ။ နောက်တခါ မိမိနဲ့တကွ မိမိရဲ့ ပတ်ဝန်းကျင် မိမိရဲ့ လူ့အဖွဲ့အစည်းအတွက် သိသင့်သိထိုက်တဲ့ သိချင်တာတွေကိုလည်း လေ့လာဖြည့်ဆည်း ကြပါ။ ပြီးတဲ့အခါမှာ ပညာရှိပီပီ လောကအကျိုး၊ မိမိအကျိုးကို ထမ်းဆောင်ကြတဲ့နေရာမှာ မှန်သောအယူ၊ သင့်သောနှလုံး ဖြူစင်တဲ့အကျင့်နဲ့ မိမိရဲ့ ရည်မှန်းချက် ပန်းတိုင်ကို အကောင်အထည်ဖော်နိုင်ပါစေလို့ ကျနော် ဆုတောင်းပါတယ်၊ ဒီလောက်ပါပဲ။ ”
Wednesday, November 24, 2004
talk with irrawaddy
အခုလွတ်လာတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ကိုမင်းကိုနိုင် အံ့သြသလား။
သိပ်အံ့သြတယ်လို့တော့ မဟုတ်ဘူးဗျာ။ သို့သော်လည်း ဒါ အဆုံးသတ်ထားတာပဲဗျ။ အဆုံးဆိုတော့ ဘဝင်ကျသွားတာပေါ့ဗျာ။ မျှော်လင့်နေရရင် ပင်ပန်းတယ်ဗျ။ ခင်ဗျားလည်း သိတာပဲ။ မျှော်လင့်ထားတဲ့အတိုင်း ဖြစ်မလာဘူးဆိုရင် ပင်ပန်းတယ်ဗျ။ အဲဒီတော့ ချကွာဆိုပြီးတော့ အဆုံးထိ ချလိုက်တာပဲ။ ပြီးတော့ ဖြစ်လာတယ်ဆိုတော့လည်း ဒီလိုပါလားဆိုပြီးတော့ ထားလိုက်တယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ဗျာ ကျနော်လည်း လောကဓံကို အထိုက် အလျောက်လည်း ခံခဲ့ရပြီကိုးဗျ။ လောကဓံ အကောင်းအဆိုး ၂ မျိုးရှိတယ်ဗျာ။ အဲဒါကို ပွားလိုက်တော့ ၈ မျိုးပေါ့ဗျာ။ အဲဒီအထဲမှာ အဆိုးလောကဓံကို ကျကျနန ခံစားလိုက်ရပြီ ဆိုတဲ့အခါမှာ ငါအကောင်းနဲ့ကြုံတဲ့အခါမှာလည်း အိနြေ္ဒရရခံနိုင်အောင် ငါကျင့်မယ် ဆိုပြီးတော့ ကြိုပြီးတော့ နည်းနည်းကျင့်ထားတယ်ဗျာ။ အဲဒီတော့ ဖြစ်လာတဲ့ အခါကျတော့ ကျနော် ယောနိသော မနသိကာယ ခေါ်တာပေါ့ဗျာ။ သင့်တင့်အောင် နှလုံးသွင်းလိုက်တာပေါ့ဗျာ။
ဘာမဆိုပေါ့ဗျာ။ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်ပါစေပေါ့။ လူဆိုတာက သူ့အတိုင်းအတာနဲ့ သူတော့ ဘဝမှာ အမြင့်ဆုံး အချိန်ကိုလည်း ခံစားဖူးကြတာပဲဗျာ။ အဲဒီအချိန်မှာ အောက်ခြေလွတ်ရင်လည်း လွတ်တတ်ကြတယ်ဗျာ။ မလွတ်တဲ့ လူကိုတော့ နည်းနည်းချီးကျူးရတာပေါ့ဗျာ။ အဲလိုပဲ - နိမ့်ပြီဟေ့ဆိုရင်လည်း မခံနိုင်ကြဘူးဗျာ။ အဲဒါလည်း ခင်ဗျား တွေ့မှာပေါ့ဗျာ။ ဒါကြောင့် မခံနိုင်လို့ကို အိနြေ္ဒပျက်သွားတာ တွေ့ဖူးတယ်။ အဲဒါ ကျက်သရေ မဲ့သွားတာပဲဗျ။ ကျနော် ဒီလို ခံယူတယ်လေဗျာ။ အဲဒါကြောင့်မို့လို့ပါ။ အဲဒါလေး နှလုံးကြိုတင်ပြီးတော့ သွင်းထားလိုက်တဲ့အခါကျတော့ ခပ်ငြိမ်ငြိမ်လေး ထွက်လာတာပေါ့ဗျာ။ ထောင်ထဲက ထွက်လာပြီ ဆိုကတည်းက ပျော်တာလည်း မပြဘူး၊ ဝမ်းနည်းတာလည်း မပြဘူး၊ ပုံမှန်ခရီးတစ်ခုကို အလုပ် ပြီးသွားလို့ အိမ်ပြန်သွားတဲ့ လူတစ်ယောက်လိုပဲ ပေါ့ပေါ့ပါးပါးပဲ ကြိုးစားပြီးတော့ ကျနော် လာခဲ့ပါတယ်ဗျာ။
ခင်ဗျားနဲ့ အကျဉ်းသား ၃ဝဝဝ ကျော် အခုလွှတ်ပေးရတာဟာ ထောက်လှမ်းရေးကနေ မတရား အမှုဆင်ထားတဲ့လူတွေ ဆိုပြီးတော့ မြန်မာစစ်အစိုးရက ကြေညာသွားတာ ရှိပါတယ်။ အဲဒီလိုဆိုရင် လွန်ခဲ့တဲ့ ဆယ့်လေးငါးနှစ်က ကိုမင်းကိုနိုင် အဲလိုမျိုး မတရားအမှုဆင် အဖမ်းခံရတာလို့ ထင်လား။
ကျနော်တို့နိုင်ငံရေးလှုပ်ရှားမှုနဲ့ ပတ်သက်တဲ့လူတွေက လွဲရင် ကျန်တဲ့ အမှုတွေတော့ မသိဘူးပေါ့ဗျာ။ ဆိုလိုတာကတော့ ကိုယ့်အကြောင်း ကိုယ်ပဲသိတယ်။ တခြား ကိုယ်လုံးဝမသိတဲ့ လူတွေ အကြောင်းတော့ ဝေဖန်ရတာတော့ ခက်တယ်ပေါ့ဗျာ။ ကိုယ့်အကြောင်းကိုယ်ကတော့ ရှင်းတယ်လေ။ အစောကြီးကတည်းက ကိုယ်က ဒီလိုခံယူပြီးသားဆိုတော့ အဲဒီခေါင်းစဉ်နဲ့ လွှတ်ပေးတယ် ဆိုတဲ့အခါမှာ တော်တော်ကြီးကို သင့်တင့်လျှောက်ပတ်တဲ့ ခေါင်းစဉ်ပဲလို့ ကျနော်မြင်တယ်ဗျ။ သူတို့အနေနဲ့က တော်တော်ကြီးကို အပျော့ပြောင်းဆုံး ရွေးပြီး အမှန်တရားနဲ့အနီးစပ်ဆုံး ခေါင်းစဉ်ပေးလိုက်တာပဲလို့ ကျနော်တော့ ဒီလိုယူဆတယ်ဗျာ။ ဒီလောက်ပဲ ပြောနိုင်မယ်ဗျ။
ပြည်တွင်းပြည်ပမှာရှိတဲ့ အကဲခတ်တွေက ဒီအချိန်ကျမှ ဘာလို့အခုလို လွှတ်ပေးရတာလဲ ဆိုတာကို တွက်ဆကြတယ်။ သူတို့လည်း နဝေတိမ်တောင် ဖြစ်နေကြတယ်။ အာဆီယံ အစည်းအဝေးက မကြာခင်လာတော့မယ်။ အပြင်ကရော အထဲကရော ဖိအားတွေကလည်း ရှိတယ်။ အဲဒါကြောင့်များ လွှတ်ပေးတာလားဆိုပြီး တချို့က တွက်ကြတာတွေရှိတော့ ခင်ဗျားကိုယ်တိုင်က ဘာကြောင့် ဒီအချိန်ကျမှ လွှတ်တယ်လို့ ထင်လဲဗျ။
ခက်တာက ကိုယ်ကသူများလို အပြင်မှာဖြစ်နေတဲ့ အခြေအနေတွေကို ဘာမှ မသိဘူးကိုးဗျ။ အထဲမှာချည်းပဲ ငုတ်တုတ်ဆိုတော့။ တစ်ခုတော့ ရှိတာပေါ့ဗျာ။ တခုခုတော့ ခိုင်လုံတဲ့ အကြောင်းတော့ ရှိလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် အကြောင်းတွေဆုံမှ အကျိုးတစ်ခုဆိုတော့ ဖြစ်တာကိုးဗျ။ အခုလို လွှတ်ပေးလိုက်ရပြီ ဆိုတဲ့ဟာလည်း အကျိုးတရား တစ်ခုပေါ့ဗျာ။ လွှတ်ပေးဖို့ လုံလောက်တဲ့ အကြောင်းတရားတော့ ပြည့်စုံပြီ။ ဒီလောက်ပဲ ယူဆလို့ရတယ်ဗျ။ ဒီ ပြင်ပဖိအား ဘာညာတွေ ဆိုတာကလည်း အစကတည်းကလည်း ပေးလာခဲ့တာပဲလေဗျာ။ ဒါပေမယ့် ပြင်ပ ဖိအားတွေပဲ ကပါ့မလား။ ဒီကိစ္စဟာ ကာယကံရှင်ဘက်မှာ ဘယ်လို အခြေအနေရှိလဲ။ သဘောထားက အမှန်တကယ်ပဲ ပျော့ပျော့ပြောင်းပြောင်း ဖြစ်သွားလား။ ပြုပြုပြင်ပြင်နဲ့ အားလုံး သင့်မြတ်မယ့်လမ်းကိုပဲ တကယ်ပဲရွေးပြီလား။ ဒါလေးတွေတော့ ကျနော် စဉ်းစားမိတယ်ဗျ။ အတိအကျလည်း ကျနော်လည်း မပြောတတ်သေးဘူး။
ဒီလိုဆို မျှော်လင့်ချက်တွေရှိတယ် ဆိုပါတော့။
မျှော်လင့်ချက်ဆိုတဲ့ နေရာမှာတော့ဗျာ မျှော်လင့်ချက်ဆိုတာထက် ယုံကြည်ချက်က ပိုကောင်းတယ်ဗျ။ ကျနော် တခါတုန်းကလည်း ကဗျာတစ်ပုဒ် ရေးဖူးပါတယ်။ ကဗျာ အသေးစိတ်တော့ ထားပါဗျာ။ ဆိုလိုတာက ယုံကြည်ချက်ကတော့ ပိုပြီးကောင်းတယ်ဗျ။ သို့သော်လည်းပဲ ကိုယ်တိုင် မတတ်နိုင်တဲ့ ကိစ္စတွေ ရှိတယ်လေဗျာ။ ကိုယ့်တစ်ဖက်တည်းနဲ့ လုပ်ယူလို့ မရတဲ့ ကိစ္စတွေမှာ တစ်ဖက်ကို ပြန်ပြီးတော့ မျှော်လင့်ကြည့်ရတာ မှန်းဆကြည့်ရတာတော့ ရှိတာပေါ့ဗျာ။ အဲဒီတော့ မျှော်လင့်ချက်လို့ ဆိုတဲ့ စကားလုံးကို မသုံးရင်တောင်မှ မှန်းဆချက် ဆိုတာလောက်တော့ သုံးလို့ရမယ် ထင်တယ်ဗျ။ မှန်းဆချက်လေး တစ်ခုတော့ ရှိတယ်၊ ဒီလိုပဲ ပြောပါရစေ။
မှန်းဆချက်ဆိုတာကလည်း အကောင်းဘက်ကို ဦးတည်တဲ့ မှန်းဆချက်တစ်ခုပေါ့၊ ဟုတ်တယ်မို့လား။
အေးပေါ့ဗျာ၊ ဒီလိုပေါ့။ ကျနော့်တစ်ယောက်တည်း အတွက်လည်း မဟုတ်ဘူးပေါ့။ အားလုံးအတွက်၊ အားလုံး မျှော်လင့်နေတဲ့ အရာတစ်ခု၊ ခါတိုင်းနဲ့ စာရင်တော့ နီးလာပလားဟဲ့ပေါ့ဗျာ။ အဲလောက်ပါပဲ။ ဒီထက်ပိုပြီးတော့လည်း ကျနော်တို့ ပြောဖို့လည်း မသင့်သေးပါဘူး။
ကိုမင်းကိုနိုင် ရန်ကုန်အင်းစိန်ထောင်မှာ နေခဲ့စဉ် ကာလတုန်းကရော တခြားသူတွေနဲ့ အတူနေရသလား။
သြော် - အများစုကတော့ဗျာ လူကြီးတွေနဲ့ချည်းပါပဲ။ အခုဆိုရင် ကျန်နေသေးတဲ့ လူတွေ ဆိုရင်ဗျာ - အင်န်အယ်လ်ဒီက ဦးဝင်းထိန်တို့၊ ဦးဝင်းတင်တို့တော့ ကျန်နေသေးတယ်ဗျ။ နောက် - ဦးတင်အောင်တို့ ကေအင်န်ယူက ကိုကိုနိုင်တို့၊ နောက် အင်န်အယ်ဒီကပဲလေဗျာ၊ အမတ် ဦးခင်မောင်ဆွေတို့ သူတို့တွေဗျ။ သူတို့တွေတော့ အခုလွှတ်တယ်တော့ မကြားသေးဘူးဗျ။
