“မင်းကိုနိုင် (သို့မဟုတ်) ပေါ်ဦးထွန်း ပုံရိပ်”
ရေးသူ...... ကိုစိုးထွန်း။
မူရင်း - http://kopaw07.blogspot.com/2008/12/blog-post_23.html
မင်းကိုနိုင်လို့ နာမည်တွင်ပေမယ့် ကျွန်တော်တို့ အချင်းချင်းတော့ ပေါ်ဦးထွန်းအဖြစ် သိကြတဲ့သူ.....။ ဒီလူနဲ့ ကျွန်တော် စပြီး ဆုံတွေ့ကြတဲ့နေ့ကတော့ ကျွန်တော်တို့လိုပဲ အထဲက ပြန်ထွက်လာတဲ့ ညီအစ်ကိုတယောက်ရဲ့ ရဟန်းခံပွဲမှာ စပြီးတွေ့ခဲ့ကြတာပါ။
အဲဒီနေ့က ကိုယ့်အချင်းချင်းပြန်ပြီး ဆုံဖြစ်ကြလို့ အားလုံးပျော်ပျော်ပါးပါးနဲ့ စကားတွေ ကိုယ်စီပြောကြ၊ နှုတ်ဆက်ကြနဲ့ စည်စည်ကားကားပါပဲ။ ဒီလိုနဲ့ ကျွန်တော်နဲ့ ရင်းနှီးနေတဲ့ ကိုပြုံးချိုကို တွေ့လို့ သူ့ကို ကျွန်တော်နှုတ်ဆက်တော့၊ သူက “ခဏလာပါအုံး၊ ခင်ဗျားကို ကျွန်တော် ကိုပေါ်ဦးနဲ့ မိတ်ဆက်ပေးမလို့” ဆိုပြီး ခေါ်တာနဲ့ ကျွန်တော် သူ့နောက်လိုက်သွားတယ်။
အသားဖြူဖြူ၊ နှာခေါင်းချွန်ချွန်နဲ့ လူလတ်ပိုင်းအရွယ်တယောက် ထိုင်နေတဲ့နေရာရောက်တော့ ကိုပြုံးချိုက ကျွန်တော်တို့ နှစ်ယောက်ကို မိတ်ဆက်ပေးတယ်။ သူကလဲ ထိုင်နေတော့ ကျွန်တော်က မတ်တပ်ရပ်ရင်းကနေ ခါးကိုင်းလိုက်ပြီး “အေးဗျာ၊ ခုလို ကျန်းကျမ်းမာမာ ပြန်တွေ့ရတာ အရမ်းဝမ်းသာတယ်” ဆိုပြီး လက်ဆွဲနှုတ်ဆက်လိုက်တယ်။ ဒီမှာတင်၊ သူက “ဟာဗျာ၊ အဲဒီလို သူစိမ်းမဆန်ပါနဲ့။ လာပါ၊ အားရပါးရ နှုတ်ဆက်ရအောင်” ဆိုပြီး မတ်တပ်ထရပ်၊ ရင်ချင်းအပ်ပြီး ရင်းရင်းနှီးနှီး ဖက်ပြီး နှုတ်ဆက်တယ်။ ကျွန်တော်လည်း အဲဒီတော့မှ အားနာသွားတယ်။ ပြီးတော့ သူက ဆက်ပြောပါသေးတယ်။ “ခင်ဗျားအကြောင်းကို ကျွန်တော်နဲ့ စစ်တွေမှာ အတူနေခဲ့တဲ့ ကျောင်းသားတယောက်က ပြောပြလို့ သိပြီးပါပြီ။ ခုမှပဲ လူချင်းတွေ့တော့တယ်” လို့ ပြောတယ်။
ကျွန်တော်လည်း ခုမှ စပြီးသိပေမယ့် သူ့ရဲ့ ရိုးသားပွင့်လင်းမှုကြောင့် ညီအစ်ကိုလို ရင်းနှီးမှု ရှိသွားသလိုပါပဲ။ အဲဒီနေ့ကတော့ မှတ်မှတ်ရရ ၂၀၀၅ ခုနှစ် မတ်လ (၂၇) ရက်ဖြစ်တဲ့ တော်လှန်ရေးနေ့ပါ။ အဲဒီကအပြန် ကျွန်တော်တို့ ကျောင်းသားတွေကို NLD က တော်လှန်ရေးနေ့အခမ်းအနားကို တက်ဖို့ ဖိတ်ထားလို့ အားလုံး စုံစုံညီညီနဲ့ သွားတက်ဖြစ်ကြတယ်။ အဲဒီနေ့ဟာ ၈၈ မျိုးဆက် ကျောင်းသားများရဲ့ စတင်စုစည်းပေါင်းဆုံမှု အဖွင့်နိဒါန်းလို့ ပြောရင်ရမယ်ထင်ပါတယ်။
