Sunday, October 18, 2009

“မင်းကိုနိုင် နှင့် ဒီမိုကရေစီအရေး လှုပ်ရှားနေသူများကို ဝန်းရံကြ”

မင်းကိုနိုင်၏ ၄၇ နှစ်မြောက် မွေးနေ့ ထုတ်ပြန်ကြေညာချက်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)
၂ဝဝ၉ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်နေ့

ယနေ့ကျရောက်သည့် မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားမှု၏ ခေါင်းဆောင် တဦးဖြစ်သူ မင်းကိုနိုင်၏ ၄၇ နှစ်ပြည့် မွေးနေ့ အထိမ်း အမှတ် အဖြစ် သူရေးသားသည့် “ နောက်ကြည့်မှန်” ဝတ္ထုစာအုပ်ကို ထုတ်ဝေ လိုက်သည်။

ကိုမင်းကိုနိုင်သည် ယုံကြည်မှုအတွက် သူ့ဘ၀၏အကောင်းဆုံးအချိန်များကို နံရံလေးဖက်ကြား ရင်းနှီးမြှပ်နှံ ခဲ့သည်၊ ယခုတဖန် ရင်းနှီးမြှပ်နှံဆဲ ဖြစ်သော်လည်း သူသည် နိုင်ငံရေးသတ္တ၀ါမျှသာမဟုတ်ပေ၊ စကားလုံးများ အတွေးစိတ်ကူးများဖြင့် ဖန်တီးပြခဲ့ သော်လည်း သူသည် အိပ်မက်နှင့် တောကစားနေသော အနုပညာသည်မျှ သာမဟုတ်။

သူသည် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီက်ု ချက်ကြိုးနှင့် အတူ အဖြတ်ခံခဲ့ရသောမျိုးဆက်ကို ကိုယ်စားပြု သည်၊ သံတိုင်နောက်က မွေးနေ့ကိတ်ပေါ်တွင် ကျနော်တို့ ဖယောင်းတိုင်ထွန်း ခွင့်မရသော်လည်း သူ့နှလုံးသား၏ အလင်းရောင်ကို အားလုံးထဲ ပျံ့နှံ့ရန် သည်စာအုပ်ငယ်ကို ထုတ်ဝေခြင်းသည်ပင် ကျနော်တို့် သူ့အပေါ်ထားသော မေတ္တာတရားနှင့် ဂါရ၀ဖြစ်သည်။


မြန်မာပြည်တွင် မည်သည့်အာဏာရှင် ရှိစေကာမူ မင်းကိုနိုင်သည် စာပေ၊ ဂီတ၊ ပန်းချီ စသည့် အနုပညာ လက်ရာများကို အဆက်မပြတ် ဖန်တီး နေမည့်သူဖြစ်သည်။ သို့သော်လည်း လက်ရှိ မြန်မာပြည် အခြေအနေ ဆိုးများကြောင့် မင်းကိုနိုင်သည် အနုပညာဖန်တီးမှုများကို အချိန်ယူ လုပ်ဆောင်နိုင်ခြင်း မရှိပေ။


လူတဦးအတွက် အသက် ၃ဝ နှင့် ၄ဝ ဝန်းကျင် ရောက်သည့်အချိန်သည် တဖြည်းဖြည်း ရင့်ကျက်လာသည့် ကာလ ဖြစ်ပြီး သူ၏ ရည်မှန်းချက်များကို အကောင်အထည်ဖော်ရန် အကောင်းဆုံး အချိန်လည်း ဖြစ်သည်။


မင်းကိုနိုင်သည် သူ၏ အသက် ၃၀ နှင့် ၄၀ ၀န်းကျင်ကာလများတွင် နံရံလေးဘက်အတွင်း ရောက်နေ ခဲ့သည်။ မြန်မာပြည် အရေးအတွက် အလွန်အဖိုးတန်သည့် အချိန်ကာလများကို ပေးဆပ်ခဲ့သူ ဖြစ်သည်။ မိသားစု၊ လွတ်လပ်မှု၊ အနုပညာဖန်တီးမှုတို့ကို ချစ်ခင်သော်လည်း မြန်မာပြည်သားများ လိုလားသည့် ဒီမိုကရေစီ ရရှိရေးကို ဦးစားပေးခဲ့သူ ဖြစ်သည်။

မင်းကိုနိုင်ကို ခေါင်းဆောင်အဖြစ် ရွေးချယ်ခဲ့ခြင်းမှာ မှန်ကန်သည့် ရွေးချယ်မှု ဖြစ်ခဲ့သည်။ ၁၉၈၈ ခုနှစ်က ရန်ကုန်တက္ကသိုလ်တွင် ပြုလုပ် ခဲ့သည့် ညီလာခံတွင် တက်ရောက်လာသူများ၏ တာဝန်ပေးချက်အရ မင်းကိုနိုင် သည် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်၏ ဥက္ကဋ္ဌ ဖြစ်လာသည်။

ကျောင်းသားခေါင်းဆောင်၊ ဒီမိုကရေစီလှုပ်ရှားမှု၏ ခေါင်းဆောင် မင်းကိုနိုင် သည် ၁၉၈၉ ခုနှစ်မှစ၍ ၁၆ နှစ်ကြာ အကျဉ်းချခံခဲ့ရသည်။ အခန်းကျဉ်းအတွင်း ၁၆ နှစ်ကြာ တကိုယ်တည်း ပိတ်လှောင်ခံရသော်လည်း မင်းကိုနိုင်က မြန်မာ့ဒီမိုကရေစီအရေးကို ဆက်လက် ဆောင်ရွက်ရန် သန္နိဋ္ဌာန် ချခဲ့သည်။


“ဘယ်လောက်ပဲ မှောင်မည်းပါစေ၊ ဘယ်လောက်ပဲ ကြမ်းတမ်းပါစေ ငါတယောက်တည်း မဟုတ်ဘူး၊ ငါ့ရဲ့ ရဲဘော်၊ ရဲဘက်တွေ ရှိတယ် ဆိုတဲ့ ယုံကြည်ချက်နဲ့ နေခဲ့ပါတယ်” ဟု ၁၆ နှစ်ကြာ အကျဉ်းချခံထားရရာမှ ပြန်လည်လွတ်မြောက်လာစဉ် ပြောကြား ခဲ့ဖူးသည်။


နိုင်ငံတကာကလည်း မင်းကိုနိုင်၏ လှုပ်ရှားမှု၊ စွန့်လွှတ်ပေးဆပ်မှုများ အတွက် ဂုဏ်ပြုဆုများ ပေးအပ် ကြသည်။ မင်းကိုနိုင်သည် မြန်မာ့ဒီမိုကရေစီ အရေး လှုပ်ရှားမှုများတွင် ပါဝင် ဆောင်ရွက်နေသူ များကို ကိုယ်စားပြုသူတဦး ဖြစ်လာသည်၊ ရှစ်လေးလုံး လူထု လှုပ်ရှားမှုကို စတင်ခဲ့သူ ၁၉၈၈ မျိုးဆက် ကျောင်းသား များကို ဦးဆောင်ခဲ့သူ ဖြစ်သည်။