အဲဒါဆို ရန်ကုန်မှာ အကျဉ်းကျစဉ်တုန်းက ထောင်ထဲမှာ နေရစဉ်တုန်းက ကိုမင်းကိုနိုင်ကို တစ်ယောက်တည်းတော့ မထားဘူး ဆိုပါတော့။
ဘယ်ဟုတ်မလဲ၊ ကျနော်တို့ကို တစ်ယောက်ချင်း ထားတာပေါ့။ ဒါပေမယ့် တိုက်ကြီးတစ်ခုလုံးက အတူရှိတဲ့ လူတွေပေါ့ဗျာ။ တစ်ယောက်နဲ့ တစ်ယောက် မမြင်ရဘူးပေါ့ဗျာ။
တိုက်ထဲမှာ အတူနေရတဲ့ လူတွေပေါ့။
ဟုတ်ကဲ့ - တိုက်ဆိုတာက တိုက်တန်းလျားကြီးပေါ့ဗျာ၊ တိုက်အတွဲကြီးပေါ့။ အဲဒီမှာ ကျနော်တို့ တစ်ယောက်တစ်လုံးစီ နေရတာဗျာ။ တစ်ယောက်တစ်လုံးစီ ဆိုတော့ အဲဒီတိုက်ခန်းထဲကကို မထွက်ရဘူးဗျ။ တိုက်ခန်းတစ်ခန်းစီပေါ့။ အရှေ့မှာ အခန်းလွတ်တစ်ခု ရှိသေးတယ်ဗျ။ အဲဒီအခန်းက လူနေတာမဟုတ်ဘူး။ ကျနော်တို့က ပတ်ဝန်းကျင်နဲ့ ပိုပြီးတော့ လုံခြုံအောင်လို့ ကာရံထားတဲ့ သဘောပဲဗျ။ အဲဒီတော့ ကိုယ်က အတွင်းခန်းမှာ နေရတယ်။ ရှေ့ကအခန်းမှာက ဘာမှမရှိဘူး။ အဲဒါကို ထပ်ပြီးတော့ ကာထားတယ်။ ရံဖန်ရံခါဆို ဘေးအခန်းတွေက ထပ်ပြီးတော့ လွတ်နေတယ်ဗျ။ ဒါပေမယ့် တစ်ခန်းကျော်လောက်မှာ ဘယ်သူရှိလဲ ဘာလဲဆိုတော့ သိရပါတယ်။ တစ်ယောက်မျက်နှာတော့ တစ်ယောက် မမြင်ရဘူးပေါ့ဗျာ။ စကားပြောချင်ရင်တော့ဗျာ နည်းနည်း ခက်ခက်ခဲခဲ တက်ပြီး အော်ပြောရတာတို့ ဘာတို့တော့ ရှိတာပေါ့။
နာမည်ကြီး စစ်ကြောရေးဝင်တဲ့ ကာလတွေတုန်းကရော ကိုမင်းကိုနိုင်ကို သူတို့ဆက်ဆံတာတွေ ဘယ်လိုရှိခဲ့သလဲ။
မှန်တာပြောရရင် ကျနော့်အပေါ်မှာတော့ ကိုယ်ထိလက်ရောက် လုပ်တာတွေ ဘာတွေတော့ မရှိပါဘူးဗျာ။ ဒါပေမယ့် ပြောကြဆိုကြတဲ့ နေရာမှာတော့ နည်းနည်းလေးကွာတယ်။ လူဆိုတာကတော့ တစ်ယောက်နဲ့ တစ်ယောက် မတူကြဘူးလေဗျာ။ ဒါကတော့ စိတ်ထား စရိုက်ချင်း မတူကြတာကတော့ အဓိကပါပဲ။ အဲဒီတော့ ပျော့ပျော့ပျောင်းပျောင်းနဲ့ ရည်ရည်မွန်မွန် ပြောတဲ့လူတွေလည်း ရှိပါတယ်။ နည်းနည်းလေး မောက်မာတဲ့လူတွေလည်း တွေ့ဖူးပါတယ်။ ဒါကတော့ဗျာ ဘယ်နေရာမှာမဆို တွေ့ရတဲ့အတိုင်းပါပဲ။ အဲဒီတော့ ကျနော်လည်း သင့်တင့်လျောက်ပတ်တဲ့ ပုံစံနဲ့ပဲ တုံ့ပြန်ခဲ့ပါတယ်ဗျာ။ ဘာပဲဖြစ်ဖြစ် တန်ရာတန်ရာပေါ့ဗျာ။ သင့်တော်သလိုပဲ တုံ့ပြန်ခဲ့ပါတယ်။
စစ်ကြောရေးက စ ဖမ်းသွားတဲ့ အချိန်ကတည်းက သူတို့ဘာကြောင့် ခင်ဗျားကို ဖမ်းရတယ် ဆိုတာကို အဲဒီကာလတွေတုန်းက သူတို့နှုတ်က ထွက်သွားတာမျိုးတွေ လှစ်ခနဲ ထုတ်ပြတာမျိုးတွေရှိလား။
သူတို့က အဲလောက်ကြီးတော့ စကားလုံးအတိအကျနဲ့ ညွှန်းပြီး ပြောတာမျိုးတော့ မရှိပါဘူး။ ဒါပေမယ့် ဘယ်ဟာကဖြင့် ဒါကတော့ လွန်တယ်။ ဘယ်ဟာကတော့ ဒီလောက်တော့ မရဘူးလေ။ ဒါမျိုး ပြောတာလောက်ပဲ ရှိပါတယ်။ သိပ်ပြီးတော့ အတိအကျလည်း မရှိဘူးဗျ။ ဒါမျိုးကတော့ဗျာ၊ မျက်နှာချင်းဆိုင် ထိုင်ပြီးတော့ တစိမ့်စိမ့် အေးအေးဆေးဆေးပြောနေမှလည်း ကောင်းတယ်လေ။ ကျနော့်အနေနဲ့ ရုတ်တရက်ကျတော့ဗျာ - ဒီလိုချည်းပြောတော့ သိပ်မတိကျရင်လည်း မကောင်းဘူးမဟုတ်လား။
ကိုမင်းကိုနိုင် - ခင်ဗျား အထဲမှာ အာဏာပိုင်တွေက မင်းကိုနိုင်ဆိုတဲ့ နာမည်နဲ့အရှိန်အဝါကို သူတို့ တော်တော်ကို ကြောက်တယ်၊ လေးစားတယ်လို့ ခံစားရလား။
အဲလိုတော့လည်း မဟုတ်ပါဘူးဗျာ၊ ကျနော်လည်း လူထဲက လူပါပဲ။ အမတ်ကြီး ဦးပေါ်ဦး ပြောသလိုပါဗျာ။ ဟိုဘက်ကမ်းကို တခြားလူတွေ မကူးနိုင်ဘူးဆိုရင် ကျနော်လည်းမကူးနိုင်ပါဘူး။ လှေနဲ့ကူးနိုင်တယ်ဆိုရင် ကျနော်လည်း လှေနဲ့ပဲကူးနိုင်တဲ့လူပါဗျ၊ အဲလောက်ပါပဲဗျ။
အထဲမှာနေတုန်းက စာအုပ်ဖတ်လို့ရလား။
အထဲမှာတုန်းက ပထမ ၁ဝ နှစ်ကတော့ ဘာမှမရဘူးပေါ့ဗျာ။ ၁၁ နှစ်လောက်ကြာတော့လည်း ဘာမှမရဘူးပေါ့ဗျာ။ ၁၂ နှစ်လောက်မှာ ICRC စဝင်တာပေါ့ဗျာ။ ICRC စဝင်တဲ့အခါမှာတော့ နည်းနည်းလေး ရလာတာပေါ့။ ဒါလည်းဗျာ စိစစ်ရေးကတော့ ကြာတယ်။ ICRC ပေးတဲ့ဟာလေး ဘာလေးတော့ရတယ်၊။ အင်္ဂလိပ်စာလေးဘာလေးပေါ့၊ အဲလောက်တော့ရတယ်။ နောက်ပိုင်းကျတော့ နည်းနည်းကောင်းသွားပြီဗျ။ ICRC ကျကျနန ဝင်ပြီးသွားပြီဆိုတဲ့အခါကျတော့ အိမ်ကနေပြီး ပို့လို့ရပြီပေါ့ဗျာ။ အိမ်ကပို့တဲ့စာအုပ်ကို သူတို့စစ်ဆေးတယ်ပေါ့။ ပြီးလို့ရှိရင် သူတို့က ပေးသင့်ရင်ပေးတယ်ပေါ့။ ဒါမျိုးကျတော့ ဖတ်လို့ရသွားပြီ။ အိမ်က ပို့တာလည်းဗျာ လွတ်လွတ်ကင်းကင်း အကြောင်းအရာပေါ့ဗျာ။ ဘာသာရပ်ဆိုင်ရာတွေပေါ့ဗျာ။ ပြီးတော့ ဘာသာရေးစာအုပ်တွေ၊ အဲလောက်ပဲရှိပါတယ်။ သူတို့ စစ်ဆေးတဲ့လူတွေအနေနဲ့လည်း ပေးလို့ရနိုင်တဲ့ဟာမျိုးပဲ ပေးတာပေါ့ဗျ။ အဲဒီမှာ ကျနော် စာစဖတ်ရပါတယ်။
၁၂ နှစ် ကျော်သွားပြီဆိုတဲ့အခါကျတော့ အဲဒီအချိန်မှာ စစ်တွေရောက်သွားပြီဆိုပါတော့။
အင်းပေါ့ - စစ်တွေရောက်ပြီး တော်တော်ကြီးကြာမှပါ၊ အဲဒီကျမှ ဖတ်ရတာပါ။
ICRC ကရော တော်တော်ကောင်းတယ် ဆိုပါတော့၊ သူတို့ဝင်လာတဲ့အခါကျတော့ အခွင့်အရေးပိုရတာပေါ့။
အင်းပေါ့ - ဒါပေါ့၊ သူတို့ကျေးဇူးလို့ ပြောရင်လည်း ရနိုင်မလားပဲဗျာ။ အတိအကျတော့လည်း မသိပါဘူး။
မှတ်မိလား၊ ၁၉၉၃ တုန်းကလား ၁၉၉၂ တုန်းကလားတော့ မသိဘူး။ အမေရိကန်လွှတ်တော်အမတ်တွေ ခင်ဗျားကို လာတွေ့သေးတယ် မဟုတ်လား အင်းစိန်မှာလေ။
မှတ်မိတယ်။
အဲဒီတုန်းက Don's give up! ဆိုပြီး ခင်ဗျား message ပို့လိုက်တယ်လို့ အပြင်မှာ ရေးကြသားကြတယ်ဗျ။ အဲဒါရော ပြောလိုက်မိလား၊ ဟုတ်လား။
အဲဒါတော့ ဗြောင်ပြောတာပဲဗျ။ ဘေးမှာကတော့ ထောက်လှမ်းရေးတွေရော ရံပြီးတော့ အကုန်လုံး နားထောင်နေကြတာပဲ။ သူတို့ရှေ့မှာတင် ဗြောင်ကိုပြောတာ။ သူတို့ကလည်း ဒီစကားဝိုင်းကို အနောက်က ရပ်ပြီးတော့ ဗြောင်နားထောင်တယ်။ ကျနော်တို့က ထိုင်ပြီးတော့ အဲဒီ Congressman တွေနဲ့ ဝိုင်းဖွဲ့ပြီးတော့ ပြောနေကြတာ။ ဗြောင်ကြီးကို ကျနော်ပြောလိုက်တာပဲဗျ။ အဲဒါတော့ အတိအကျပဲ၊ ခင်ဗျားကြားတဲ့ အတိုင်းပဲပေါ့ဗျာ။
အခု ဘာတွေရောလုပ်မယ် စိတ်ကူးလဲဗျ။
ဘာတွေဆက်လုပ်ရမယ် ဆိုတော့ ခင်ဗျားနဲ့ပြောပြီးလို့ရှိရင် ကျနော် ထမင်းစားမယ်ဗျာ။ (ရယ်သံများ)။ ခင်ဗျားမေးသလို ကျနော့်ကို စစ်ကြောရေးက မေးဖူးတယ်ဗျ။ (ရယ်သံများ) ခင်ဗျားကလည်းဗျာ - ဟေ့လူ - ဒါ နောက်နေတာ မဟုတ်ဘူးဗျ။ အမှန်ဆုံးစကားကို ပြောနေတာဗျ။
ခင်ဗျားထောင်ထဲမှာနေတုန်းက အပြင်မှာရှိတဲ့ သတင်းတွေ ဘယ်လောက် သိရသလဲဗျ။
ဘယ်လိုလုပ်သိပါ့မလဲ။ ခင်ဗျား စဉ်းစားကြည့်ပါဦးဗျာ၊ ကျနော်တို့ အထူးဆောင် ဆိုတဲ့ဝင်းက လူမပြောနဲ့ ကြောင်တောင်မှ ခွင့်မပြုရင် ဝင်လို့မရဘူး။ ငှက်တောင် ပစ်ချခံရမယ့် အနေအထားမျိုး ရှိတယ်။ အဲဒီတုန်းက ဘယ်လိုလုပ်ပြီး သတင်းရမလဲဗျ။
ဒေါ်အောင်ဆန်းစုကြည် လွတ်ပြီး ပြန်အဖမ်းခံရပြီတို့ဆိုတဲ့ သတင်းတွေ၊ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးခင်ညွန့်ကို ဖယ်ရှားလိုက်ပြီဆိုတဲ့သတင်းတွေကို ခင်ဗျား ကြားရလား။