တော်လှန်ရေးနေ့ အခမ်းအနားမသွားခင် ကျွန်တော်နဲ့ ကိုပေါ်ဦးတို့ နှစ်ယောက်ဟာ တနေရာမှာ ထိုင်ပြီး ခဏလောက် စကားပြောဖြစ်ကြတယ်။ သူက သူ့ခံစားချက်ကို ရင်ဖွင့်ပြပါတယ်။ သူ့အနေနဲ့ နိုင်ငံရေးကို တသက်လုံး လုပ်ဖို့ မရှိဘူး။ ကျွန်တော်တို့ တိုင်းပြည် မှန်ကန်တဲ့ လမ်းကြောင်းမှာ ရောက်နေပြီဆိုရင် အနားယူပြီး အနုပညာအလုပ်တွေနဲ့ ဘ၀ကို အချိန်ကုန်ချင်တယ်ဆိုတဲ့ အကြောင်းကို ပြောပါတယ်။ ကျွန်တော်လည်း သူပြောတာကို သဘောတူလက်ခံပါတယ်ဆိုတဲ့ အကြောင်းပြောပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း လုပ်သင့်လုပ်ထိုက်လို့ ကာလတခုကို ၀င်ပြီး နိုင်သလောက် ထမ်းကြည့်တာ။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အေးအေးဆေးဆေး ဖြစ်ရင်တော့ ဘ၀မှာ ဒိပြင် ကိုယ်ဝါသနာပါရာ၊ ပျော်မွေ့ရာနဲ့ ဖြတ်သန်းနေထိုင်မှာပါပဲလို့ ကျွန်တော်ကဆိုတော့၊ သူက “ဟုတ်ပြီးဗျာ၊ ခင်ဗျားက ကျွန်တော့်ရဲ့ သက်သေနော်။ ကျွန်တော်တချိန်ရောက်လို့ နားချင်ပြီလို့ ကျွန်တော်ပြောတဲ့အခါ၊ ကန့်ကွက်သူတွေ ရှိရင်၊ ခင်ဗျားက သက်သေလိုက်ပေးနော်” လို့ သူက ၀မ်းသာအားရ ပြောခဲ့တယ်။
သူရေးဖြစ်ခဲ့တဲ့ ၀တ္ထုတိုတွေကို သူလွတ်လာတော့ ကျွန်တော့်ကို ဖတ်ဖို့ပေးပြီး ဝေဖန်ပါအုံးလို့ ပြောသေးတယ်။ ဖတ်တော့ ဖတ်ဖြစ်ပါတယ်။ ဝေဖန်တဲ့အထိတော့ မရောက်လိုက်ဘူး။ အလုပ်တွေကလဲ များကြတာကိုး။
နောက်ပိုင်းမှာ သူနဲ့ သွားရင်းလာရင်း လေ့လာအကဲခတ်မိရသလောက်၊ သူဟာ အနုပညာသမားတွေ၊ အထူးသဖြင့် ကျွန်တော်တွေ့မိသလောက်က စားရေးဆရာ၊ ကာတွန်းဆရာ၊ ကဗျာဆရာတွေနဲ့တွေ့ရင် လက်ဘက်ရည်ဆိုင်မှာ တော်တော်နဲ့ မထဖြစ်တော့ဘူး။ အလုပ်ရှိလို့သာ စကားဖြတ်ပြီး ကျွန်တော်တို့နဲ့အတူသွားရပေမယ့် ဆက်ပြီး ထိုင်ချင်သေးတယ်။ ပန်းချီတို့၊ ဂီတတို့မှာလည်း အလားတူပါပဲ။ သူဟာ အဲဒီအကြောင်းတွေ ဆွေးနွေးပြောဆိုနေရရင် သူ့စိတ်ဟာ ပိုပြီး ရွှင်လန်းတွက်ကြွနေတဲ့ပုံရှိတယ်။ သူ့နေရာကနေပြိးတော့ ကျွန်တော် စာနာနားလည်မိပါတယ်။ ဟိုလူ၊ ဒီလူနဲ့ တွေ့ရ၊ အသိမိတ်ဆွေတွေက ခင်မင်မှုနဲ့ ဖတ်လို့သွားရနဲ့ ကိုယ်ပိုင်အချိန်က နည်းပါတယ်။ နားရတယ်ဆိုတာ သိပ်မရှိလှပါဘူး။