သူ နှင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များက သူတို့ကို ထောင်သွင်း အကျဉ်းချခဲ့သည့် ဗိုလ်ချုပ်ကြီးများအား အာဃာတ စကား မပြောဘဲ နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်ကြရန်သာ ပြောခဲ့ကြသည်။ စစ်သားများ စစ်တန်းလျား ပြန်ပါဟု မပြောဘဲ တိုင်းပြည် ရှေ့ရေးအတွက် တမျိုးသားလုံး ပြန်လည် သင့်မြတ်ရေး လုပ်ဆောင်ရန် မေတ္တာရပ်ခံခဲ့ကြသည်။


၂ဝဝ၄ ခုနှစ်တွင် မင်းကိုနိုင် ထောင်မှ ပြန်လွတ်လာစဉ် စစ်အစိုးရက ဒီမိုကရေစီအရေး လှုပ်ရှားမှုများကို ဖမ်းဆီးနှိပ်စက်သည့်နည်းဖြင့် ဆက်လက် တုံ့ပြန်လျက်ရှိသည်ကို တွေ့ရသည်။


ထို့ကြောင့် သူက “မျက်ရည်တွေသိမ်းနိုင်မှ ကျနော် အားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်တာ အဓိပ္ပာယ် ရှိပါလိမ့်မယ်ဗျာ။ အမေ့အိမ်ကို ညည့်နက်ညမှာ တံခါး လာခေါက်တဲ့ လူဟာ အလည်လွန်နေတဲ့ သားလေးပဲ ဖြစ်သင့်ပါတယ်။ သားလေးကို အမေ့ရင်ခွင်ထဲက လာပြီးတော့ ခေါ်သွားတာမျိုးတော့ မဖြစ်စေချင်တော့ပါဘူး” ဟု ပြောခဲ့သည်။


၂၀၀၇ ခုနှစ်တွင် အာဏာပိုင်တို့က သူ နှင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များကို ဖမ်းဆီးပြီး ထောင်ဒဏ် အနည်းဆုံး ၆၅ နှစ်စီ ချမှတ်ကာ နယ်စွန်နယ်ဖျားရှိ အကျဉ်းထောင်များသို့ ခွဲ၍ ပို့ဆောင်လိုက်သည်။ မင်းကိုနိုင် နှင့် သူ၏ ရဲဘော်များသည် ကိုယ်ကျိုးစွန့် အနစ်နာခံပြီး ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး လှုပ်ရှားမှုများကို အဆက်မပြတ် ပြုလုပ်နေစဉ် အကျဉ်းချခံလိုက်ရခြင်း ဖြစ်သည်။


နိုင်ငံအတွက် ကိုယ်ကျိုးစွန့်ထားကြသော မင်းကိုနိုင် နှင့် ဒီမိုကရေစီအရေး လှုပ်ရှားနေသူများ၊ နိုင်ငံရေး အကျဉ်းသားများကို မိမိ တတ်နိုင်သည့် နည်းဖြင့်ဝန်းရံအားပေးကြရန် တိုက်တွန်းလိုက်သည်။

Tuesday, December 23, 2008

Soe Tun's writing on MKN

“မင်းကိုနိုင် (သို့မဟုတ်) ပေါ်ဦးထွန်း ပုံရိပ်”
ရေးသူ...... ကိုစိုးထွန်း။

မူရင်း - http://kopaw07.blogspot.com/2008/12/blog-post_23.html
Min Ko Naing and friends in 2005 (photo:moemaka)

မင်းကိုနိုင်လို့ နာမည်တွင်ပေမယ့် ကျွန်တော်တို့ အချင်းချင်းတော့ ပေါ်ဦးထွန်းအဖြစ် သိကြတဲ့သူ.....။ ဒီလူနဲ့ ကျွန်တော် စပြီး ဆုံတွေ့ကြတဲ့နေ့ကတော့ ကျွန်တော်တို့လိုပဲ အထဲက ပြန်ထွက်လာတဲ့ ညီအစ်ကိုတယောက်ရဲ့ ရဟန်းခံပွဲမှာ စပြီးတွေ့ခဲ့ကြတာပါ။

အဲဒီနေ့က ကိုယ့်အချင်းချင်းပြန်ပြီး ဆုံဖြစ်ကြလို့ အားလုံးပျော်ပျော်ပါးပါးနဲ့ စကားတွေ ကိုယ်စီပြောကြ၊ နှုတ်ဆက်ကြနဲ့ စည်စည်ကားကားပါပဲ။ ဒီလိုနဲ့ ကျွန်တော်နဲ့ ရင်းနှီးနေတဲ့ ကိုပြုံးချိုကို တွေ့လို့ သူ့ကို ကျွန်တော်နှုတ်ဆက်တော့၊ သူက “ခဏလာပါအုံး၊ ခင်ဗျားကို ကျွန်တော် ကိုပေါ်ဦးနဲ့ မိတ်ဆက်ပေးမလို့” ဆိုပြီး ခေါ်တာနဲ့ ကျွန်တော် သူ့နောက်လိုက်သွားတယ်။

အသားဖြူဖြူ၊ နှာခေါင်းချွန်ချွန်နဲ့ လူလတ်ပိုင်းအရွယ်တယောက် ထိုင်နေတဲ့နေရာရောက်တော့ ကိုပြုံးချိုက ကျွန်တော်တို့ နှစ်ယောက်ကို မိတ်ဆက်ပေးတယ်။ သူကလဲ ထိုင်နေတော့ ကျွန်တော်က မတ်တပ်ရပ်ရင်းကနေ ခါးကိုင်းလိုက်ပြီး “အေးဗျာ၊ ခုလို ကျန်းကျမ်းမာမာ ပြန်တွေ့ရတာ အရမ်းဝမ်းသာတယ်” ဆိုပြီး လက်ဆွဲနှုတ်ဆက်လိုက်တယ်။ ဒီမှာတင်၊ သူက “ဟာဗျာ၊ အဲဒီလို သူစိမ်းမဆန်ပါနဲ့။ လာပါ၊ အားရပါးရ နှုတ်ဆက်ရအောင်” ဆိုပြီး မတ်တပ်ထရပ်၊ ရင်ချင်းအပ်ပြီး ရင်းရင်းနှီးနှီး ဖက်ပြီး နှုတ်ဆက်တယ်။ ကျွန်တော်လည်း အဲဒီတော့မှ အားနာသွားတယ်။ ပြီးတော့ သူက ဆက်ပြောပါသေးတယ်။ “ခင်ဗျားအကြောင်းကို ကျွန်တော်နဲ့ စစ်တွေမှာ အတူနေခဲ့တဲ့ ကျောင်းသားတယောက်က ပြောပြလို့ သိပြီးပါပြီ။ ခုမှပဲ လူချင်းတွေ့တော့တယ်” လို့ ပြောတယ်။