၅/ညတွေထဲမှာရှိတဲ့ ဟာသတစ်ခုလေဗျာ။ ဘာကြားရလဲဆိုလို့ရှိရင် ရာဇာလီလာမယ်။ အဲ - အကြာကြီးစောင့်နေတုန်း နောက်တစ်ခါကျတော့ ရာဇာလီလာပြီ။ နောက်တစ်ခါ အကြာကြီးထပ်စောင့်။ နောက် ရာဇာလီပြန်သွားပြီ။ ရာဇာလီပြန်ရင် ထူးမယ်။ ဟုတ်တယ် မဟုတ်လား- အဲဒီသံသရာကြီး လည်ခဲ့တာပဲဗျ။ အဲဒီလိုမျိုးထဲက ကျနော်လည်းတစ်ယောက်ပါပဲဗျာ။ ကျနော်က အများထက်ကို အများကြီး ဆိုးပါတယ်ဗျ။ အလုံပိတ်ထားတာကိုးဗျ၊ ကျနော့်ကို ဘက်ပေါင်းစုံက ပိတ်ထားတာ။
ပီညဲရိုး (ကုလသမဂ္ဂလူ့အခွင့်အရေးအရာရှိ) လာတုန်းက ခင်ဗျား တွေ့လိုက်သေးလား။
ပီညဲရိုး ကြားဖူးသလိုလိုတော့ရှိတယ်။ ကျနော် ဘာမှ သိပ်မသိရဘူး။
ခင်ဗျားသိလိုက်တာ မီလိုက်တာ ယိုဇိုယိုကိုတာ ဖြစ်လိမ့်မယ်ထင်တယ်။
အင်း ဟုတ်တယ်။ ကျနော့်နဲ့ သူနဲ့ တွေ့ခဲ့တယ်လေ။ သူက အဲဒီတုန်းက ပြောတယ်လေ။ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ လာခဲ့ပါတယ်ပေါ့။ လူ့အခွင့်အရေး ရှိလား မရှိလား သိချင်ပါတယ်ပေါ့ဗျာ။ အဲဒီတော့ ကျနော်ကပြောတယ်။ လူ့အခွင့်အရေး ရှိလား မရှိလား သိချင်ရင် ကျနော့်ကို လူလူချင်းဆက်သွယ်ရေးမှာ အဆက်ဖြတ်ထားရုံနဲ့ကို အားမရဘူး၊ ဘုရားနဲ့ပါ အဆက်ဖြတ်ထားတယ်။ ကျနော် ဘာသာရေးစာအုပ်တောင် ဖတ်ခွင့်မရှိပါဘူး။ အဲဒါကို ကျနော် အဓိကပြောလိုက်တယ်ဗျ။ ဒါတော့ မှတ်မိတယ်။
ထောင်ထဲမှာနေတုန်းက ဘာသာရေးရော လုပ်ဖြစ်လား။
ဘာသာရေးတော့ လုပ်ဖြစ်ရတာပေါ့ဗျ။ နောက်ဆုံးက ဒါပဲရှိတော့တာပေါ့ဗျ၊ အဲဒါချည်းပဲ ထိုင်ရတာပေါ့။ အဲဒါကြောင့်လည်း ကျနော် နည်းနည်းနေနိုင်တာပေါ့။
စစ်တွေကို ဗြုန်းဒိုင်းကြီး ဘာကြောင့်ပို့လဲ၊ ခင်ဗျား သိလား။
အေးဗျ၊ ဒီဥစ္စာ ကျနော်လည်း စဉ်းစားနေတာပဲ။ ကျနော် ညွှန်မှူးကို မေးတယ်ဗျ၊ အဲဒီတုန်းက အုပ်စုညွှန်မှူး ပေါ့ဗျာ။ သူက စစ်တွေကိုရောက်လာရော။ ကျနော်ရောက်ပြီး မရှေးမနှောင်း ရောက်လာတာပေါ့ဗျာ။ ရောက်လာတော့ သူက ဘယ်လိုလဲ - နေရထိုင်ရတာ ဒီမှာတော့ အဆင်ပြေတယ်မဟုတ်လား - နည်းနည်းတော့ ပိုပြီးတော့ ကျယ်ကျယ်ဝန်းဝန်းရှိမှာပေါ့ - ပြောတော့ ကျနော်က အန်ကယ်ကြီး ဘာဖြစ်လို့ ကျနော့်ကို ဒီကိုပြောင်းလိုက်ရတာလဲဆိုလိုက်တော့ ဟား - ဘယ်သိပါ့မလဲ၊ ခွကျတာပဲဆိုပြီး ခေါင်းကုတ် ပြေးတော့တာပဲဗျ။ အဲလိုဗျ။
ခင်ဗျား တစ်ယောက်တည်း ကွက်ပြီးပို့တာကို ဘယ်လိုတွက်မိလဲ။
စစ်တွေကိုလား။ တစ်ခုတော့ရှိတယ်ဗျ၊ စစ်တွေဆိုတာက အင်္ဂါနံဗျ၊ အင်္ဂါပေါ့ဗျာနော်။ ကျနော်က ကြာသပတေးသားဗျ၊ ကြာသပတေးသားဆိုတော့ သူက ဗေဒင်သဘောနဲ့ ပြောမယ် ဆိုလို့ရှိရင် - ကြာသပတေးနံကို နိုင်တာက အင်္ဂါပေါ့ဗျာ။ ခင်ဗျား ကြာသပတေးနံ အင်္ဂါနံတွေတော့ သိတယ်မဟုတ်လား။ အဲဒီတော့ ကျနော်က ကြာသပတေးသားဆိုတော့ အင်္ဂါနံနဲ့စတဲ့ စစ်တွေကိုပို့သလား၊ ကျနော်က အဲဒါမျိုး စဉ်းစားမိတာပဲဗျာ။ ဘာဖြစ်လို့လဲဆိုတော့ တချို့ဆိုရင် ဗေဒင်နဲ့လုပ်တဲ့လူတွေဘာတွေ ရှိတာကိုးဗျ။ ယတြာသဘောနဲ့ဘာနဲ့ မပြောတတ်ပါဘူးဗျာ၊ ထင်တာပါ။ တယ်လီဖုန်း နောက်တစ်ခုလာနေပြီဗျို့။ ဖြတ်လိုက်ရင် ကောင်းမယ် ထင်တယ်ဗျ။ ပိတ်လည်း အားနာတယ်လေ။
ဖုန်းတစ်ခု ထပ်လာနေပြီလား။
ဟုတ်တယ်။ နောက်တစ်ခု ထပ်လာနေလို့၊ ချိန်းလည်း ချိန်းထားတာပါ။
ခင်ဗျား ပညာရေးကိစ္စတွေရော နိုင်ငံတကာ သွားမယ့်ကိစ္စတွေဘာတွေ အစီအစဉ်ရှိလား။
ဒါတွေတော့ဗျာ - မစဉ်းစားရသေးပါဘူး။ နောက်မှ အေးဆေးထပ်ပြောရင်လည်း ပြောဦးလေဗျာ - နော။
Monday, November 22, 2004
DVB interview
မင်းကိုနိုင်နဲ့ အင်တာဗျူး
တနင်္ဂနွေ သတင်းအစီအစဉ်အဖြစ် စစ်အစိုးရထောင်တွေထဲမှာ ၁၆နှစ် နီးပါးကြားနေခဲ့ရတဲ့ ကျောင်းသား ခေါင်းဆောင် မင်းကိုနိုင်နဲ့ မေးမြန်းချက်ထဲက ပထမအပိုင်းကို ထုတ်လွှင့်ပေးသွားမှာ ဖြစ်ပါတယ်။ ထောင်တွင်း အိပ် မက်ဆိုးက နိုးထလာချိန်မှာ óကံတွေခံစားခဲ့ရတာတွေကို အနုပညာပိုးပါသူပီပီ နူးညံ့တဲ့ ခံစားချက် အမြင်တွေနဲ့ ပြော ပြထားတာတွေကို နားစဉ်ရမှာ ဖြစ်ပါတယ်။ ကိုမိုးအေးက မေးမြန်းခဲ့တာပါ။
ကိုမိုးအေး။ ။ ဟုတ်ကဲ့ ကိုမင်းကိုနိုင် ကျနော် နော်ဝေး ဒီမိုကရက်တစ် မြန်မာ့အသံက ခေါ်တာပါ။
ကိုမင်းကိုနိုင်။ ။ ဟုတ်ကဲ့ခင်ဗျား။
ကိုမိုးအေး။ ။ နေကောင်းလား မသိဘူးခင်ဗျ။
ကိုမင်းကိုနိုင်။ ။ ဟုတ်ကဲခင်ဗျာ၊ ကောင်းပါတယ်။ ကောင်းတယ်ဆိုတော့ဗျာ ကျန်းမာရေးကတော့ အပြည့်အစုံ ကြီးတော့ မဟုတ်ဘူးပေါ့။ ဒါပေမယ့် ကျန်းမာရေးကောင်းအောင်တော့ ကြိုးစားပြီးတော့ နေပါတယ်။ မျက်လုံးပူနေ တာတို့ ဘာတို့တော့ ရှိတာပေါ့ဗျာ။ ကိုယ်လေးနည်းနည်းပူနေတယ်။ မျက်လုံးပိုင်းမှာ ကြည့်ရတာ သိပ်မကောင်းဘူး။ ဒါပေမယ့် မျက်လုံး ထိခိုက်တာတော့ မဟုတ်ပါဘူး။
ကိုမိုးအေး။ ။ ဟုတ်ကဲ့ခင်ဗျ။
ကိုမင်းကိုနိုင်။ ။ နော်ဝေး ဒီမိုကရက်တစ်မြန်မာ့အသံ ဆိုတော့ တိုက်တိုက်ဆိုင်ဆိုင်ဗျာ ဘယ်လိုနှုတ်ခွန်းဆက်ရ ကောင်းမလဲဆိုတော့၊ ဒီလိုဗျ၊ ကျနော် ထောင်ထဲမှာ နေခဲ့တုန်းကလေ ဘာမှလည်း ဖတ်ဖို့လည်းမရ၊ ပြုလို့လည်းမရ အဲ့လိုပဲ (၁ဝ)နှစ်လောက်ကြီး နေခဲ့ရတုန်းကဆိုရင် ဖတ်စရာ ဘာမှမရှိတဲ့အခါကျတော့ဗျာ တယောက်တည်း ပျင်း တော့ မနေနိုင်ဘူးဗျ၊ အဲ့တော့ ကျနော် နောက်ဆုံးတော့ ဆေးလိပ်သောက်ရင်းနဲ့ ဆေးလိပ်တိုလေးတွေကို ကြည့်လိုက်တော့ ဆေးလိပ်တို အစီခံလေးတွေမှာလေ သတင်းစာ ဖြတ်ပိုင်းလေးတွေနဲ့ လိပ်ထားတာတွေ့တယ်ဗျ။ အဲ့လို တွေ့တော့ အဲ့ဒီသတင်းစာ ဒါဆိုရင်တော့ ဖတ်စရာပဲကွာ ဆိုပြီးတော့ ဖတ်ဖို့ကြည့်လိုက်တော့ သတင်းစာတော့ သတင်းစာပဲ။ အဲ့မှာ မျက်နှာကြီးတခု တွေ့တယ်။ နောက်ပုံပေါ့ဗျာ၊ စာတော့သိပ်မတွေဘူး။ နောက်တလိပ်ကုန်ပြန် တော့လည်း ဒီမျက်နှာ၊ နောက်တလိပ် ကုန်ပြန်တော့လည်း ဒီမျက်နှာ၊ အဲ့ဒါနဲ့ တခါကျတော့ ကံအားလျော်စွာ သတင်းစာရဲ့ ဖြတ်ပိုင်းလေးတခု တွေ့လိုက်တယ်။ အဲ့ဒီသတင်းစာ ဖြတ်ပိုင်းမှာ ဘာလဲဆိုတော့ အဲ့ဒါက နော်ဝေးနိုင်ငံ မှာတဲ့ အမျိုးသမီးတယောက်ဟာ လယ်သမားတယောက်ကောက်ရတဲ့ ငှက်ဥကြီး ကြီးကြီး တလုံးကိုတဲ့ ရလိုက်ပါတယ် တဲ့။ အဲ့ဒါနဲ့ အဲ့ဒီအမျိုးသမီးကြီးက ကြည့်လိုက်တဲ့ အခါကျတော့ အော် ဒါဟာ ပေါက်နိုင်သေးတဲ့ ငှက်ဥပါလားဆိုတာ သိသွားတယ်ခင်ဗျ။ အဲ့ဒါနဲ့ သူက ဘယ်လိုလုပ်ပြီးတော့ ဒီငှက်ကို ပေါက်လာအောင် လုပ်ရပါ့မလဲဆိုတော့ ကြံရာမရ တဲ့အဆုံးမှာ သူဟာ သူ့ရဲ့ ရင်ငွေ့ကြားထဲမှာ ထားလိုက်ပြီးတော့ ဒီငှက်ကလေးကို ပေါက်အောင် ငါ ရင်ငွေ့ပေးမယ်။ ပြီးလို့ရှိရင် ပေါက်လာတဲ့ ငှက်ကလေးကို အသက်ရှင်အောင် ပြုစုဖို့ ဆုံးဖြတ်လိုက်ပါတယ်ဆိုတဲ့သတင်းလေးကို ဖတ် လိုက်ရတယ်ဗျ။ အင်မတန် သတင်း ငတ်မွတ်ပြီးတော့ ဒီလိုလေး ကြားလိုက်ရတယ်ဆိုတော့ ခါးသက်တဲ့အတွေ့အကြုံတွေ အကြားမှာ ဒါလေးကို ကြားလိုက်ရတော့ သြော် လူဆိုတာ ဒီလိုလည်း ရှိပါလား၊ ငါမေ့နေလို့ပါလားလို့ ကျနော် ခံစားလိုက်ရတယ်ဗျ။ အဲ့ဒါလေးက ကျနော်နဲ့ နော်ဝေးနဲ့ ပတ်သက်နေတဲ့အကြောင်းလေးပေါ့ဗျာ။