သူ့မှာ အာရုံကြော အားနည်းတဲ့ ရောဂါလည်း ရှိတယ်။ သူ့ကျန်းမာရေးအတွက် ဦးနှောက်နဲ့ အာရုံကြောဆရာဝန်ကြီးတယောက်ဆီကို ကျွန်တော်တို့ ခေါ်သွားပြီး ပြတော့ ဆရာဝန်က သေသေချာချာ စစ်ဆေးပြိးတော့ ဆေးတွေ အများကြီးပေးလိုက်တယ်။ ဆရာဝန်လည်း ၀မ်းသာအားရနဲ့ ကျွန်တော်တို့နဲ့ အတူတွဲထိုင်ပြီး အမှတ်တရ ဓါတ်ပုံ ရိုက်ယူထားလိုက်တယ်။ စမ်းသပ်ခတော့ မယူလိုက်ပါဘူး။ ဒါပေမယ့် ဆေးဖိုးက တော်တော်ကျသွားတယ်။ ဟာသဖြစ်သွားတာက ကျွန်တော်တို့မှာ ဆေးဖိုး အလုံအလောက်မပါခဲ့ဘူး။ ဆရာဝန်ကတော့ မပါရင် မပေးပါနဲ့လို့ ပြောပါတယ်။ ဒါပေမယ့် ကိုပေါ်ဦးက အားနာတတ်တော့ “မဟုတ်တာ ဆရာရယ်။ နောက်တခေါက်လာပေးပါမယ်” လို့ ပြောပြီး နောက်အခေါက်မှ ကျွန်တော်တို့ ပေါင်းပေးလိုက်ကြတယ်။
ဆရာဝန်က သူ့ကို အနားယူခိုင်းတယ်၊ ဆေးကို ပုံမှန်၊ အချိန်မှန်သောက်ခိုင်းပေမယ့်၊ နေ့တိုင်း သွားလာနေရတော့ ဘယ်မှာ နားချိန်ရှိမလဲ။ ဆေးသောက်ချိန်လဲ မမှန်ဖြစ်တာပေါ့၊ ပြီးတော့ ဆေးတွေက သောက်ပြီးရင် မနေားမဖြစ် နားနေရမယ့် အာရုံကြောဆေးတွေ။ ဆေးကလည်း ဆေးပြင်းတွေဆိုတော့ သောက်ပြီးကြာလာတာနဲ့ အိပ်ချင်သလိုလို ထိုင်းမှိုင်းလာတယ်လို့ ပြောပါတယ်။ ဒါပေမယ့် ကျွန်တော်တို့နဲ့ အတူတူ သွားလာနေရတော့ ဆန့်ကျင်ဖက်တွေ လုပ်သလို ဖြစ်တာပေါ့။ ပြိးတော့ သွားလာပြောဆိုနေရပေမယ့် ထိုင်းထိုင်းမှိုင်းမှိုင်းဖြစ်နေတာပေါ့ဗျာ။ အချင်းချင်းစကားပြောရင်ပဲဖြစ်ဖြစ်၊ မီဒီယာတွေနဲ့ အင်တာဗျူးရင်ပဲဖြစ်ဖြစ် စကားပြောလို့ မကောင်းဘူးပေါ့။ အမှန်တော့ အနားယူရမှာပါ။ ဒါပေမယ့် အနားယူချိန်က နည်းပါတယ်။ ဒီတော့ နောက်တခေါက်မှာ ကျွန်တော်တို့က ဆရာဝန်ကု ဆေးပြင်းတွေ မတိုက်ဖို့ တောင်းပန်ရတော့တာပေါ့။ လူက နားချင်ပေမယ့် အခြေအနေက သူ့ကိုနားခွင့်မပေးပါဘူး။ ရှေ့လာမယ့် မြန်မာပြည်ခရီးကြမ်းကြီးမှာလည်း သူပြောသလိုမျိုး နားနေချိန်ရပါ့မလားဆိုတာ မရေရာတဲ့ အနေအထားပါပဲ။