ကျွန်တော်လည်း ခုမှ စပြီးသိပေမယ့် သူ့ရဲ့ ရိုးသားပွင့်လင်းမှုကြောင့် ညီအစ်ကိုလို ရင်းနှီးမှု ရှိသွားသလိုပါပဲ။ အဲဒီနေ့ကတော့ မှတ်မှတ်ရရ ၂၀၀၅ ခုနှစ် မတ်လ (၂၇) ရက်ဖြစ်တဲ့ တော်လှန်ရေးနေ့ပါ။ အဲဒီကအပြန် ကျွန်တော်တို့ ကျောင်းသားတွေကို NLD က တော်လှန်ရေးနေ့အခမ်းအနားကို တက်ဖို့ ဖိတ်ထားလို့ အားလုံး စုံစုံညီညီနဲ့ သွားတက်ဖြစ်ကြတယ်။ အဲဒီနေ့ဟာ ၈၈ မျိုးဆက် ကျောင်းသားများရဲ့ စတင်စုစည်းပေါင်းဆုံမှု အဖွင့်နိဒါန်းလို့ ပြောရင်ရမယ်ထင်ပါတယ်။

တော်လှန်ရေးနေ့ အခမ်းအနားမသွားခင် ကျွန်တော်နဲ့ ကိုပေါ်ဦးတို့ နှစ်ယောက်ဟာ တနေရာမှာ ထိုင်ပြီး ခဏလောက် စကားပြောဖြစ်ကြတယ်။ သူက သူ့ခံစားချက်ကို ရင်ဖွင့်ပြပါတယ်။ သူ့အနေနဲ့ နိုင်ငံရေးကို တသက်လုံး လုပ်ဖို့ မရှိဘူး။ ကျွန်တော်တို့ တိုင်းပြည် မှန်ကန်တဲ့ လမ်းကြောင်းမှာ ရောက်နေပြီဆိုရင် အနားယူပြီး အနုပညာအလုပ်တွေနဲ့ ဘ၀ကို အချိန်ကုန်ချင်တယ်ဆိုတဲ့ အကြောင်းကို ပြောပါတယ်။ ကျွန်တော်လည်း သူပြောတာကို သဘောတူလက်ခံပါတယ်ဆိုတဲ့ အကြောင်းပြောပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း လုပ်သင့်လုပ်ထိုက်လို့ ကာလတခုကို ၀င်ပြီး နိုင်သလောက် ထမ်းကြည့်တာ။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အေးအေးဆေးဆေး ဖြစ်ရင်တော့ ဘ၀မှာ ဒိပြင် ကိုယ်ဝါသနာပါရာ၊ ပျော်မွေ့ရာနဲ့ ဖြတ်သန်းနေထိုင်မှာပါပဲလို့ ကျွန်တော်ကဆိုတော့၊ သူက “ဟုတ်ပြီးဗျာ၊ ခင်ဗျားက ကျွန်တော့်ရဲ့ သက်သေနော်။ ကျွန်တော်တချိန်ရောက်လို့ နားချင်ပြီလို့ ကျွန်တော်ပြောတဲ့အခါ၊ ကန့်ကွက်သူတွေ ရှိရင်၊ ခင်ဗျားက သက်သေလိုက်ပေးနော်” လို့ သူက ၀မ်းသာအားရ ပြောခဲ့တယ်။

သူရေးဖြစ်ခဲ့တဲ့ ၀တ္ထုတိုတွေကို သူလွတ်လာတော့ ကျွန်တော့်ကို ဖတ်ဖို့ပေးပြီး ဝေဖန်ပါအုံးလို့ ပြောသေးတယ်။ ဖတ်တော့ ဖတ်ဖြစ်ပါတယ်။ ဝေဖန်တဲ့အထိတော့ မရောက်လိုက်ဘူး။ အလုပ်တွေကလဲ များကြတာကိုး။

နောက်ပိုင်းမှာ သူနဲ့ သွားရင်းလာရင်း လေ့လာအကဲခတ်မိရသလောက်၊ သူဟာ အနုပညာသမားတွေ၊ အထူးသဖြင့် ကျွန်တော်တွေ့မိသလောက်က စားရေးဆရာ၊ ကာတွန်းဆရာ၊ ကဗျာဆရာတွေနဲ့တွေ့ရင် လက်ဘက်ရည်ဆိုင်မှာ တော်တော်နဲ့ မထဖြစ်တော့ဘူး။ အလုပ်ရှိလို့သာ စကားဖြတ်ပြီး ကျွန်တော်တို့နဲ့အတူသွားရပေမယ့် ဆက်ပြီး ထိုင်ချင်သေးတယ်။ ပန်းချီတို့၊ ဂီတတို့မှာလည်း အလားတူပါပဲ။ သူဟာ အဲဒီအကြောင်းတွေ ဆွေးနွေးပြောဆိုနေရရင် သူ့စိတ်ဟာ ပိုပြီး ရွှင်လန်းတွက်ကြွနေတဲ့ပုံရှိတယ်။ သူ့နေရာကနေပြိးတော့ ကျွန်တော် စာနာနားလည်မိပါတယ်။ ဟိုလူ၊ ဒီလူနဲ့ တွေ့ရ၊ အသိမိတ်ဆွေတွေက ခင်မင်မှုနဲ့ ဖတ်လို့သွားရနဲ့ ကိုယ်ပိုင်အချိန်က နည်းပါတယ်။ နားရတယ်ဆိုတာ သိပ်မရှိလှပါဘူး။

သူ့မှာ အာရုံကြော အားနည်းတဲ့ ရောဂါလည်း ရှိတယ်။ သူ့ကျန်းမာရေးအတွက် ဦးနှောက်နဲ့ အာရုံကြောဆရာဝန်ကြီးတယောက်ဆီကို ကျွန်တော်တို့ ခေါ်သွားပြီး ပြတော့ ဆရာဝန်က သေသေချာချာ စစ်ဆေးပြိးတော့ ဆေးတွေ အများကြီးပေးလိုက်တယ်။ ဆရာဝန်လည်း ၀မ်းသာအားရနဲ့ ကျွန်တော်တို့နဲ့ အတူတွဲထိုင်ပြီး အမှတ်တရ ဓါတ်ပုံ ရိုက်ယူထားလိုက်တယ်။ စမ်းသပ်ခတော့ မယူလိုက်ပါဘူး။ ဒါပေမယ့် ဆေးဖိုးက တော်တော်ကျသွားတယ်။ ဟာသဖြစ်သွားတာက ကျွန်တော်တို့မှာ ဆေးဖိုး အလုံအလောက်မပါခဲ့ဘူး။ ဆရာဝန်ကတော့ မပါရင် မပေးပါနဲ့လို့ ပြောပါတယ်။ ဒါပေမယ့် ကိုပေါ်ဦးက အားနာတတ်တော့ “မဟုတ်တာ ဆရာရယ်။ နောက်တခေါက်လာပေးပါမယ်” လို့ ပြောပြီး နောက်အခေါက်မှ ကျွန်တော်တို့ ပေါင်းပေးလိုက်ကြတယ်။