နော်ဝေးနိုင်ငံက အကြောင်းလေးဆိုတော့ ဒါဟာ နော်ဝေးနိုင်ငံက ကျနော့်ကို နှုတ်ခွန်းဆက်တဲ့အချိန်မှာ ဒီဟာလေးကို သတိရပြီး တော့ ပြန်ပြီးတော့ မင်္ဂလာပါလို့ ကျနော် နှုတ်ခွန်းဆက်ပါတယ်။
ကိုမိုးအေး။ ။ ဟုတ်ကဲ့ခင်ဗျ၊ ကျေးဇူးအများကြီးတင်ပါတယ်။ အဲ့တော့ ကိုမင်းကိုနိုင် အခုပြန်လွတ်လာပြီးပေါ့ နော်။ ကိုမင်းကိုနိုင် (၁၆)နှစ်ကြာ ပြင်ပကမ္ဘာနဲ့ အဆက်ပြတ်ပြီး ပြန်လွတ်လာတယ်ဆိုတော့ ဒီ (၁၆)နှစ်တာ ကာလ အတွင်း ကိုမင်းကိုနိုင် ဒီ ထောင်ထဲကိုမသွားခင်နဲ့ ဒီ ထောင်ကနေပြန်လွတ်လာတဲ့ ဒီ (၁၆)နှစ်တာ ကာလအတွင်းမှာ ဘာတွေ သိသိသာသာ ထူးခြားမှု၊ ပြောင်းလဲမှုတွေကို ကိုမင်းကိုနိုင် သတိပြုမိလဲ မသိဘူး။
ကိုမင်းကိုနိုင်။ ။ ဟုတ်ကဲ့ ဟိုဟာပေါ့လေ။ ရုပ်ဝတ္တုတွေ အဆောက်အအုံတွေပေါ့လေ။ အဆောက်အအုံကြီးကြီး တွေ၊ အဆောက်အအုံကောင်းကောင်းတွေ တွေ့ရပါတယ်။ တချို့ဆိုလို့ရှိရင် မျက်စိကို လည်သွားတာပေါ့ဗျာ။ ဒီနေရာ ဟုတ်ရဲ့လား၊ အရင်က ဒီနေရာမှာ ဒါရှိတယ်။ အခုတော့ ဒီလိုမဟုတ်ပါလား၊ တော်တော်ကို မျက်စိလည်တယ်ဗျ။ ဒါ ပေမယ့် အဆောက်အအုံတွေ တချို့မှာ ဆိုရင် ဥပမာ တချို့နေရာတွေမှာ အတူသွားတဲ့သူတွေက သတိပေးတယ်ဗျ။ ဥပမာ ဆိုရင်ဗျာ။ တည်းခိုခန်းဆိုတဲ့ ဆိုင်းဘုတ်မျိုးပေါ့ဗျာ၊ အဲ့တော့ တည်းခိုခန်းဆိုရင် နှာခေါင်းပိတ်ထား ဆိုပြီးတော့ ကျနော့်ကိုပြောတယ်။ ဘာဖြစ်လို့လဲဆိုတော့ မီးဖိုချောင်ရှိလိုလား၊ သား၊ ငါးတွေ ခုတ်ထစ်နေလို့လား။ မဟုတ်ဘူးဗျ။ သူတို့က ညှီနံ့နံတယ်လို့ပြောတယ်ဗျ။ အဲ့ဒါနဲ့ ကျနော်လည်း အနားဖြတ်သွားတော့ နှာခေါင်းပိတ်ပြီးတော့ သွားခဲ့ ရတယ်ဗျ။ အဲ့လိုနဲ့ နားမလည်တာတွေတော့ ကျနော်ရှိတယ်ဗျ။ အဲ့လောက်ပါပဲဗျာ။ အဲ့လောက်ဆိုရင်တော့ သိပါလိမ့် မယ်။ နောက်နေ့တော့ ဘာတွေ တွေ့အုံးမလဲ မသိဘူးဗျာ။
ကိုမိုးအေး။ ။ ဟိုဟာ ကိုမင်းကိုနိုင်စကားနဲ့ဆိုရင်တော့ အိပ်မက် ကမ္ဘာက လန့်နိုးထားတဲ့အနေအထားပဲ ရှိသေးတာပေါ့၊ ဒီလိုပေါ့။
ကိုမင်းကိုနိုင်။ ။ ဒီလိုပေါ့ဗျာ။ အိပ်မက်ကမ္ဘာကလန့်နိုးတော့လည်း အိပ်မက်ဆန်ဆန်။
ကိုမိုးအေး။ ။ အဲ့တော့ အခုဒီပေါ့ အိပ်မက်ကမ္ဘာက ပြန်လန့်နိုးလာတယ်ဆိုတော့ ကျနော်တို့ ဒီအိပ်မက်ကမ္ဘာ မနိုးခင်ရက်အထိ ကိုမင်းကိုနိုင်ရဲ့ တကယ် ဒီအမှောင်အမိုက်တွေ၊ အိပ်မက်ကမ္ဘာအကြောင်းလေး ပြန်မေးချင်လို့ခင်ဗျ။ အခု ဒီဟာပေါ့ ကိုမင်းကိုနိုင်ကို ဖမ်းတုန်းက ၁၉၈၉ ခုနှစ်က ဖမ်းတုန်းက ဘယ်လိုမျိုးဖမ်းလဲ၊ ဘယ်လိုမျိုးစွဲချက် တွေနဲ့ချလဲ။ အဲ့ဒါလေးတွေကော ကိုမင်းကိုနိုင်ပြန်ပြောပြလို့ ရမလားခင်ဗျ။
ကိုမင်းကိုနိုင်။ ။ ၁ဝ (က)နဲ့ ကျနော်ကို သုံးနှစ်နီးပါး ထိန်းသိမ်းပြီးသွားတဲ့အခါမှာ တနေ့မှာ အခန်းထဲကနေပြီး တော့ မျက်စိပိတ်ပြီးတော့ ခေါ်သွားပါတယ်။ မျက်စိဖွင့်လိုက်တဲ့နေရာမှာ စစ်ခုံရုံးထဲကို ကျနော် ရောက်နေပါတယ်။ အဲ့ ဒီစစ်ခုံရုံးက နေပြီးတော့ ကျနော့်ကို ဒါတွေ ဒါတွေ လုပ်ခဲ့တယ်မဟုတ်လား မေးပါတယ်။ ကျနော်ကလည်း ဟုတ်တယ်။ ဒါတွေ ကျနော် အတိအကျ လုပ်ခဲ့ပါတယ်။ ဒီထက် လုပ်ခဲ့တာတွေလည်း ရှိပါသေးတယ်။ သူတို့က ဒီလောက်နဲ့ လုံ လောက်ပြီ။ အဲ့ဒါနဲ့ ကျနော်ကို တရားစွဲဖို့ ပြင်ပါတယ်။ တရားစွဲတာကတော့ ပုဒ်မ ၁၂၄ ပေါ့ဗျာ။ နိုင်ငံတော်အစိုးရကို အကြည်ညို ပျက်အောင် လှုံ့ဆော်၊ ရေးသား၊ ဟောပြောမှုဖြစ်ပါတယ်။ အဲ နောက်ပုဒ်မတခုကတော့ ၁၉၆၂ ခုနှစ် ပုံနှိပ် အက်ဥပဒေနဲ့ပါ။ အဲ့ဒါကတော့ ကျနော်တို့ ကျောင်းသားသမဂ္ဂက နေပြီးတော့ သမဂ္ဂသတင်းစာကို ထုတ်တဲ့ အပြစ်ပါ၊ နောက်ပြီး စီစစ်ရေးကို မတင်လို့ပါ တဲ့။ အဲ့ဒီနှစ်ချက်နဲ့ ကျနော်ကို တရား စွဲဆိုခဲ့ပါတယ်။ ပြီးတဲ့အခါမှာ ပြစ်ဒဏ် နှစ်ခု ပေါင်းလိုက်ပြီတော့ ထောင်ဒဏ် (၁၅)နှစ် ကျခံစေလို့ ချခဲ့ပါတယ်။ အဲ့ဒါပါပဲခင်ဗျ။
ကိုမိုးအေး။ ။ ဟုတ်ကဲ့ခင်ဗျ။ အဲ့တော့ ကျနော်တို့ သိသလောက် ထောင်ဒဏ်ပြစ်ဒဏ်ကို စေ့ပြီးတော့ (၁၅) နှစ်ကနေ (၁ဝ)နှစ် ပြည့်သွားတယ်ပေါ့နော်။ (၁ဝ)နှစ်ပြည့်ပြီး ပုဒ်မ ၁ဝ(က)တပ်တယ် ကြားတယ်လေ။ ပုဒ်မ ၁ဝ(က) တပ်တုန်းကကော ကိုမင်းကိုနိုင် ဘယ်လိုဖြစ်မိလဲ။ စိတ်ထဲမှာ။
ကိုမင်းကိုနိုင်။ ။ ၁ဝ (က)ကတော့ဗျာ။ ဆိုလိုတာကတော့ သူတို့က နှစ်ပြည့်သွားတဲ့နေ့မှာ အဲ့ဒီအချိန်မှာ ရှိခဲ့တဲ့ ထောင်ပိုင်ကြီးက ကျနော်ဆီမှာ ရောက်လာပြီးတော့ ဒီနေ့ဟာဖြင့်ရင်တော့ ပစ်ဒဏ်ကတော့ ပြည့်ပါပြီ။ လွတ်တဲ့နေ့ ပါပဲ။ သို့သော်လည်းပဲ ပုဒ်မ ၁ဝ(က)နဲ့ ပြန်ပြီးတော့ ထိန်းသိမ်းလိုက်တယ်လို့ စာရောက်လာပါတယ်။ ဒီလိုပဲ ပြော တယ်။ ဒါကို ဘယ်လိုမြင်သလဲ၊ ဘယ်လို ထင်သလဲလို့ ပြောရင်တော့ သူတို့အနေနဲ့ ဒီဥစ္စာ ကျနော့်ကို အပြင်မှာထား ရင် သူတို့အတွက် အန္တရာယ် ရှိတယ်လို့ အဲ့ဒီအချိန်က လူတွေက ယူဆခဲ့ပုံရပါတယ်။ ကျနော် ဒီလောက်ပဲ ခန့်မှန်း နိုင်တယ်။
ကိုမိုးအေး။ ။ ဟုတ်ကဲ့၊ နောက်ပြီးတော့ ကျနော်တို့ သိသလောက် ကိုမင်းကိုနိုင်လေ အင်းစိန်ထောင်ကနေပြီး တော့ စစ်တွေထောင်ကို ပြောင်းတယ်ပေါ့လေ။ ဘာကြောင့် စစ်တွေထောင်ကို ၊ မိသားစုနဲ့ဝေးတဲ့ စစ်တွေထောင်ကို ဘာကြောင့် ပြောင်းလိုက်တယ်လို့ ကိုမင်းကိုနိုင်သုံးသပ်မိလဲ၊ အဲ့ဒီအချိန်က။
ကိုမင်းကိုနိုင်။ ။ ဟုတ်ကဲ့၊ အဲ့ဒါကတော့ဗျ၊ ကျနော်လည်း ဘယ်လိုမှ စဉ်းစားလို့မရဘူးဗျ။ ဆိုတာကတော့ဗျာ ကျနော့်အတွက် ဘာ ထူးထူး ခြားခြား ပြောင်းလဲသွားလဲ ဆိုတော့ မိသားစုနဲ့တော့ ဝေးသွားတာပေါ့ဗျာ။ စစ်တွေဆိုတာ ကတော့ သိတဲ့အတိုင်းပဲဗျာ။ ရန်ကုန်မှာရှိတဲ့ အင်းစိန်လို သူများလို တလကို နှစ်ခေါက် မလာနိုင်တော့ဘူးပေါ့ဗျာ။ တနှစ်လုံးနေမှ တခေါက်လောက် အလွန့်အလွန်ဆုံး နှစ်ခေါက်လောက်မှ လာနိုင်တော့တာပေါ့ဗျာ။ ခရီးစရိတ်ကော၊ သွားရလာရတာ ခက်ခဲတာကော၊ ကျနော့်မိသားစုတွေက အင်မတန် အခက်အခဲဖြစ်သွားတာပေါ့ဗျာ။ ကျနော်နဲ့ ထောင်နဲ့က အဲ့ဒီကာလမှ ဘာပြဿနာမှ မပေါ်ခဲ့ဘူးဗျ။ ဘာမှလည်း မသိလိုက်ရဘူး။ ဒီလိုပဲဗျ၊ အဝတ်အစားတွေ သိမ်းပါဗျာတဲ့၊ ကျနော်ကတော့ လွတ်ရင် ဘာတခုမှ မယူသွားဘူးလို့ စဉ်းစားထားတာလေ။ အဲ့ဒီတော့ ယူစရာမလိုဘူး ထင်တယ်လေ ဒါ ဘာလုပ်မလို့လဲ ဆိုတော့၊ သူက အဲ့ဒါ ထောင်ပြောင်းရမယ်တဲ့၊ ဘယ်လဲဆိုတော့ မပြောဘူးဗျာ။ အဲ့ဒါ နဲ့ ကျနော် လေယာဉ်ပေါ် တက်လိုက်လာပြီး နောက်ဆုံးကျတော့ စစ်တွေကို ရောက်သွားတာပဲ။ ကျနော်ကိုယ်တိုင်း လည်း ဘာကြောင့်လဲ ဆိုတာ မသိခဲ့ရပါဘူး။ အဲ အဲ့ဒီကာလတုန်းက အုပ်စု ညွှန်ကြားရေးမှူး ရောက်လာတဲ့အခါ မှာ ကျနော် မေးပါတယ်။ ဘာကြောင့် ထောင်ပြောင်းလိုက်တာလဲ ဆိုတော့ ဒီကို ပို့လိုက်တာလဲ ဆိုတော့ သူလည်း မသိပါဘူးတဲ့၊ အဲ့လို ဖြေခဲ့တာပါပဲ ခင်ဗျ။
ကိုမိုးအေး။ ။ ဟုတ်ကဲ့၊ အဲ့တော့ အင်းစိန်ထောင်မှာ ဘယ်နှစ်နှစ်၊ စစ်တွေထောင်မှာ ဘယ်နှစ်နှစ် အဲ့ဒါကော ကိုမင်းကိုနိုင် မှတ်မိသေးလားခင်ဗျ။
ကိုမင်းကိုနိုင်။ ။ အင်းစိန်ထောင်မှာ ကျနော်ဟာ ၁၉၈၉ခု မတ်လ (၂၃)ရက်နေ့က စပြီးတော့ နေခဲ့ရပါတယ်။ အဲ့ ဒီကနေ့စပြီးတော့ ကျနော် ဟိုကို ၁၉၉၈ခု မေလ တတိယပတ်လောက်မှာ ကျနော် စစ်တွေထောင်ကို ပြောင်းခဲ့ရပါ တယ်။