သူဟာ ဟာသဉာဏ်လည်းရှိတယ်။ ပျော်ပျော်နေတတ်ပုံလည်းရတယ်။ အဲဒီလိုနေတတ်တာဟာလည်း သူ့ကျန်းမားရေးအတွက် ပိုသင့်တော်မယ်လို့ ကျွန်တော်ထင်တယ်။ လောကကြီးရဲ့ ကမောက်ကမဖြစ်မှု၊ လော်မာဖောက်ပြားမှု၊ နိမ့်ကျပျက်စီးမှုတွေကို ယောနိသောမနသိကာရ စိတ်နဲ့ မှန်မှန် နှလုံးသွင်းပြီး နေနိုင်ရင်နေ၊ ဒါမှမဟုတ် ဟာသအမြင်နဲ့ ကြည့်ပြီးနေနိုင်ရင် ကြုံလာရတဲ့ လောကဓံတွေကို လွယ်လွယ်ကူကူ ပေါ့ပေါ့ပါးပါး ဖြတ်သန်းနိုင်မယ်လို့ ကျွန်တော် ယုံကြည်တယ်။ ကျွန်တော်တို့ စုပြီး ဆွေးနွေးပြောဆို စကားကောင်းနေကြတဲ့အချိန် သူက ဟာသလုပ်ပြီး ၀င်ဖေါက်ရင် ပွဲကျသွားတာတွေရှိတယ်။ အကြိတ်အနယ်၊ အချေအတင် ဆွေးနွေးရလို့ ခေါင်းတွေ ပူနေတဲ့အချိန် ဟာသလေးတွေနဲ့ အပူဖုလေးတွေကို ကြိတ်ချေရတာလေးတွေဟာ ကျွန်တော်တို့အတွက် ပေါ့ပါးစေပါတယ်။
သူအထဲမှာ ဧကစာကျင့်နေတုန်းက ဖြစ်ခဲ့တဲ့ ဟာသလေးတခု ကျွန်တော့်ကို ပြန်ပြောပြလို့ ဖောက်သည်ချချင်သေးတယ်။ အဲဒီတုန်းက သူ့က ဆံပင်ညှပ်မလို့ ၀န်ထမ်းတယောက်ကို ပြောတယ်။ ဒါပေမယ့် ၀န်ထမ်းက သူ့ကို “ကိုမင်းကိုနိုင် ဆံပင်က သိပ်မရှည်သေးဘူး။ မညှပ်ပါနဲ့အုံး” ဆိုပြီး ပြောတယ်တဲ့။ တမင်သက်သက် ညစ်တာပေါ့ဗျာ။ အဲဒါနဲ့ သူက “ခင်ဗျားစကားကို မှတ်ထားနော်။ ကျွန်တော် ဆံပင်မညှပ်ဘဲ နေမယ်” ဆိုပြီး အရှည်ကြီးဖြစ်တဲ့အထိ နေလိုက်တယ်။ ၀န်ထမ်းတွေက သူ့ရဲ့ နေရေးထိုင်ရေး၊ ကျန်းမာရေးအခြေအနေကို အမြဲစောင့်ကြည့်စစ်ဆေးနေရတာဆိုတော့၊ တနေ့မှာ သူက တံမြက်စည်းတချောင်းကို ဂစ်တာလုပ်ပြီး ပါးစပ်ဆိုင်းနဲ့တီးရင်း သီးချင်းတွေ အကျယ်ကြီးအော်ဆိုရော။ ဒီတော့ ၀န်ထမ်းတယောက်က အပြေးအလွှား လာကြည့်တယ်။ သူ့ကို ဆံပင်ရှည်ရှည်၊ နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးတွေနဲ့ တံမြက်စည်းကို ဂစ်တာလုပ်ပြီးတီးနေတာလဲတွေ့ရော၊ မျက်လုံးပြူး မျက်ဆံပြူးဖြစ်သွားပြီးတော့ “ဟာ၊ ကိုမင်းကိုနိုင်၊ သတိထားပါ၊ သတိထားပါ” လို့ ပြောပြီး ဆရာဝန်ကို ပြေးအကြောင်းကြားတော့တာပဲ။ ၀န်ထမ်းက သူ့ကို စိတ်ဖောက်သွားပြီ ထင်တာ။ အမှန်ကတော့ တကယ်အရူးဖြစ်သွားတာက သူမှန်း ၀န်ထမ်းခမြာ သဘောမပေါက်လိုက်ရှာဘူး။
သူပြောပြတဲ့ ၁၆ နှစ်တာ ဧကစာကျင့်ရင်း ဖြစ်ခဲ့တဲ့ ဟာသလေးတွေထဲက တစ်ခုပေါ့ဗျာ။