ဆရာဝန်က သူ့ကို အနားယူခိုင်းတယ်၊ ဆေးကို ပုံမှန်၊ အချိန်မှန်သောက်ခိုင်းပေမယ့်၊ နေ့တိုင်း သွားလာနေရတော့ ဘယ်မှာ နားချိန်ရှိမလဲ။ ဆေးသောက်ချိန်လဲ မမှန်ဖြစ်တာပေါ့၊ ပြီးတော့ ဆေးတွေက သောက်ပြီးရင် မနေားမဖြစ် နားနေရမယ့် အာရုံကြောဆေးတွေ။ ဆေးကလည်း ဆေးပြင်းတွေဆိုတော့ သောက်ပြီးကြာလာတာနဲ့ အိပ်ချင်သလိုလို ထိုင်းမှိုင်းလာတယ်လို့ ပြောပါတယ်။ ဒါပေမယ့် ကျွန်တော်တို့နဲ့ အတူတူ သွားလာနေရတော့ ဆန့်ကျင်ဖက်တွေ လုပ်သလို ဖြစ်တာပေါ့။ ပြိးတော့ သွားလာပြောဆိုနေရပေမယ့် ထိုင်းထိုင်းမှိုင်းမှိုင်းဖြစ်နေတာပေါ့ဗျာ။ အချင်းချင်းစကားပြောရင်ပဲဖြစ်ဖြစ်၊ မီဒီယာတွေနဲ့ အင်တာဗျူးရင်ပဲဖြစ်ဖြစ် စကားပြောလို့ မကောင်းဘူးပေါ့။ အမှန်တော့ အနားယူရမှာပါ။ ဒါပေမယ့် အနားယူချိန်က နည်းပါတယ်။ ဒီတော့ နောက်တခေါက်မှာ ကျွန်တော်တို့က ဆရာဝန်ကု ဆေးပြင်းတွေ မတိုက်ဖို့ တောင်းပန်ရတော့တာပေါ့။ လူက နားချင်ပေမယ့် အခြေအနေက သူ့ကိုနားခွင့်မပေးပါဘူး။ ရှေ့လာမယ့် မြန်မာပြည်ခရီးကြမ်းကြီးမှာလည်း သူပြောသလိုမျိုး နားနေချိန်ရပါ့မလားဆိုတာ မရေရာတဲ့ အနေအထားပါပဲ။

သူဟာ ဟာသဉာဏ်လည်းရှိတယ်။ ပျော်ပျော်နေတတ်ပုံလည်းရတယ်။ အဲဒီလိုနေတတ်တာဟာလည်း သူ့ကျန်းမားရေးအတွက် ပိုသင့်တော်မယ်လို့ ကျွန်တော်ထင်တယ်။ လောကကြီးရဲ့ ကမောက်ကမဖြစ်မှု၊ လော်မာဖောက်ပြားမှု၊ နိမ့်ကျပျက်စီးမှုတွေကို ယောနိသောမနသိကာရ စိတ်နဲ့ မှန်မှန် နှလုံးသွင်းပြီး နေနိုင်ရင်နေ၊ ဒါမှမဟုတ် ဟာသအမြင်နဲ့ ကြည့်ပြီးနေနိုင်ရင် ကြုံလာရတဲ့ လောကဓံတွေကို လွယ်လွယ်ကူကူ ပေါ့ပေါ့ပါးပါး ဖြတ်သန်းနိုင်မယ်လို့ ကျွန်တော် ယုံကြည်တယ်။ ကျွန်တော်တို့ စုပြီး ဆွေးနွေးပြောဆို စကားကောင်းနေကြတဲ့အချိန် သူက ဟာသလုပ်ပြီး ၀င်ဖေါက်ရင် ပွဲကျသွားတာတွေရှိတယ်။ အကြိတ်အနယ်၊ အချေအတင် ဆွေးနွေးရလို့ ခေါင်းတွေ ပူနေတဲ့အချိန် ဟာသလေးတွေနဲ့ အပူဖုလေးတွေကို ကြိတ်ချေရတာလေးတွေဟာ ကျွန်တော်တို့အတွက် ပေါ့ပါးစေပါတယ်။

သူအထဲမှာ ဧကစာကျင့်နေတုန်းက ဖြစ်ခဲ့တဲ့ ဟာသလေးတခု ကျွန်တော့်ကို ပြန်ပြောပြလို့ ဖောက်သည်ချချင်သေးတယ်။ အဲဒီတုန်းက သူ့က ဆံပင်ညှပ်မလို့ ၀န်ထမ်းတယောက်ကို ပြောတယ်။ ဒါပေမယ့် ၀န်ထမ်းက သူ့ကို “ကိုမင်းကိုနိုင် ဆံပင်က သိပ်မရှည်သေးဘူး။ မညှပ်ပါနဲ့အုံး” ဆိုပြီး ပြောတယ်တဲ့။ တမင်သက်သက် ညစ်တာပေါ့ဗျာ။ အဲဒါနဲ့ သူက “ခင်ဗျားစကားကို မှတ်ထားနော်။ ကျွန်တော် ဆံပင်မညှပ်ဘဲ နေမယ်” ဆိုပြီး အရှည်ကြီးဖြစ်တဲ့အထိ နေလိုက်တယ်။ ၀န်ထမ်းတွေက သူ့ရဲ့ နေရေးထိုင်ရေး၊ ကျန်းမာရေးအခြေအနေကို အမြဲစောင့်ကြည့်စစ်ဆေးနေရတာဆိုတော့၊ တနေ့မှာ သူက တံမြက်စည်းတချောင်းကို ဂစ်တာလုပ်ပြီး ပါးစပ်ဆိုင်းနဲ့တီးရင်း သီးချင်းတွေ အကျယ်ကြီးအော်ဆိုရော။ ဒီတော့ ၀န်ထမ်းတယောက်က အပြေးအလွှား လာကြည့်တယ်။ သူ့ကို ဆံပင်ရှည်ရှည်၊ နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးတွေနဲ့ တံမြက်စည်းကို ဂစ်တာလုပ်ပြီးတီးနေတာလဲတွေ့ရော၊ မျက်လုံးပြူး မျက်ဆံပြူးဖြစ်သွားပြီးတော့ “ဟာ၊ ကိုမင်းကိုနိုင်၊ သတိထားပါ၊ သတိထားပါ” လို့ ပြောပြီး ဆရာဝန်ကို ပြေးအကြောင်းကြားတော့တာပဲ။ ၀န်ထမ်းက သူ့ကို စိတ်ဖောက်သွားပြီ ထင်တာ။ အမှန်ကတော့ တကယ်အရူးဖြစ်သွားတာက သူမှန်း ၀န်ထမ်းခမြာ သဘောမပေါက်လိုက်ရှာဘူး။