ကိုမိုးအေး။ ။ ဟုတ်ကဲ့ခင်ဗျ။ အဲ့ဒီထောင်နှစ်ခုမှာ ကိုမင်းကိုနိုင်နေခဲ့ရတဲ့ ထောင်နှစ်ခုမှာ ဘယ်လိုမျိုး အခြေ အနေ ဘယ်လိုမျိုး တူညီမှု၊ မတူညီမှု ဘာတွေရှိမယ် ဆိုရင်ကော ကိုမင်းကိုနိုင်ဘာကို ပြောမလဲမသိဘူး။
ကိုမင်းကိုနိုင်။ ။ ထောင်နှစ်ခုမှာ ကွာဟတာကတော့ ထူးထူးခြားခြားတော့ မဟုတ်ပါဘူးဗျာ။ တခုရှိတာကတော့ အဲ့ဒီအချိန်တုန်းက ထောင်တွေမှာ အင်းစိန်ထောင်မှာ ဆိုရင် အထူးဆောင်ထဲမှာ ဟို ထောက်လှမ်းရေးတွေဟာ ကျနော်တို့ အကျဉ်းဦစီး ယူနီဖောင်းတွေ ဝတ်ပြီးတော့ ၂၄ နာရီ ပတ်လုံး ပတ်ချာလည် ရှိနေပါတယ်။ စစ်တွေထောင် ကို ရောက်သွားတဲ့ အခါမှာတော့ အဲ့လိုမျိုး မရှိတော့ဘူးပေါ့ခင်ဗျာ။ ကိုယ့်ရဲ့ မျက်စိ ရှေ့မှာ နားရှေ့မှာတော့ မတွေ့တော့ ဘူးပေါ့ဗျာ။ အဓိက အပြောင်းအလဲကတော့ ဒါပဲလို့ ပြောကြပါစို့ဗျာ။
ကိုမိုးအေး။ ။ ဟုတ်ကဲ့ခင်ဗျ။ ဒီ ၁၆ နှစ်တာမှာ ကိုမင်းကိုနိုင် တယောက်တည်းနေခဲ့ရတယ်ဆိုတော့ ပြင်ပ ကမBာကြီးနဲ့ အဆက်အသွယ် ပြတ်တယ် ဆိုတော့ အပြင်မှာ ဘာတွေ ဖြစ်ပျက်နေတယ် ဆိုတဲ့ သတင်းတွေကော ဘယ်လို မျိုး သိခဲ့တယ်၊ မသိခဲ့ဘူး အဲ့ဒါကို ပြောလို့ရမလား။
ကိုမင်းကိုနိုင်။ ။ အဲ့ဒါတော့ ကျနော်တို့ ထောင်ထဲက ပြန်ထွက်လာကြရတဲ့ ရဲဘော်တွေကြားထဲမှာ စကားလေး တခု ရှိတယ်ဗျ။ အဲ့ဒါကတော့ ဘယ်လိုလဲ ဆိုလို့ရှိရင်တော့ ထောင်ဝင်စာ လာလို့ရှိရင် အမြဲတမ်း ပြောကြတယ်။ စားဖို့ ဟင်း မပါရင်နေပါစေ၊ သတင်းပေးပါ။ ဟင်းငတ်တာ အရေးမကြီးဘူး၊ သတင်းငတ်တာ ပြဿနာ ဖြစ်တယ်လို့၊ အဲ့လိုမျိုး ပြောကြတာ ရှိတယ်ဗျ။ အဲ့ဒါနဲ့ ထောင်ထဲက လူတွေက ဘာကြားကြသလဲ ဆိုရင်တဲ့ ရာဇလီလာမယ်၊ ရာဇလီလာမယ် ဆိုတာကို ကြားခဲ့ရတယ်ဗျ။ အဲ့တော့ ရာဇလီလာရင် ဘာဖြစ်မလဲလို့ ပြန်မေးတဲ့အခါမှာ ရာဇလီ လာရင်တော့ထူး မယ်၊ ဒီလိုပဲ ပြောကြပါတယ်တဲ့။ အဲ့လိုနဲ့ စောင့်ရင်းစောင့်ရင်းနဲ့ နောက်ဆုံးတော့ ကြာပြီဆိုတဲ့အခါမှာ ရာဇလီလာပြီ လို့ ပြောကြပါတယ် ခင်ဗျ။ ရာဇလီလာရင် ဘာဖြစ်လဲဆိုတော့ ရာဇလီ လာရင် ထူးမယ် ဆိုပြီးတော့ အော်ကြရပြန် တယ်။ အဲ့တာနဲ့ စောင့်စားရင်း စောင့်စားရင်းနဲ့ ရာဇလီ ပြန်ရင် ထူးမယ်လို့ ပြောကြပြန်တယ်။ ဒါနဲ့ စောင့်စားရင်း စောင့်စားရင်းနဲ့ ရာဇလီပြန်ပြီလို့ ကြားပြန်တယ်။ ရာဇလီပြန်ပြီ ဆိုတဲ့အခါမှာ ထူးလား ဆိုတော့ ရာဇလီ ဟိုကို ရောက်သွားရင် ထူးမယ်လို့ ပြောကြပြန်တယ်တဲ့။ အဲ့ဒါနဲ့ ရာဇလီ ပြန်သွားပြီးတဲ့ အခါမှာ ထူးလားဆိုတော့ မထူးပါဘူး တဲ့၊ မထူးပါဘူး ဆိုပြီးတော့ ပြန်စောင့်နေကြပြန်တယ်။ အဲ့ဒါနဲ့နောက်တခါ မေ့လောက်ပြီ ဆိုတဲ့အခါကျတော့ ရာဇလီ လာမယ် ဆိုပြီးတော့ ပြန်လာပြန်ပါတယ် တဲ့။ အဲ့ဒီ သံသရာကြီးပဲ လည်နေတာပါပဲခင်ဗျာ။
ကိုမိုးအေး။ ။ အဲ့တော့ မစ္စတာရာဇလီ မစ္စတာရာဇလီ ဆိုတာ ဘာကြောင့် လာတာတွေဘာတွေကော ကိုမင်းကိုနိုင် ဘယ်လိုမျိုး သိထားလဲ၊ အထဲမှာ။ ထောင်ထဲမှာ နေတုန်းကလေ။
ကိုမင်းကိုနိုင်။ ။ အော် ဒီလိုပေါ့ဗျာ။ ကျနော်အခုမှလည်း လိုက်ပြီးတော့ မေးရတာပေါ့ဗျာ။ သူရောက်လာမှာ နဲ့ ပတ်သက်ပြီးတော့ ကျနော်အခုမှ လိုက်ပြီးတော့ သေသေချာချာ မေးမြန်းတော့ သူက ကုလသမဂ္ဂရဲ့ ကိုယ်စားလှယ် တဦးဖြစ်တယ် ဆိုတာကို သိရတယ်ခင်ဗျ။ ဆိုလိုတာကတော့ သူကတော့ စေ့စပ် ညှိနှိုင်းဆွေးနွေးဖို့ အတွက် လွှတ်လိုက် တယ်၊ သူဟာ ကြားကနေပြီးတော့ စေ့စပ်ဖြန်ဖြေပေးဖို့၊ ရင်ကြား စေ့ပေးဖို့အတွက် ကုလသမဂ္ဂ ကိုယ်စားလှယ်တ ယောက်အနေနဲ့ လွှတ်လိုက်တယ်လို့ အဲ့လိုကြားရတယ်။ ကြားရပြီးတဲ့အချိန်မှာ အာဏာပိုင် အဖွဲ့စည်းတွေက ရာဇ လီကိုတော့ ကြိုက်တယ်။ နှစ်သက်တယ်။ ရာဇလီကို ကြိုဆိုပြီးတော့ လက်ခံတွေ့ဆုံကြတယ်။ ရာဇလီကလည်း ရောက်လာပြီးတော့ အားတက်သရော ကြိုးပမ်းတယ်ပေါ့ဗျာ။ ဒါပေမယ့် ဘယ်လို အရာ ထင်ခဲ့တယ် မထင်ခဲ့ဘူးဆိုတာ ကျနော် အခုမှ လိုက်မေးရအုံးမယ်ခင်ဗျ။ ကျနော် သေချာမသိခဲ့ဘူးဗျ။ ဟို ထောင်ထဲမှာ နေခဲ့ရတဲ့ အများစုရဲ့ ဘဝက တော့ မစ္စတာ ရာဇလီလာမယ်။ မစ္စတာ ရာဇလီလာပြီ၊ မစ္စတာ ရာဇလီ ပြန်သွားပြီ အဲ့ဒီ သုံးခုနဲ့ပဲ ချာလပတ်လည် ခဲ့တာပါခင်ဗျ။ ဂျာအေး သူ့အမေ ရိုက်နေခဲ့တာပါပဲ။ ဒီလောက်ပါပဲ ခင်ဗျ။ ကျနော်နားလည်ခဲ့တာကတော့။
ကိုမိုးအေး။ ။ ဟုတ်ကဲ့ခင်ဗျ။ ကိုမင်းကိုနိုင် ဒီပဲယင်း ဖြစ်ရပ်ကြီးကော ထောင်ထဲမှာ ကြားခဲ့ရလာခင်ဗျ၊ ဒေါ်အောင်ဆန်းစုကြည် ယာဉ်တန်းကို ရိုက်တာ။
ကိုမင်းကိုနိုင်။ ။ ဒီပဲယင်း၊ ဒီပဲယင်း ဆိုတာကတော့ဗျာ အဲ့ဒီအချိန်မှာ ဘာလဲ၊ ဒီပဲယင်းဆိုတာ မဟာဗန္ဓုလ ဖြစ်လာမယ့် မောင်ရစ်ရှိတဲ့ နေရာလား၊ အဲ့နေရာကြီးမှာ မောင်ရစ်ရဲ့ အဲ စစ်သူကြီး မဟာဗန္ဓုလရဲ့ ရုပ်တုကြီး စိုက်လိုက်ပြီလား အဲ့ဒါကြီးထင်မှာပေါ့ဗျ။ ဘယ်လို လုပ်ပြီးတော့ ကျနော်တို့ ဘဝ သိနိုင်မလဲဗျာ။ အခု အပြင်ကျမှ ကျနော် လိုက်မေးနေရပါတယ်။ အဲ့လောက် ဖြစ်နေတယ်ဗျ၊ ကျနော့် အနေအထားက။
ကိုမိုးအေး။ ။ ကျနော်တို့ သိသလောက်ဆိုရင် ကိုမင်းကိုနိုင် နိုင်ငံရေးမှာတင် စောစောကပြောသလို ကိုယ်ကျိုး စွန့်လုပ်ခဲ့တာ မဟုတ်ပဲနဲ့ လုပ်ခဲ့တာတင် မကဘူးပေါ့လေ၊ တဖက်အနုပညာမှာလည်း သင်္ကြန်သံချပ်တွေမှာ သံချပ် တွေစပ်တာ စသဖြင့်ပေါ့လေ။ အဲ့ဒီတော့ ထောင်ထဲမှာကော သင်္ကြန်ကာလတွေမှာ ကိုမင်းကိုနိုင် ဘယ်လိုဖြစ်ခဲ့လဲ မသိဘူးခင်ဗျ။
ကိုမင်းကိုနိုင်။ ။ အော် သင်္ကြန်ရောက်ပြီ ဆိုရင်တော့ သင်္ကြန်သံချပ်ထိုးတဲ့ ကားတွေကို ကျနော် သတိရမိတာပေါ့ ဗျာ။ အဲ့ဒါလေးကို ကြည့်ပြီးတော့ပဲ ဖြေရတာပေါ့ဗျာ။ အညောင်း ဖြေရာတာပေါ့ အဲ့လို စိတ်အပန်းဖြေရတဲ့အခါကျ တော့ ဟို သင်္ကြန် သံချပ်ကား တခုကို သတိရတယ်ဗျ။ ဟို သူတို့ သံချပ်အဖွဲ့က မဏ္ဍပ်တခုထဲကို ဝင်လာတယ်ဗျာ။ မဏ္ဍပ်မှာ ပရိတ်သတ်တွေက စင်ရဲ့ လက်ဝဲဘက် လက်ယာဘက်မှာ အပြည့်ရှိပါတယ်။ ပြီးတဲ့အခါကျတော့ ဇာတ်စင် ရဲ့ ရှေ့ဘက်မှာကတော့ ဒိုင်ဖြတ် အမှတ်ပေး အဖွဲ့တွေ ရှိတယ်ပေါ့ခင်ဗျ။ အဲ့ဒါသူတို့ကားက ဇာတ်စင်ရဲ့ နောက်မှာ နေရာ ယူပြီးတော့ ထိုးစိုက်လိုက်ပါတယ်။ အဲ အဲ့ဒီအချိန်မှာ ဇာတ်စင်ပေါ်ကို ကျနော်တို့ ကားပေါ်ကနေပြီးတော့ အင်မတန် သေသေသပ်သပ် ခမ်းခမ်းနားနားနဲ့ ဝတ်ဆင်ထားတဲ့ လူပုဂ္ဂိုလ် တယောက် တက်လာပါတယ်။ သူဟာ ဆိုလို့ရှိရင် ရှေးမြန်မာကြီးများ ဝတ်လေ့ရှိတဲ့ ရင်းဖုံး ပိုးစွဲ ကတီပါနဲ့ ချုပ်ထားတဲ့ ရင်ဖုံးအင်္ကျီ၊ အချိတ် တောင်ရှည်ပုဆိုး နောက်ပြီးတော့ မောင့်ကျက်သရေ ခေါင်းပေါင်းကြီးနဲ့ပေါ့ဗျာ စင်ပေါ်ကို သူက ဇာတ်စင်ရဲ့ နောက်ဘက်က နေပြီး တော့ တက်လာပါတယ်၊ ကျနော်တို့ ဇာတ်စင် ရှေ့ဘက်က ဒိုင်လူကြီးတွေကတော့ ဒါ ဟုတ်ပြီပေါ့ အင်မတန်မှ ခမ်းနားတဲ့ ဝတ်စား ဆင်ယင်မှုကြီးနဲ့ ကျကျနနကြီး တက်လာပြီလို့ ကြည့်နေတယ်ခင်ဗျ၊၊ အားလုံးကလည်း ငြိမ်ပြီး ကြည့်နေတယ် ဒါတော့ ဘာလုပ်မလဲ။ သူက စင်နောက်ဘက်ကနေ တက်လာတဲ့အခါမှာ နောက်နားဘက်က