သူ့ကို အရပ်သားသတ္တိရှင်ဆု ချီးမြှင့်တုန်းက အင်တာဗျူးတခုမှာ “ဒီဆုကို ကိုယ်တိုင်တက်ရောက်ပြီး သွားယူမှာလား” လို့ မေးတော့ သူက “သူ့အနေနဲ့ ပတ်စပို့ ရဖို့ အခက်အခဲ ရှိတယ်။ တကယ်လို့ သွားယူခွင့်ရရင်တောင် ပြန်လာလို့ ရမှာ မဟုတ်ဘူး။ သူ့အနေနဲ့ မြန်မာပြည်နဲ့ရော၊ မြန်မာလူမျိုးတွေနဲ့ရော ခွဲခွာမနေချင်ဘူး။ တိုင်းရင်းသားပြည်သူလူထုနဲ့ ဒုက္ခတွေအတူ မျှဝေခံစားပြီး၊ အေးအတူ ပူအမျှ မခွဲမခွာ နေချင်တဲ့အတွက်ကြောင့် သွားခွင့်ရရင်တောင် သွားယူဖြစ်မှာ မဟုတ်ဘူး”လို့ ပြန်ပြောခဲ့တယ်။
ခုဆိုရင် ကိုမင်းကိုနိုင်အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားများဟာ ပြည်သူတွေ ရင်ဆိုင်နေရတဲံ အထွေထွေ အကျပ်အတည်းတွေအတွက် ပြည်သူ့ကိုယ်စား ပြည်သူ့ဘက်မှ မားမားမတ်မတ် ရပ်တည်ဆောင်ရွက်ရင်း နအဖ စစ်အစိုးရရဲ့ အငြိုးအာဃာတကြီးမားတဲံ တုန့်ပြန်မှုတွေကြောင့် သမိုင်းတွင်တဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ကျခံရပြီး ဝေးလံခေါင်သီတဲ့ မြန်မာပြည်အစွန်အဖျားဒေသက ထောင်အသီးသီးကို ပို့ခံလိုက်ရပါပြီ။
နအဖ အစိုးရဟာ မင်းကိုနိုင်အပါအ၀င် ၈၈ မျိုးဆက် ကျောင်းသားတွေ၊ တိုင်းပြည်နဲ့ လူမျိုးကို ချစ်မြတ်နိုးကြတဲ့၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို တန်ဘိုးထားကြတဲ့ ရဟန်းသံဃာတော်တွေ၊ တိုင်းရင်းသားညီအစ်ကိုတွေနဲ့ တက်ကြွလှုပ်ရှားသူ လူငယ်ကျောင်းသားတွေ၊ ပြည်သူတွေကို ရက်ရက်စက်စက် ပြင်းပြင်းထန်ထန် ချေမှုန်းနှိပ်ကွပ်နေပြီး ဝေးလံလှတဲ့ အစွန်အဖျားဒေသတွေဆီကို ပို့ရုံမက မြန်မာပြည်ကပါ ထွက်ခွာသွားစေချင်မှာပါ။ ဒါပေမယ့် မြန်မာပြည်ကြီး ငြိမ်းချမ်းသာယာဝပြောပြီး ဖွံ့ဖြိုးတိုးတက်လာစေဖို့၊ မြန်မာပြည်မျာ မွေးဖွားတဲ့ သူတိုင်းဟာ သူတို့ရသင့်ရထိုက်တဲ့ လူ့အခွင့်အရေးတွေကို တရားမျှတစွာ ရရှိခံစားနိုင်ကြစေဘို့အတွက် ကျွန်တော်တို့ဟာ အထိန်းသိမ်းခံ၊ အနှိပ်စက်ခံဘ၀နဲ့ ဘေးဒုက္ခမျိုးစုံကို ရင်ဆိုင်ကျော်လွှားရင်း တပ်မတော်ခေါင်းဆောင်များက နားလည်လက်ခံယုံကြည်ပြီး အားလုံးနဲ့ လက်တွဲပူးပေါင်းကာ မြန်မာပြည်ရဲ့ အထွေထွေ အကျပ်အတည်းတွေကို ညှိနှိုင်းဖြေရှင်းကြရမယ့် နေ့တနေ့ကို ရောက်ရှိဘို့ ခိုင်ခိုင်မာမာ ယုံကြည်မျှော်လင့်ရင်း ကြိုးပမ်းဆောင်ရွက်လျက် ရှိနေဆဲပါ။
Tuesday, December 23, 2008
Subscribe to:
Posts (Atom)