သူပြောပြတဲ့ ၁၆ နှစ်တာ ဧကစာကျင့်ရင်း ဖြစ်ခဲ့တဲ့ ဟာသလေးတွေထဲက တစ်ခုပေါ့ဗျာ။

သူ့ကို အရပ်သားသတ္တိရှင်ဆု ချီးမြှင့်တုန်းက အင်တာဗျူးတခုမှာ “ဒီဆုကို ကိုယ်တိုင်တက်ရောက်ပြီး သွားယူမှာလား” လို့ မေးတော့ သူက “သူ့အနေနဲ့ ပတ်စပို့ ရဖို့ အခက်အခဲ ရှိတယ်။ တကယ်လို့ သွားယူခွင့်ရရင်တောင် ပြန်လာလို့ ရမှာ မဟုတ်ဘူး။ သူ့အနေနဲ့ မြန်မာပြည်နဲ့ရော၊ မြန်မာလူမျိုးတွေနဲ့ရော ခွဲခွာမနေချင်ဘူး။ တိုင်းရင်းသားပြည်သူလူထုနဲ့ ဒုက္ခတွေအတူ မျှဝေခံစားပြီး၊ အေးအတူ ပူအမျှ မခွဲမခွာ နေချင်တဲ့အတွက်ကြောင့် သွားခွင့်ရရင်တောင် သွားယူဖြစ်မှာ မဟုတ်ဘူး”လို့ ပြန်ပြောခဲ့တယ်။

ခုဆိုရင် ကိုမင်းကိုနိုင်အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားများဟာ ပြည်သူတွေ ရင်ဆိုင်နေရတဲံ အထွေထွေ အကျပ်အတည်းတွေအတွက် ပြည်သူ့ကိုယ်စား ပြည်သူ့ဘက်မှ မားမားမတ်မတ် ရပ်တည်ဆောင်ရွက်ရင်း နအဖ စစ်အစိုးရရဲ့ အငြိုးအာဃာတကြီးမားတဲံ တုန့်ပြန်မှုတွေကြောင့် သမိုင်းတွင်တဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ကျခံရပြီး ဝေးလံခေါင်သီတဲ့ မြန်မာပြည်အစွန်အဖျားဒေသက ထောင်အသီးသီးကို ပို့ခံလိုက်ရပါပြီ။

နအဖ အစိုးရဟာ မင်းကိုနိုင်အပါအ၀င် ၈၈ မျိုးဆက် ကျောင်းသားတွေ၊ တိုင်းပြည်နဲ့ လူမျိုးကို ချစ်မြတ်နိုးကြတဲ့၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို တန်ဘိုးထားကြတဲ့ ရဟန်းသံဃာတော်တွေ၊ တိုင်းရင်းသားညီအစ်ကိုတွေနဲ့ တက်ကြွလှုပ်ရှားသူ လူငယ်ကျောင်းသားတွေ၊ ပြည်သူတွေကို ရက်ရက်စက်စက် ပြင်းပြင်းထန်ထန် ချေမှုန်းနှိပ်ကွပ်နေပြီး ဝေးလံလှတဲ့ အစွန်အဖျားဒေသတွေဆီကို ပို့ရုံမက မြန်မာပြည်ကပါ ထွက်ခွာသွားစေချင်မှာပါ။ ဒါပေမယ့် မြန်မာပြည်ကြီး ငြိမ်းချမ်းသာယာဝပြောပြီး ဖွံ့ဖြိုးတိုးတက်လာစေဖို့၊ မြန်မာပြည်မျာ မွေးဖွားတဲ့ သူတိုင်းဟာ သူတို့ရသင့်ရထိုက်တဲ့ လူ့အခွင့်အရေးတွေကို တရားမျှတစွာ ရရှိခံစားနိုင်ကြစေဘို့အတွက် ကျွန်တော်တို့ဟာ အထိန်းသိမ်းခံ၊ အနှိပ်စက်ခံဘ၀နဲ့ ဘေးဒုက္ခမျိုးစုံကို ရင်ဆိုင်ကျော်လွှားရင်း တပ်မတော်ခေါင်းဆောင်များက နားလည်လက်ခံယုံကြည်ပြီး အားလုံးနဲ့ လက်တွဲပူးပေါင်းကာ မြန်မာပြည်ရဲ့ အထွေထွေ အကျပ်အတည်းတွေကို ညှိနှိုင်းဖြေရှင်းကြရမယ့် နေ့တနေ့ကို ရောက်ရှိဘို့ ခိုင်ခိုင်မာမာ ယုံကြည်မျှော်လင့်ရင်း ကြိုးပမ်းဆောင်ရွက်လျက် ရှိနေဆဲပါ။


Sunday, November 16, 2008

news from irrawaddy.org

မင်းကိုနိုင်အပါအဝင် နိုင်ငံရေးအကျဉ်းသား ၂၁ ဦးကို နယ်ထောင်များသို့ ပြောင်းရွှေ့
ကိုသက် | နိုဝင်ဘာ ၁၆၊ ၂၀၀၈

ကိုမင်းကိုနိုင်နှင့် ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ဝင်များ၊ မစုစုနွေးနှင့် အန်အယ်လ်ဒီပါတီဝင်များ၊ သံဃာတော်တချို့နှင့် အနုပညာရှင် ၂ ဦးကို မိသားစုနှင့်ဝေးရာထောင်များသို့ ယနေ့နံနက် ၃ နာရီခန့်က စတင်ပို့ဆောင်လိုက်သည်ဟု မိသားစုဝင် များနှင့် နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) တို့က ပြောသည်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နှင့် ကိုကိုကြီးတို့ကို မိသားစုများနေထိုင်ရာ ရန်ကုန်နှင့် မိုင်ပေါင်း ၇၀၀ ခန့်ကွာဝေးသည့် ရှမ်းပြည်နယ်ရှိ ကျိုင်းတုံထောင်သို့ပို့လိုက်ပြီး ကိုဌေးကြွယ်အား မြန်မာနိုင်ငံ အနောက်ဘက်စွန်း ဘင်္ဂလား ဒေ့ရှ်နယ်စပ်နယ်စပ်ရှိ ဘူးသီးတောင်ထောင်၊ ကိုပြုံးချိုအား မြန်မာနိုင်ငံ တောင်ဘက်စွန်းရှိ ကော့သောင်းနှင့် ကိုမြအေးကို ကယားပြည်နယ်ရှိ လွိုင်ကော်ထောင်သို့ပို့လိုက်သည်ဟု အေအေပီပီ အဖွဲ့က ပြောသည်။

အေအေပီပီအဖွဲ့၏အတွင်းရေးမှူး ဦးတိတ်နိုင်က ယခုကဲ့သို့နိုင်ငံရေးအကျဉ်းသားများအား မိသားစုနှင့်ဝေးရာ အကျဉ်းထောင် များသို့ ပြောင်းရွှေ့လိုက်ခြင်းသည် မိသားစုဝင်များကိုပါ ဒုက္ခရောက်စေလိုသော ရည်ရွယ်ချက်ဖြစ်သည်ဟု ပြောသည်။

“ထောင်ပြောင်းလိုက်ပြီးတဲ့နောက် ဒုက္ခခံစားရတာ မိသားစုတွေပါ။ ပြောင်းလိုက်တဲ့ဒေသတွေကိုသွားဖို့ အချိန်ကုန်တယ်၊ အလုပ်ပျက်တယ်၊ ငွေကုန်မယ်။ ဥပမာ - ကိုပြုံးချိုကို ကော့သောင်းထောင်ကိုပို့လိုက်တယ်။ အဲဒီနေရာကို သင်္ဘောနဲ့သွားရင် ၄ ရက်ကြာတယ်၊ လေယာဉ်နဲ့ဆို လက်မှတ်က အင်မတန်ဈေးကြီးပြီး ဝယ်ရတာလည်း အလွန်ခက်ပါတယ်” ဟု ဦးတိတ်နိုင် က ပြောသည်။

၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ဝင်များဖြစ်ကြသည့် ကိုလှမျိုးနောင်အား ကချင်ပြည်နယ်ရှိ မြစ်ကြီးနားထောင်၊ ကိုအောင်သူ အား မြန်မာနိုင်ငံ မြောက်ဘက်စွန်းရှိ ပူတာအိုထောင်၊ ကိုအောင်နိုင် (ခ) ကိုမျိုးအောင်နိုင်ကို စစ်ကိုင်းတိုင်းရှိ ကလေးထောင် များသို့ ပို့ခဲ့သည်။

ကိုပြုံးချို၏ဇနီး မဝါဝါက “မနက်အစောကြီးထောင်မှာသွားတွေ့သေးတယ်၊ နောက်ပေါက်ကထုတ်တာဆိုတော့ မတွေ့လိုက် ဘူး။ အခုပို့တဲ့နေရာတွေက သွားရေးလာရေးခက်ခဲတယ် … ခရီးဘယ်လောက်ဝေးဝေး လိုက်သွားရမှာပေါ့။ အမက ၂ ပတ် တခါလောက် လိုက်သွားမှာ၊ ကိုယ့်လူကို ဘယ်သူတွေတန်ဖိုးမရှိအောင် ထားထား ကိုယ့်အတွက်တန်ဖိုးရှိတာကိုး၊ ဒီလူတွေ က တတိုင်းပြည်လုံးအတွက်လည်း တန်ဖိုးရှိပါတယ်။ ဒီလိုစိတ်ဓာတ်မျိုးနဲ့ပဲ ဆက်သွားကြရမှာပေါ့” ဟု ဧရာဝတီကို ပြောသည်။

“အမတို့ စိတ်ဓာတ်မခိုင်လို့မရဘူးလေ၊ ကြိုတင်ပြင်ဆင်ပြီးသားပါ။ ကျန်မာရေးပဲဂရုစိုက်၊ မိသားစုအရေးတွေ ဘာတွေ ဘာမှမတွေးဖို့ မှာထားပြီးသား … အားလုံးကလည်း သူတို့အတွက် ဂုဏ်ယူကြမှာပါ” ဟု မဝါဝါက ဆက်ပြောသည်။

အဆိုပါ ၈၈ မျိုးဆက်ကျောင်းသားများကို တရားရုံးမထုတ်ဘဲ လွန်ခဲ့သည့် ၁၁ ရက်နေ့က မအူပင်ထောင်တွင်း၌ အပြစ်ဒဏ် ၆၅ နှစ်ချမှတ်ကာ ရန်ကုန်ရှိ အင်းစိန်ထောင်သို့ပြန်ခေါ်လာပြီး ယနေ့နံနက်တွင် ဝေးလံသည့်ဒေသများရှိ ထောင်များသို့ ပို့လိုက်ခြင်းဖြစ်သည်။

အန်အယ်လ်ဒီပါတီဝင် မစုစုနွေးကို မန္တလေးထောင်သို့ပို့လိုက်ပြီး၊ ၈၈ မျိုးဆက်ကျောင်းသားများဖြစ်သည့် ကိုမြတ်စံနှင့် ကိုတင့်ဆန်းတို့အား မုံရွာထောင်သို့ ပြောင်းရွှေ့လိုက်ကြောင်း နိုင်ငံရေးအကျဉ်းသား မိသားစုအသိုင်းအဝန်းက ပြောသည်။ ရွှေသံစဉ်တေးဂီတအဖွဲ့၏ ဂီတမှူး ကိုဝင်းမော်ကို ပဲခူးတိုင်းရှိ သာယာဝတီထောင်သို့ ပြောင်းရွှေ့ပြီး ကဗျာဆရာ ကိုစောဝေကို မည်သည့်ထောင်သို့ ပြောင်းရွှေ့မှန် မသိရသေးပေ။

သံဃာတော်တချို့အပါအဝင် အန်အယ်လ်ဒီပါတီဝင် ကိုဘိုဘိုဝင်းလှိုင်နှင့် စုစုပေါင်း ၈ ဦးကိုလည်း ၈၈ ကျောင်းသား ကိုအောင်သူနှင့်အတူ ပူတာအိုထောင်သို့ ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

“ထောင်ပြောင်းရင် မိသားစုနဲ့ အနီးဆုံးထောင်ကိုပြောင်းရမယ်လို့ အကျဉ်းထောင်လက်စွဲမှာ ပြဌန်းထားပြီး ဖြစ်တယ်။ အာဏာပိုင်တွေရဲ့ အခုလုပ်ရပ်ဟာ အကျဉ်းထောင်လက်စွဲနဲ့ လုံးဝဆန့်ကျင်နေပါတယ်” ဟု ဦးတိတ်နိုင်က ပြောသည်။

Monday, November 3, 2008

student leaders of 8888 in Maubin prison

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ မိသားစုနဲ့ တွေ့ခွင့်ရ
RFA 2008-11-02

မအူပင်ထောင်ကို သောကြာနေ့က ပြောင်းရွှေခံခဲ့ရတဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမင်းဇေယျ၊ ကိုဌေးကြွယ်အပါအဝင် ၉ ဦးကို စနေနေ့က မိသားစုဝင်တွေ သွားရောက် တွေ့ဆုံခွင့် ရခဲ့ပါတယ်။ ထောင်ပြောင်းရွှေ့စဉ်အချိန်က သံခြေချင်းတွေဝတ်ပြီး သွားခဲ့ရတယ်လို့ မအူပင်ထောင်မှာ သွားတွေ့ခဲ့တဲ့ ကိုကိုကြီးရဲ့ ညီဖြစ်သူ ကိုအောင်က ပြောပါတယ်။

ကိုအောင်။ ။ "သူတို့အပြောအရတော့ ထောင်ပြောင်းတယ်ဆိုလို့ရှိရင် ခြေကျင်းနဲ့သွားရတယ်လို့ပြောတယ်၊ အဲဒါက ထောင်အစဉ်အလာလို့တော့ ပြောတာပဲ၊ အခုလည်း ခြေကျင်းနဲ့သွားရတာပေါ့၊ လှမျိုးနောင်က ဖမ်းသွား ကတည်းက ဆေးရုံတက်နေတဲ့အချိန်မှာ ဖမ်းတာဆိုတော့ သူက မျက်လုံးမကောင်းဘူးလေ၊ မျက်လုံးတဖက်က ကွယ်သွားတယ်၊ နောက်တဖက်ကလည်း နောက်ပိုင်းသိပ်မကောင်းဘူး၊ ဒီတိုင်းသာ သွားရင်တော့ သိပ်မကောင်းဘူး။"