ပရိသက်တွေက တခစ်ခစ်နဲ့ ရယ်ကြတယ်ခင်ဗျ။ ရယ်ကြတဲ့အခါမှာ သူက ဘေးဘီကိုလှည့်ကြည့်ပြီးတော့ ဘာရယ်တာလဲ အဓိပ္ပာယ် မရှိတာ ဆိုတဲ့ မျက်နှာနဲ့ သူက ဘေးဘက်ကို လှည့်လှည့်ကြတယ်ခင်ဗျ။ အဲ့လို လှည့်ကြီး ပြီးတော့ စင်ရဲ့ရှေ့ကို ရောက်လာလေလေ၊ ဘေးက အတွင်းပိုင်းကျတဲ့ ပရိတ်သတ်တွေက ဝါးခနဲ ဝါးခနဲ ရယ်လေလေ။ အဲ့ဒီတော့သူကလည် ဘုကြည့်ပြန်ပြီးတော့ လှည့်ကြည့်လေလေ၊ အဲ့လိုဖြစ်နေတာပေါ့ခင်ဗျ၊ အဲ့လို ဖြစ်နေတော့ ကျနော်တို့ ဇာတ်စင်ရှေ့ဘက်မှာရှိတဲ့ ဒိုင်လူကြီးတွေက ဒါကို သူတို့လည်း ဒိုင်လူကြီးတွေ ဘယ်လိုမှ နားမလည် ဘူးခင်ဗျ။ ဇာတ်စင်ဘေးမှာ ရှိနေတဲ့ ပရိတ်သက်တွေ ဘာလို့ တသောသော ရယ်နေလဲ သူတို့နားမလည်ဘူး။ အဲ့တော့ ခုနက အကျအန ဝတ်စားထားတဲ့ ပုဂ္ဂိုလ်ကြီးကနေပြီးတော့ ဇာတ်စင် ဘေးနှက်ဖက်ကို ဘာရယ်တာလဲ အဓိပ္ပာယ် မရှိဘူး ဆိုတဲ့ အကြည့်နဲ့ကြည့်တယ်။ ဒီလိုကြည့်လာတော့ နောက်ဆုံးတော့ ဘေးကပရိသတ်တွေက တသောသောနဲ့ ပွဲကျအောင် ရယ်ကျရောခင်ဗျ။ အဲ့ဒိအခါမှ ဒိုင်လူကြီးတွေကလည်း ဘယ်လိုမှ နားမလည်ဘူး။ ကြည့်နေကော၊ ကြည့်နေတဲ့အခါကျတော့ ဟိုလူက နှုတ်ခွန်းဆက် စကားကိုတောင်မှ မပြောဖြစ်တော့ပဲ ဒီလောက် တောင်မှ အဓိပ္ပာယ် မရှိ ရယ်နေတဲ့ ပရိတ်သတ်တွေတော့ ဘယ်လိုနည်းနဲ့မှ မပြိုင်ဘူးကွာ၊ ဒီမဏ္ဍပ်မှာတော့ မပြိုင်ဘူး ကွ ဆိုပြီးတော့ အမူအယာမျက်နှာပေးနဲ့ စင်ပေါ်ကနေ ချာကနဲလှည့်ပြီတော့ အောက်ကို ထွက်သွားတယ်။ အဲ့လို့ လှည့်လိုက်တဲ့အချိန်မှာ ဇာတ်စင်ရဲ့ ရှေ့ဘက်မှာရှိတဲ့ အကဲဖြတ်တွေက သိလိုက်ရပါတယ်တဲ့ခင်ဗျ။ ဘာဖြစ်လို့လဲ ဆိုတော့ သူရဲ့ ကျောဘက်မှာ အင်္ကျီ ဗလာ၊ ပုဆိုးလည်း သူ့မှာ မရှိ၊ ပြဲစုတ်နေပြီးတော့ ခါတောင်းကို မြှောင်အောင် ကျိုက်ပြီးတော့၊ ရှေ့ဘက်ကိုပဲ လှအောင်လုပ်လာတဲ့ ပုဂ္ဂိုလ်ကြီးကိုခင်ဗျ။ အဲ့ဒီ ပုဂ္ဂိုလ်ကြီးက အောက်ဆင်းသွားတဲ့ အခါကျမှ သူတို့ဖျော်ဖြေမှု အခန်းကဏ္ဍက အဲ့ဒီမှာ စတယ်လို့ သိလိုက်ရပါတယ်။ ကျနော်အဲ့ဒါလေးကို သတိရပြီးတော့ ကျနော့်မှာ ပြုံးနေရတာပေါ့ဗျ။ အဲ့ဒါဟာ ခေတ် အဆက်ဆက်မှာ ရှိခဲ့တဲ့ ပျက်လုံးလား ဟုတ်လား မဟုတ်လားဆိုတာ ကျနော်တွေးပြီးတော့ သင်္ကြန်တွင်း ကာလတွေကို ထောင်ထဲမှာ အချိန် ကုန်ခဲ့ရပါတယ်။
ကိုမိုးအေး။ ။ ဟုတ်ကဲ့ခင်ဗျ၊ ကိုမင်းကိုနိုင် အခု ပြန်လွတ်လာတယ် ဆိုတော့ ကျနော်တို့ သိသလောက်ဆိုရင် ထောက်လှမ်းရေးရဲ့ အမျိုးသား ထောက်လှမ်းရေးရဲ့ မတရားဖမ်းဆီးမှုကို ပြန်လွှတ်ပေးတယ် ဆိုတဲ့ ကြေညာချက်နဲ့ သူတို့ ပြန်လွှတ်ပေးတယ်ပေါ့လေ၊ အမျိုးသား ထောက်လှမ်းရေးကိုလည်း သူတို့ ဖျက်သိမ်းလိုက်ပြီ ဆိုတော့ ကိုမင်းကိုနိုင်ကို ဖမ်းတော့ ထောက်လှမ်းရေး ဆိုတော့ ဒီအပေါ်မှာ ကိုမင်းကိုနိုင် ဘယ်လိုမျိုး မြင်လဲခင်ဗျ။
ကိုမင်းကိုနိုင်။ ။ ကြေညာချက်အရ ဆိုလို့ ရှိရင်တော့ ဒါကတော့ အမှန်တရားနဲ့ တော်တော်လေးကို အတတ်နိုင် ဆုံး နီးစပ်အောင် သူတို့ကြိုးစားပြီးတော့ ကြေညာပေးထားတဲ့ ကြေညာချက်ပဲခင်ဗျ။ ဒါကတော့ အတတ်နိုင်ဆုံး ပျော့ပျော့ ပြောင်းပြောင်းနဲ့ဖြစ်အောင် ဟို ယုတ္တိယုတ္တာလေးလည်း မှန်မှန်ကန်ကန် ရှိအောင် ဒီလို ကြေညာပေးတယ်လို့ ကျနော် ယူဆပါတယ်။ ဆိုတော့ ဒီလမ်းစဉ်အောက်မှာ လွတ်လာတဲ့ လူတွေ အဖို့လည်း အမှန်တရားနဲ့ နီးစပ်ပြီးတော့ ကျနော် တို့ ဖြောင့်ဖြောင့်မတ်မတ် ထွက်လို့ ကောင်းတယ်ပေါ့ခင်ဗျာ၊ အထွက်ကောင်း လို့ပဲ ကျနော် ပြောချင်ပါတယ်။
ဆက်သွယ်မေးမြန်းချက် ပထမပိုင်းဖြစ်ပါတယ်။
RFA interview 1 & 2
သောတရှင်များ ခင်ဗျာ ။ ထင်ရှားလှတဲ့ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကို မြန်မာစစ်အစိုးရက နိုဝင်ဘာလ ၁၉ရက်နေ့ မနက်ပိုင်းက စစ်တွေ အကျဉ်းထောင်ကနေ ပြန်လွှတ်ပေးခဲ့ပါတယ်။ ခုလို ပြန်လည် လွတ်မြောက်လာတဲ့ ကိုမင်းကိုနိုင်ကို အာဖက်အေမှ ဦးမင်းဇင်က ဆက်သွယ် မေးမြန်းထားပါတယ်။ ဒီ ဆက်သွယ် မေးမြန်းချက်ကို အပိုင်း ၂ ပိုင်းခွဲပြီး တင်ဆက်မှာ ဖြစ်ပါတယ်။ ဒီကနေ့ ပထမပိုင်းမှာတော့ ကိုမင်းကိုနိုင်ရဲ့ ထောင်တွင်း အတွေ့အကြုံ၊ အခက်အခဲတွေကို ဖြတ်ကျော် ရင်ဆိုင်ခဲ့ပုံ၊ ကျန်းမာရေး အခြေအနေ စတာတွေကို မေးမြန်းထားပါတယ်။ ဦးမင်းဇင်ရဲ့ ဆက်သွယ် မေးမြန်းခန်း ပထမပိုင်းကို နားဆင်ကြပါ ခင်ဗျာ။
RFA - ကိုမင်းကိုနိုင် ဟာ (နအဖ) အကျဉ်းထောင်ထဲမှာ နှစ်ပေါင်း (၁၆) နှစ်နီးပါး တစ်ယောက်တည်း နေခဲ့ရတာ ဖြစ်တဲ့ အတွက်ကြောင့်မို့ မနေ့က ပြန်လွတ်မယ် ဆိုတော့ ထောင်အာဏာပိုင်တွေက ဘယ်လိုများ လာအကြောင်းကြားပါလဲခင်ဗျာ၊ အဲဒီကာလက မျှော်များ မျှော်လင့်ထားပါသလား။ ဒါမှမဟုတ် မမျှော်လင့်ပဲ ကြုံရတာလား။
(ကိုမင်းကိုနိုင်)။ ။ ကျွန်တော့် အနေနဲ့ကတော့ ရေရေရာရာ တိတိကျကျတော့ ဘာမှ မသိခဲ့ရပါဘူး။ သို့သော်လည်းပဲ အခြေအနေ အရပ်ရပ်က ကျွန်တော်တို့ မကြာခင်လေးမှာပဲ နည်းနည်း ထူးခြားမှု ရှိမယ်လို့ ဆိုတဲ့ အမှတ် လက္ခဏာမျိုးတော့ ကျွန်တော် ခံစားလိုက်ရ သလိုမျိုး ရှိပါတယ်။ အဲဒီမနက်မှာပဲ ကျွန်တော်ကို ကျွန်တော့်ရဲ့ အမျိုးသား မှတ်ပုံတင် (နံပါတ်) တောင်းပါတယ်ခင်ဗျ၊ တောင်းပြီးတော့ ဘာလုပ်ဖို့ပါလဲလို့ မေးတဲ့ အခါကျတော့ လေယာဉ် လက်မှတ် ဝယ်ဖို့ပါ တဲ့၊ အိမ်ပြန်မလို့ပါ တဲ့။ အဲဒီကျမှပဲ သိလိုက်ရပါတယ် ခင်ဗျ၊ ထူးထူး ခြားခြားတော့ ကျွန်တော့်မှာ တုန်လှုပ်သွားတာမျိုး အံ့သြသွားတာမျိုး အဲဒီလိုတော့ မရှိဘူးခင်ဗျ၊ ဒါပါပဲခင်ဗျာ။
RFA - ကိုမင်းကိုနိုင် အခုလို ပြန်လွတ်လာတဲ့အခါမှာ ကိုမင်းကိုနိုင် ကျန်းမာရေး အခြေအနေ ဘယ်လိုရှိပါသလဲ ခင်ဗျ။
(ကိုမင်းကိုနိုင်)။ ။ ကျွန်တော့် ကျန်းမာရေးက ရာနှုန်းပြည့် ဒေါင်ဒေါင်မြည် ကောင်းတယ် လို့တော့ မပြောနိုင်ဘူး ပေါ့ဗျာ။ ဘာဖြစ်လို့လဲ ဆိုတော့ လူတစ်ယောက်မှာ စိတ်ရောကိုယ်ပါ ကျန်းမာ ချမ်းသာပါမှ ဒါဟာ လူတစ်ယောက်ကို ကျန်းမာ တယ်လို့ သတ်မှတ်လို့ ရမယ် လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ချုပ်က သတ်မှတ်ထားတာ ရှိပါတယ်။ အဲဒီ အကြောင်းတွေကို ပြောရမယ် ဆိုရင်တော့ ကျွန်တော့်မှာ အထီးကျန် နေခဲ့ရတာတွေ နှစ်ပေါင်း (၁၆)နှစ် နီးပါးလောက် ရှိတော့ ကျွန်တော် စိတ်ပိုင်းဆိုင်ရာ မှာတော့ဗျာ ခံစားရတာ အနည်းအကျဉ်း ရှိပါတယ်။ ဒါပေမဲ့ ရုပ်ပိုင်းဆိုင်ရာတော့ ကျွန်တော် အတတ်နိုင်ဆုံး ကောင်းအောင်လို့ ကြိုးစားပြီး နေပါတယ်။ အဲတော့ ရာနှုန်းပြည့် မဟုတ်ဘူး ဆိုရင်တောင်မှ သာမန် လူတစ်ယောက် နီးပါးလောက်တော့ လှုပ်ရှားနိုင်ပါတယ်ခင်ဗျား။
RFA - ကိုမင်းကိုနိုင်ဟာ ထောင်ထဲမှာ နေခဲ့ရတဲ့ ကာလတွေမှာ စိတ်ပိုင်းဆိုင်ရာ အရရော ရုပ်ပိုင်းဆိုင် ရာအရရော ခက်ခဲကြမ်းတမ်းတဲ့ ညှင်းပန်းနှိပ်စက်မှုလည်း ကြုံခဲ့ရတယ်၊ တယောက်တည်းလဲ နေခဲ့ရတယ် ဆိုတော့ ဒီထောင်တွင်းကာလတွေမှာ ဒီလောက် ခက်ခဲတဲ့ ကာလတွေကို ဘယ်လိုများ ဖြတ်ကျော်ခဲ့သလဲ ဆိုတာကို ကျွန်တော်တို့ကို နည်းနည်း ရှင်းပြ ပေးပါအုံးခင်ဗျ။