သူတို့အားလုံးရဲ့ အမှုတွေကိုလည်း မအူပင်ထောင်က တရားရုံးမှာပဲ ဆက်လက်စစ်ဆေးဖို့ ရှိတယ်လို့သိရပါတယ်။ ကျောင်းသားခေါင်းဆောင် ၉ ဦးကို နောက်ဆုံးအကြိမ် အင်းစိန် အကျဉ်းထောင်ထဲ ထောင်ခြောက်လစီ ချမှတ်တဲ့အချိန်မှာ တရားလိုဘက်က ထွက်ဆိုတဲ့သူ မရှိတဲ့အပြင် နှစ်ဖက်ရှေ့နေတွေလည်း မရှိဘူးလို့ ကိုအောင်ကပြောပါတယ်။

ကိုအောင်။ ။ "သူတို့နောက်ဆုံးကြုံရတဲ့ အဖြစ်ကတော့ တိုင်းတရားသူကြီးဆိုတဲ့ ပုဂ္ဂိုလ်ရောက်လာတယ်၊ ရောက်လာပြီးတော့ အဲဒီအမှုနဲ့စွဲတယ်၊ ၂ဝ၈ နဲ့စွဲတယ်၊ အဲဒီတော့ သူတို့က ဖြစ်ကြောင်းကုန်စင်ပြောတယ်။ တောက်လျှောက်စစ်မယ်ဆိုပြီး ခေါ်သွားတာ ၁၄ လကြာတဲ့ ကိစ္စတွေရော ရုံးတော်မှာ ဖြစ်စဉ်တွေအားလုံးကို ပြောတယ်။ နောက်ဆုံးတော့ ခင်ဗျားတို့ အပြစ်ရှိလား၊ မရှိဘူးလာပြောတယ်၊ မေးတော့ တရားသူပြီးတယောက်ဆိုတာ ဦးနှောက်ရှိတယ်၊ ဆင်ခြင်တုံတရားရှိတယ်၊ အဲတော့ ခင်ဗျားဘာသာ ဆုံးဖြတ်ရမှာဖြစ်တယ်၊ ကျနော်တို့မဖြေနိုင်ဘူးပြောတယ်၊ အဲဒါ ခင်ဗျားတို့ အပြစ်ရှိလား၊ မရှိဘူးလား၊ ၃ ခါ မေးတယ်။ ငြိမ်ပြီးတော့ ဘယ်သူမှမဖြေကြဘူး၊ မဖြေတဲ့အခါကျတော့ တရားသူကြီးက ဆိတ်ဆိတ်နေခြင်းက ဝန်ခံခြင်းပဲလို့ သတ်မှတ်ပြီးတော့ ၆ လ ချပြီးတော့ ဒီဖက်ကို ရောက်လာတာပဲ၊ ထူးခြားတာက အဲဒီမှာ တရားလိုအနေနဲ့စွဲရမယ့် ပုဂ္ဂိုလ်မရှိဘူး၊ နောက်ပြီးတော့ နှစ်ဖက်ရှေ့နေ မရှိဘူးတဲ့။"

အဲဒီ ကျောင်းသားခေါင်းဆောင် ၉ ဦးတို့ အနေနဲ့ သက်ဆိုင်ရာ မိသားစုဝင်တွေနဲ့ နှစ်ပတ်တကြိမ် ထောင်ဝင်စာ တွေ့ခွင့်ရမယ်လို့လည်း သိရပါတယ်။

Tuesday, February 12, 2008

min ko naing coin

Min Ko Naingနာမည်နဲ့ တစ်ယောက်ယောက်က ဘလော့ဂ်လုပ်ထားတယ်။
ဒါကြောင့် Min Ko Nai လို့ပဲ လုပ်လိုက်ပါတယ်၊

ပုံနဲ့ စာကို mrbalance ကနေ ယူတယ်။


တိုင်းပြည်ရဲ့ မဝေးတော့တဲ့ အနာဂတ်အတွက် ရည်စူးပြီး လုပ်ထားတဲ့ အကြွေစေ့လေးပါ။ အနည်းဆုံး ပိုက်ဆံ (၅) ပြားကနေ စလုပ်ထားတာ တန်ဖိုးနည်းအောင်လို့ မဟုတ်ပါ။ တိုင်းပြည်သူ ပြည်သားများ ငွေကြေး တည်တည် ငြိမ်ငြိမ်နဲ့ အဖိုး (၅) ပြား ကတောင် အသုံးဝင်တယ် ဆိုတဲ့ သဘောပါ။
ဒီမိုကရက်တစ် တိုင်းရင်းသားများ ဆိုတာကလည်း ရှေ့မှာ တိုင်းပြည်ကို ဘယ်ပုံ အမည်ပေးကြမယ် ဆိုတာ မသိသေးတဲ့ အတွက်၊ ပညာရှင်များနဲ့ အများပြည်သူအားလုံး သဘောသာ ဖြစ်တာကြောင့် အခုလို အမည်ပေးကြည့်တာပါ။
နောက်ထပ် အကြွေစေ့များ လုပ်လိုရင် ကျနော့် ဆီကို ပြောနိုင်သလို မူရင်းဖိုင်ကို တောင်းခံ နိုင်ကြောင်းပါ။ အောက်မှာပါတဲ့ လိပ်စာတွေကနေ ဘယ်လို လုပ်သလဲဆိုတာ ကိုယ်ဖာသာ စမ်းသပ်ကြည့်နိုင်ပါတယ်။http://tutorials20.com/graphics/image-on-a-coin/


Thursday, May 24, 2007

irrawaddy interviews Min Ko Naing

မင်းကိုနိုင်နှင့် စကားပြောခြင်း
ဧရာဝတီ | မေ ၂၄၊ ၂၀၀၇

မေး။ ။ အိုးပင်းဟတ် ကန်ပိန်းကြောင့် ရန်ကုန်မှာ လူတွေ မကျေနပ် တာတွေကို ဖော်ထုတ်တင်ပြရဲလာကြတယ်လို့ သုံးသပ်နေကြတယ်။ အိုးပင်းဟတ်ကန်ပိန်းရဲ့ နောက်ဆုံးအနေအထားက ဘယ်လိုရှိသလဲဗျ။

ဖြေ။ ။ ကျနော်တို့ ရည်ရွယ်ကတည်းကိုက ပြည်သူတွေမှာရှိတဲ့ နဂိုမူလအခွင့်အရေးဖြစ်တဲ့ လွပ်လပ်စွာ ဖော်ထုတ်ရေးသားခွင့် ကိုယ့်ရဲ့ သဘောထားတွေကို တင်ပြခွင့်ဆိုတဲ့အတိုင်းကို ကျနော်တို့ကပြောတာ၊ အဲဒီဥစ္စာတွေကို သုံးကြပါဆိုပြီးတော့ ကျနော်တို့က နှိုးဆော်တာ၊ အဲဒီတော့ ရင်ဖွင့်လွှာတွေလုပ်လာတဲ့ နောက်ပိုင်းမှာတော့ ဟုတ်ပါတယ်၊ ပြန်လည်ပြီးတော့ နိုးကြားမှုတွေဖြစ်လာတယ်။