(ကိုမင်းကိုနိုင်)။ ။ ဒါကတော့ဗျာ တစ်ခုသော ဘာသာရေးမှာ ခင်ဗျားတို့ ကြားဖူးမှာပေါ့ဗျာ၊ ငါဟာ တစ်ယောက်ထဲ မဟုတ် ဘုရားသခင် ရှိတယ် ဆိုတာမျိုးပေါ့ဗျာ၊ ကျွန်တော်တို့ ဒီကနေ့ ကျွန်တော်တို့ လျှောက်လှမ်းနေရတဲ့ ခရီးမှာတော့ တကယ်တော့ ဘယ်လောက်ပဲ မှောင်မဲပါစေ ဘယ်လောက်ပဲ ကြမ်းတမ်းပါစေ ကျွန်တော့်မှာ ငါတစ်ယောက်ထဲ မဟုတ်ဘူး၊ ငါ့ရဲ့ ရဲဘော် ရဲဘက်တွေ ရှိတယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ကျွန်တော် နေခဲ့ပါတယ် ခင်ဗျ၊ ဒါကြောင့်လည်း ဒီလောက် ရှည်ကြာတဲ့ခရီးကို ကျွန်တော် ဒီလို အနေအထားမျိုးနဲ့ ပြန်လာခဲ့တာ ဖြစ်ပါတယ်။
RFA - ကိုမင်းကိုနိုင်ဟာ ထောင်ထဲမှာ နေစဉ် ကာလ တစ်လျှောက်လုံးမှာ နိုင်ငံရေးကို စွန့်လွှတ်မယ် ဆိုရင် နောက်ကို နိုင်ငံရေး မလုပ်တော့ဘူးလို့ လက်မှတ် ထိုးမယ် ဆိုရင် ကိုမင်းကိုနိုင်ကို ပြန်လွှတ်မယ်။ ကိုမင်းကိုနိုင်က နိုင်ငံခြားကို ထွက်မယ်လို့ ဆုံးဖြတ်မယ်ဆိုရင် ပြန်လွတ်ပေးမယ်ဆိုတဲ့ စကားတွေကို ကျွန်တော်တို့ ကြားပါတယ်။ အခု ကိုမင်းကိုနိုင် ပြန်လွတ်လာတဲ့ အခါမှာ နောက်နောင်မှာ နိုင်ငံရေး မလုပ်ဘူး ဆိုတဲ့ ခံဝန်ချက် လက်မှတ်တွေကို ထိုးခဲ့ရပါသလား ခင်ဗျာ၊
(ကိုမင်းကိုနိုင်)။ ။ ဟုတ်ကဲ့ခင်ဗျား၊ ကျွန်တော့် အဖြေကို သေသေချာချာ နားထောင်စေချင် ပါတယ်။ အဲဒါက တော့ ကျွန်တော်ဟာ ထောင်ဗူးဝကို ကျွန်တော့် အခန်းကနေ ထွက်လာ ကတည်းကနေပြီးတော့ မည်သည့် လက်မှတ်ကိုမှ ရေးထိုးခြင်းမရှိခဲ့ပါဘူး။ မည်သည့် လက်မှတ် တစ်စုံတစ်ရာမှ မထိုးဘဲနဲ့ ကျွန်တော်ဟာ အိမ်ပြန် ရောက်ခဲ့ပါတယ်။
RFA - ထောင်ထဲမှာနေခဲ့ရတဲ့ ကာလတွေမှာ ဘယ်အတွေ့အကြုံတွေက ဘယ်လို အဖြစ်အပျက်တွေက ကိုမင်းကိုနိုင် စိတ်ဓါတ်ကို အခါးသီးဆုံး ဖြစ်စေတယ်၊ အဲဒီအခါး သီးဆုံး အတွေ့ အကြုံ့တွေကပြီးတော့ ကိုမင်းကိုနိုင် ဘယ်လို ရုန်းကန်ခဲ့လဲ ဆိုတာကို ဥပမာနဲ့ နမူနာ ပေးနိုင်မယ် ဆိုရင် ပေးလိုက်စေချင်ပါတယ် ခင်ဗျ၊
(ကိုမင်းကိုနိုင်)။ ။ ကျွန်တော်ဒီနေရာမှာ ယေဘုယျလောက်ပဲ ပြောချင်တယ် ခင်ဗျ၊ ဘာဖြစ်လို့လဲ ဆိုတော့ တစ်ချို့ အကြောင်းအရာတွေဟာ ကျွန်တော်တို့ ခံစားချက်ရှိပါတယ်၊ ဖြစ်ရပ်တွေ ရှိပါတယ်၊ ဇာတ်လမ်းတွေ ရှိပါတယ် ဆိုပေမဲ့ မေ့သင့် မေ့ထားရမယ့် အနေအထား မျိုးလည်း ရှိတတ်ပါတယ် ခင်ဗျ။ အဲဒါကြောင့် ကျွန်တော် ပြောချင်တာကတော့ လူတစ်ယောက် အနေနဲ့ပဲ ဆိုကြပါအုံးဗျာ၊ ကိုယ်ရေးကိုယ်တာ အကြောင်း အရာတွေနဲ့ ဆုံးရှုံးမှုတွေ အားလုံးမှာ ရှိခဲ့ပါတယ်။ ကျွန်တော်တို့လို ဘဝတူတွေ ကျွန်တော်တို့လောက် မကြာခဲ့ပေမယ့် ကျွန်တော်တို့ထက် ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ဘဝရဲ့ အစိတ်အပိုင်းတွေ ပေးဆပ်လိုက်ရသူတွေ မြောက်များစွာ ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ အဲဒီအချိန်မျိုးမှာ သြော် - ငါတို့ဟာ ဘဝရဲ့အစိတ်အပိုင်းတွေ ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ ဖဲ့ပေးရုံတင် ဖဲ့ပေးခဲ့ရတာပါ။ အသက်ပါ ပေးလိုက်ရတဲ့ ရဲဘော်တွေ အင်မတန်များလှပါတယ် ဆိုတာ ကျွန်တော်တို့ ဖြေသိမ့်ပြီးတော့ ဖြတ်သန်းခဲ့ရပါတယ်။ ဒါကြောင့် ကျွန်တော် ဥပမာ အနေနဲ့တော့ မပေးပါရစေနဲ့ဗျာ၊ အားလုံးက ကိုယ်စီ ရှိကြပါတယ်၊ ကိုယ်စီ သိကြပါတယ် သက်ဆိုင်တဲ့ သူတွေ အားလုံး သိကြပါတယ်။ အမေတွေ သိကြပါတယ် ချစ်သူတွေ သိကြပါတယ် ကာယကံရှင်တွေ အားလုံး သိကြပါတယ်ဗျာ။
RFA - ကိုမင်းကိုနိုင်ဟာ ဒီထောင်ကနေ ပြောင်းလာတဲ့အခါမှာ အင်မတန်မှ ချစ်ခင်တဲ့ မိခင်ကြီးနဲ့ ဖခင်ကြီးကို ပြန်တွေ့လိုက်ရတဲ့အခါမှာ၊ မိသားစုတွေကို ပြန်တွေ့လိုက်ရတဲ့ အခါမှာ ကိုမင်းကိုနိုင် အနေနဲ့ ဘယ် လိုများ ခံစားရပါသလဲ။
(ကိုမင်းကိုနိုင်)။ ။ ကျွန်တော်တို့က တကယ်ကတော့ ဘဝကို အဆုံးထိ တွက်ထား ပြီးပြီလေ ဘာကြောင့်လဲ ဆိုတော့ (၁ဝ)ကဆိုတဲ့ ပုဒ်မကတော့ (၅)နှစ် ပြည့်ရင်လည်း ထပ်ချလို့ရတယ်။ ထပ်ပြီးတော့ ထပ်ခါ တလဲလဲ သူတို့အနေနဲ့က အရင်တုန်းကတော့ ဆွဲလို့ ရခဲ့ပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့က အဆုံးထိ တွက်ထားတာပေါ့၊ အခုကတော့ဗျာ ကျွန်တော်တို့ ပြောရမယ် ဆိုရင်တော့၊ အမြတ် အမြတ်လို့ပဲ ဆိုကြပါစို့ဗျာ၊ အဲတော့ အဖေနဲ့အမေနဲ့ မိသားစုတွေနဲ့ ပြန်တွေ့ရတဲ့ အခါမှာ ကျွန်တော့် အဖေက တော်တော်ကြီးကို အိုစာသွားပြီဗျ ၊ ဒါပေမယ့်ဗျာ အသက် ရှင်နေသေးဆိုတာပဲ ပြန်ဖြေသိမ့်ရတာပဲဗျာ အဲဒီတော့ ကိုယ်ရေးကိုယ်တာ ခံစားချက်တွေကို ဒီအချိန်မှာ သိပ်မပြောချင်သေးဘူးဗျာ ကျွန်တော့်အပေါ်လည်း နားလည်ကြပါလို့ တောင်းပန်ပါတယ်။
အင်းဗျာ (၁၆)နှစ်တာ ခွဲခွာခဲ့ကြပြီးတော့ အခုလို ဒုတိယ အကြိမ် စကားပြောခွင့်တော့ ရခဲ့ပြီပေါ့ဗျာ အဲလိုအချိန်မှာ မင်္ဂလာပါလို့ ကျွန်တော် နှုတ်ခွန်းဆက်ချင်လှပါတယ်ဗျာ။ ဒါပေမဲ့ ကျွန်တော်ဟာ အခုကျွန်တော့်ရဲ့ ထွက်လာတဲ့ လမ်းမှာ သားပျောက်နေတဲ့ မိခင်တွေရဲ့ မျက်ရည်တွေကို တွေ့ခဲ့ရပါတယ်ခင်ဗျ၊ ယောင်္ကျား ရင့်မာကြီးတွေက ဆို့နင့်တဲ့ ရှိုက်သံကြီးတွေနဲ့ ကျွန်တော့်ကို ဖက်ပြီးတော့ ငိုတာကိုပဲ တွေ့ရပါတယ်။ ကျွန်တော် ဒီ မျက်ရည်တွေကို ကျနော် သိမ်းစေချင်လှပြီခင်ဗျ၊ ဒီမျက်ရည်တွေ ခြောက်မှ ဒီမျက်ရည်တွေ သိမ်းနိုင်မှ ကျွန်တော်အားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်တာ အဓိပ္ပါယ် ရှိပါလိမ့်မယ်ဗျာ၊ အမေ့အိမ်ကို ညည့်နက်ညမှာ တံခါး လာခေါက်တဲ့ လူဟာ အလည်လွန်နေတဲ့ သားလေးပဲ ဖြစ်သင့်ပါတယ်။ သားလေးကို အမေ့ရင်ခွင်ထဲက လာပြီးတော့ ခေါ်သွားတာမျိုးတော့ မဖြစ်စေချင်တော့ပါဘူး။ ဒါပါပဲဗျာ။
ဒါကတော့ ဦးမင်းဇင်က ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကို ဆက်သွယ်မေးမြန်း ထားခဲ့တာပါ။ ဒုတိယပိုင်းမှာတော့ နိုင်ငံတကာ ဖိအားတွေဟာ သူအပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို ဘယ်လို အကျိုးများစေခဲ့တယ်၊ တိုင်းပြည်မှာ အမျိုးသား ရင်ကြားစေ့ရေး ဖြစ်ပေါ်ရေးနဲ့ ပတ်သတ်တဲ့ ကိုမင်းကိုနိုင်ရဲ့ သဘောထားတွေကို ဆက်လက် ထုတ်လွှင့်မှာမို့ နားဆင်ကြပါခင်ဗျာ။
RFA - ကိုမင်းကိုနိုင် ပြန်လည်လွတ်မြောက်ရေး အတွက် နိုင်ငံတကာမှာ ရှိတဲ့ လူ့အခွင့်အရေး အဖွဲ့တွေ၊ နိုင်ငံတကာမှာ ရှိတဲ့ အစိုးရတွေ၊ တက်ကြွ လှုပ်ရှားတဲ့ အင်အားစု အသီးသီးကနေပြီးတော့ အမျိုးမျိုး ဖိအားတွေ ပေးကြတယ်၊ ဝိုင်းဝန်းပြီး အရေးဆိုပေးကြတယ်။ ကိုမင်းကိုနိုင် ကိုလဲ အင်မတန်မှ ဂုဏ်သိက္ခာရှိတဲ့ ဆုတွေ ဘွဲ့တွေ ချီးမြှင့်ကြတာဖြစ်ပါတယ်။ အဲဒီတော့ ဒီနိုင်ငံတကာက ကိုမင်းကိုနိုင် လွတ်မြောက်ရေးနဲ့ ပတ်သက်ပြီးတော့ ဝိုင်းဝန်း အရေးဆိုမှုတွေ ဖိအားပေးမှုတွေ ကူညီမှုတွေဟာ ဘယ်လိုများ အကျိုး ရှိစေပါသလဲ။ ဒီလိုမျိုး ကူညီမှုတွေဟာ ကိုမင်းကိုနိုင် အပါအဝင် အခြား နိုင်ငံရေး အကျဉ်းသားတွေကို ဘယ်လိုများ အကျိုးကျေးဇူး ရှိစေတယ် ဆိုတာ ကျနော်တို့ကို ရှင်းပြပေးပါခင်ဗျာ။
(ကိုမင်းကိုနိုင်)။ ။ဒီလိုရှိတယ်ဗျာ။ ကျနော်တို့ဟာ အထဲမှာ နေရတယ်ဆိုတဲ့ အနေအထားမှာ အပြင်က ကျနော်တို့ကို အားပေးတယ်၊ ထောက်ခံတယ်၊ ကျနော်တို့အတွက် ဝိုင်းဝန်းပြီးတော့ တက်စွမ်းသမျှ အလုပ်ပေးနေကြတယ် ဆိုတာကို ကျနော်တို့က ဟိုးအဝေးကြီးမှာ မြင်နေရတဲ့ မီးရောင်လေးကို ဆောင်းတွင်း ရေခဲနေတဲ့ မြစ်ထဲမှာ ဆင်းပြီးတော့ စိမ်နေရတဲ့လူက လှမ်းကြည့်ပြီးတော့ မြင်ယောင်ပြီးတော့ ခံစားရသလို ခံစားရတာပါဗျာ။ ကျနော်တို့ တိုက်ရိုက် ထိတွေ့ ခံစားတာမျိုး မရခဲ့ပါဘူး။ ဒါပေမယ့် အဲလောက် ကျနော်တို့ အာရုံလေးနဲ့ လှမ်းပြီးတော့ မမှီမကမ်း ခံစားရတာနဲ့တင် ကျနော်တို့ လုံလောက်ခဲ့ပါတယ်။ အဲဒီအတွက် ကျေးဇူး ဘယ်တော့မှ မမေ့ပါဘူး။ အားလုံး သက်ဆိုင်တဲ့ ကျနော်တို့အတွက် အားထုတ် ကြိုးပမ်းခဲ့သူ အားလုံးကို ကျေးဇူးတင်ပါတယ်လို့ တဆင့် ပြောပေးပါဗျာ။
RFA - ဟုတ်ကဲ့ခင်ဗျာ။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပေါ့လေ ဘဝတူနိုင်ငံရေး အကျဉ်းသားတွေ သူတို့ ပြန်လည်လွတ်မြောက်ရေး အတွက်ရော ကိုမင်းကိုနိုင်အနေနဲ့ ဘယ်လိုများ ပြောဆိုလိုပါသလဲ ခင်ဗျာ။
(ကိုမင်းကိုနိုင်)။ ။သြော် ဟုတ်ကဲ့။ ဒီလိုတော့ ရှိပါတယ် ခင်ဗျ။ ကျနော်တို့ဟာ ဒီအလုပ်ကို စပြီးတော့ လုပ်လာကြပြီ ဆိုကတည်းက ကျနော်တို့ ကျောင်းသား အားလုံးဟာ လူပုဂ္ဂိုလ်စွဲ လုံးဝ မထားခဲ့ပါဘူးခင်ဗျ။ အဲဒီတော့ လူပုဂ္ဂိုလ်စွဲ မထားခဲ့ဘူးဆိုတော့ မည်သူမည်ဝါ တဦးတယောက် အတွက်မျှလည်း ရည်ရွယ်ပြီးတော့ လုပ်ဆောင်ခဲ့တာ မဟုတ်ပါဘူး။ ဒါပေမယ့် အခုလို ကာလရှည်ကြီး တခုက မှတ်ကျောက် တင်ပြီးသွားတဲ့ အခါမှာ အခုလို အချိန် ရောက်လာပြီဆိုတော့ လူပုဂ္ဂိုလ်အလိုက် နာမည်တွေကို ကျနော်တို့ ရွတ်ဆို ဖေါ်ပြလို့သင့်ပြီ ဆိုတဲ့ အနေအထားမျိုး ရောက်နေပြီလို့ ကျနော် ယုံကြည်ပါတယ်။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး အစ ရှိသဖြင့်ပေါ့ဗျာ သူတို့ အပါအဝင် အားလုံး ခေါင်းဆောင်များရော၊ အညတရ ရဲဘော်များရော အားလုံးစုံညီ လွတ်မြောက်လာတဲ့ အခါမှ ကျနော်တို့ မျှော်လင့်နေကြတဲ့ အကြောင်းအရာ တခုကို သွားလို့ ရပါလိမ့်မယ်။ အဲဒီ မျှော်လင့်နေတဲ့ အကြောင်းအရာက ဘာလဲ ဆိုတာလဲ လူကြီးမင်း ရိပ်မိကောင်း ရိပ်မိပါလိမ့်မယ်။
RFA - နှစ်ပေါင်းများစွာလဲ ခါးသီးတဲ့ အတွေ့အကြုံတွေ ဖြတ်သန်းခဲ့ရတယ်၊ ကြမ်းတမ်းတဲ့ ဘဝတွေကို ကြုံခဲ့တယ် ဆိုတော့ ဒီအပေါ်မှာ စိတ်ထဲမှာ နာကြည်းမှု၊ ခွင့်မလွတ်နိုင်မှုတွေများ ရှိပါသလား။ အဲတော့ ဒီ ကိုမင်းကိုနိုင် အနေနဲ့ပေါ့လေ ပုဂ္ဂိုလ်ရေး ခံပြင်းမှု ခံစားချက်က နေပြီးတော့ တိုင်းပြည်ရဲ့ အနာဂတ် ရင်ကြားစေ့ရေး အထိကို ဘယ်လိုရှုမြင်တယ် ဆိုတာ ကျနော်တို့ကို နည်းနည်း ရှင်းပြပေးပါဦး။
(ကိုမင်းကိုနိုင်)။ ။ တခါတရံ ကျနော်တို့ဟာ မညီညာတဲ့ လမ်းတွေကို ကျနော်တို့က ဖြည့်ပြီးတော့ ခင်းရတာမျိုး ရှိပါတယ်။ ကျနော်တို့ ချိုင့်ဝှမ်းတွေနဲ့ တွင်းတွေနဲ့ ပြည့်နေတဲ့ လမ်းကို လျောက်ကြရတဲ့ အခါမှာ ကျနော်တို့ဟာ ထိုက်သင့်တဲ့ ပေးဆပ်မှုတွေနဲ့ ရင်းပြီးတော့ ဖို့ပြီးတော့ ကျနော်တို့ လမ်းကို ဖေါက်ရတာ ရှိပါတယ်။ အဲဒီအခါမှာ ကိုယ်ရေးကိုယ်တာဆိုတဲ့ အကြောင်းအရာတွေ ဆုံးရှုံးမှုဆိုတဲ့ နေရာမှာတော့ ကျနော်တို့ အချို့သော အရာတွေကို လမ်းခင်းလိုက်ရပြီလို့ သဘောထားလိုက်တာဟာ တခါတရံမှာ အင်မတန် သင့်မြတ်တဲ့ ပုံစံမျိုး ရှိနေတတ်ပါတယ် ခင်ဗျ။ အဲဒါကြောင့်မို့လို့ ကျနော်တို့ ဒီနေ့ မျှော်လင့်နေကြတဲ့ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး ဆိုတာဟာ တကယ်တော့ ကျနော် ခုနက တင်ပြ ခဲ့သလိုပါပဲ လူ ပုဂ္ဂိုလ် အမည်တွေနဲ့ အပါအဝင်ပေါ့ဗျာ၊ အားလုံး ခေါင်းဆောင်တွေ ရဲဘော်တွေ စုံညီတဲ့ အခါကြမှ ဒီ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး ဆိုတာ မျှော်လင့်စကောင်းတဲ့ အရာ ဖြစ်လာပါလိမ့်မယ်။ တကယ်တော့ဗျာ၊ အားလုံးပေါ့ဗျာ ကမ္ဘာမှာရော ကျနော်တို့ နိုင်ငံက ပြည်သူတွေရော အားလုံး မျှော်လင့်နေတဲ့ ဒီ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး ဆိုတာဟာ လုပ်ယူလို့ရတဲ့ အရာပါဗျ။ ဖန်တီးလို့ရတဲ့ အရာပါ။
ခံစားမှုကို ရှေ့တန်း မတင်ဘဲနဲ့ အမျှော် အမြင် ကြီးမှုနဲ့ ကျနော်တို့ ရင့်ကျက်မှုသာ လိုပါတယ်လို့ ကျနော် ယုံကြည် ပါတယ် ခင်ဗျာ။
RFA - အဖမ်းခံရတုန်းက ၂၆နှစ်သားပဲ ရှိပါသေးတယ်။ အခုဆိုရင် ကိုမင်းကိုနိုင် အသက်ကလဲ ၄၂နှစ် ဝန်းကျင်ဖြစ်လာပါပြီ။ ၂၆ နှစ်သား ကိုမင်းကိုနိုင်နဲ့ ၄၂နှစ် သား ကိုမင်းကိုနိုင် ကြားထဲမှာ ထောင် ၁၆ နှစ် အတွေ့အကြုံက ဘာတွေကို အကွာခြားကြီး ကွာခြားစေခဲ့ပါသလဲ။
(ကိုမင်းကိုနိုင်)။ ။ဟာ ဟား -- ဒီလိုပေါ့ဗျာ။ သာမန်လူ တယောက်နဲ့ အကျဉ်းသား ဘဝနဲ့ ဆိုတာ မတူကြပါဘူးဗျ။ ဆိုလိုတာကတော့ဗျာ သာမန်လူတွေ အမှုမဲ့ အမှတ်မဲ့ ဖြတ်ကျော်သွားရတဲ့ ကာလကို အကျဉ်းသားတွေဟာ လေးလေး လံလံကြီး ဖြတ်ကျော်သွားရတဲ့ သာဓကမျိုး ရှိပါတယ်ခင်ဗျ။ အဲဒီတော့ဗျာ ဆိုလိုတာကတော့ဗျာ ခရီးကြမ်းနဲ့ ခရီးချောပေါ့ဗျာ။ အချိန်ချင်း တူမယ် ဆိုပေမယ့် ကျနော်တို့ ခရီးကြမ်းကို လျောက်ရတဲ့ လူက ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ အားဖြင့်တော့ ပိုမိုပြီးတော့ ရင့်ရော်သွားစေပါတယ်။ ဒါပေမယ့် ကျနော်တို့က ဒီနေရာမှာတော့ စိတ်ဓါတ် ရေးရာကိုတော့ ရင့်ရော်သွားတယ်လို့ ကျနော်တို့ မယူတော့ဘဲ ရင့်ကျက်သွားပါစေလို့ ကျနော်တို့က ကိုယ့်ကိုယ်ကို အားတင်းပါတယ်ခင်ဗျ။ အဲဒီတော့ ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ ငါဟာအရင် ထက်တော့ ရင့်ကျက်လာရမယ် လို့ ကျနော်တို့ အားလုံး ခံယူထားပါတယ်ခင်ဗျ။
RFA - အခြား ကိုမင်းကိုနိုင် ဖြည့်စွက်ပြီးတော့ပေါ့လေ မြန်မာပြည်သူ လူထုကို နိုင်ငံတကာက ပြည်သူတွေကို ဘာများ အမှာစကား ပါးချင်ပါသလဲ ခင်ဗျာ။
(ကိုမင်းကိုနိုင်)။ ။သြော် ဟုတ်ကဲ့ခင်ဗျာ။ ကျနော်တို့ ဒီမိုကရေစီရေး အတွက် လှုပ်ရှားခဲ့ရတဲ့ ခရီးရှည်ကြီး တလျောက်ပေါ့ဗျာ အဲဒီထဲမှာ ကျနော်တို့ဗျာ ခြောက်အိပ်မက်တွေလဲ မက်ခဲ့ပြီးပါပြီဗျာ။ ရောင်နီလေး သမ်းလာလိုက်၊ မိုးမလင်းသေးဘူး ပြန်အိပ်ဦး ဆိုပြီးတော့ အိပ်မက်ဆိုးတွေကို ဆက်ပြီးတော့ မက်လိုက်၊ တော်ကြာနေလို့ ရှိရင် ရောင်နီလေး သမ်းသလိုလို ရှိလာလိုက် သံသရာ ရှည်ခဲ့ပါပြီဗျာ။ အခုတခါတော့ ကျနော် ထွက်လာတဲ့ အခါမှာ လူတွေရဲ့ မျက်နှာမှာ တကယ်ပဲ ရောင်နီသမ်းလာပြီ မျှော်လင့်တဲ့ မျက်နှာတွေကို ကျနော် ဖတ်ရှုရပါတယ် ခင်ဗျ။ အဲဒီတော့လူတွေ အားလုံးရဲ့ မျော်လင့်ချက်ကို ကျနော်တို့ အားလုံးဟာ ဖြည့်ဆည်းနိုင်ပါစေ လို့ ကျနော်က မျှော်လင့်နေပါတယ်ခင်ဗျာ။ ။