အဲဒီကနေ တဆင့်ပြီးတော့ သဘောထားဆန္ဒတွေ စာရေးပြီးတော့ တင်ပြတာမဟုတ်ဘဲနဲ့ ပုံစံမျိုးစုံနဲ့ ငြိမ်းချမ်းစွာ ဖော်ထုတ်တာတွေ ရှိလာတယ်။ ဒီလိုပဲ တချို့ဆိုလို့ရှိရင် မိမိအိမ်မှာ မိမိ ခြံတံခါးမှာ ကပ်ထားတာမျိုးတွေလည်း ရှိတယ်။ ဒါကတော့ ကျနော်တို့မျိုးစုံ တွေ့နေရတယ်။ နောက်ဆုံးအနေအထားကို ပြောရမယ်ဆိုလို့ရှိရင် တပြည် လုံးက နယ်အနှံ့ တောအနှံ့ တောင်အနှံ့ကရလာတဲ့ စာတွေအပေါ်မှာ မူတည်ပြီးတော့ ပြည်သူလူထုရဲ့ သဘောထားဆန္ဒ အစစ်အမှန်ဟာ ဘာလဲဆိုတာကို ကျနော်တို့ ပုံဖော်လို့ရနေပြီဖြစ်တယ်။

ကျနော်တို့က စနစ်တကျ အမျိုးအစားတွေ ခွဲထုတ်တယ်။ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေး … သူ့ကဏ္ဍ အလိုက်နဲ့သူ ကျနော်တို့ခွဲကြည့်လိုက်တဲ့အခါမှာ သုတေသနစာတမ်းတစောင်ကို ကျနော်တို့ ပြုစုနိုင်နေပြီ ဖြစ်တယ်။ အဲဒီအပေါ်မှာ ရလာတဲ့အခြေခံကို ကျနော်တို့ တကမ္ဘာလုံးသိအောင် တင်ပြမယ်။ ကျနော်တို့ တိုင်းပြည်ရဲ့အခြေအနေ၊ ကျနော်တို့ တိုင်းပြည်မှာရှိတဲ့ ပြည်သူပြည်သားတွေရဲ့ သဘောထားဆန္ဒ အစစ်အမှန် ဘာဖြစ်တယ်ဆိုတာကို ကျနော်တို့ တင်ပြဖို့ အတွက် အခြေခံကောင်းတခု ရသွားပြီဖြစ်ပါတယ်။

မေး။ ။ ဆိုတော့ အဲလိုမျိုး လူတွေဖွင့်ဟဖော်ထုတ်လာတဲ့အခါကျတော့ စစ်အစိုးရက ဆူပူအုံကြွမယ် စိုးရိမ်ပြီး ခင်ဗျား တို့ကို ဖမ်းခဲ့တယ်၊ နောက်ပြီး ပြန်လွှတ်တယ်။ ဒီလိုမျိုးပဲ ကျန်တဲ့ ဆန္ဒပြတဲ့လူတွေကိုလည်း ဖမ်းလိုက် လွှတ်လိုက်ဆိုတဲ့ ပုံစံမျိုးတွေ ရှိနေတယ်လေ။ ဒါ့အပြင်ကို ဥပဒေမဲ့ လွန်လွန်ကျူးကျူး ကိုင်တွယ်ပြုမူတာတွေ လည်းကြားရတယ်။ နောက်ပြီးတော့ လုံထိန်းတပ်တွေကို ပြင်ဆင်တာတွေလည်း ကြားရတယ်။ ဆိုတော့ကာ နိုင်ငံရေးအငွေ့အသက်က သွေးထွက်သံယိုမှုကို ဦးတည်နေတယ်လို့ ခင်ဗျားတို့အနေနဲ့ ခံစားရလားဗျ။

ဖြေ။ ။ အခြေအနေက ဒီကနေ့ စစ်အစိုးရရော ကျနော်တို့ ဒီမိုကရေစီသမားတွေရော နှစ်ဦးနှစ်ဘက်လုံး အပေါ်မှာ မူတည်နေပါတယ်။ ကျနော်တို့တတွေဟာ ခံစားချက်ကို ဦးစားပေးပြီးတော့ လက်လွတ်စပယ် လုပ်မိ တာမျိုးမဖြစ်ဖို့ကတော့ ပထမပါ။ ကျနော်ဆိုလိုတာက ကျနော်တို့သဘောထားတွေ ဖော်ထုတ်တဲ့နေရာမှာ ရုန်းရင်းဆန်ခတ်ဖြစ်တာမျိုး၊ အကြမ်းဖက် ဆန်တဲ့ ပုံစံမျိုးမဖြစ်အောင် ကျနော်တို့ဘက်က ထိန်းတယ်။ ကျနော်တို့ဘက်က တင်ပြတဲ့ ရိုးရိုးသားသား သဘောထားဆန္ဒ အစစ်အမှန်တွေကို နားထောင်နိုင်တဲ့ နားတွေ လည်း လိုတယ်။

ကျနော်တို့ တင်ပြသမျှ ပြည်သူတွေ ပြောဆိုသမျှအပေါ်မှာ သံသယအမြင်နဲ့ မချဉ်းကပ်ဖို့ အရေးကြီးတယ်။ သဘောကတော့ အာဏာကိုလာပြီးတော့ ထိပါးတော့မလားဟဲ့ဆိုတဲ့ စိုးရိမ်ကြောင့်ကျမှု အခြေခံနဲ့ တုန့်ပြန် မယ်ဆိုရင်တော့ သွေးထွက်သံယို တင်မကဘူး၊ တော်တော်ကို ကြေကွဲစရာတွေ ဖြစ်လာမယ့်အခြေအနေမျိုးတွေ ရောက်သွားမှာပေါ့။ အဲဒီတော့ အဓိက အချက်ဟာ ကျနော်တို့ပြည်သူတွေအနေနဲ့ တကယ်တမ်း ကိုယ့်ဆန္ဒကို ငြိမ်းချမ်းစွာ ဖော်ထုတ်ပါ။ အဲဒီဖော်ထုတ်မှုဟာ အကြမ်းမဖက်ဘဲ ဖြစ်ရပါမယ်။ စည်းကမ်းသေ၀ပ်စွာနဲ့ ဖော်ထုတ် ကြရမယ်။ ရဲရဲရင့်ရင့် ဖော်ထုတ်ရမယ်။ တဘက်က အာဏာပိုင်တွေကလည်း ဒါတွေကို အပြုသဘောနဲ့ နားလည် နိုင်ရမယ်။ ပြီးတော့မှ ဘယ်လိုတွေပြုပြင်နိုင်သလဲဆိုတဲ့ နည်းလမ်းကို ရွေးချယ်ရမှာဖြစ်တယ်။

အဲဒီလိုမဟုတ်ဘဲ လူတွေက သဘောထားတွေဖော်ပြီး ဆန္ဒတွေထုတ်ကြပြီ ဆိုတာနဲ့ကိုတင် အာဏာဆိုတဲ့ အချက် တခုတည်း ကြည့်ပြီးတော့ ဒီကုလားထိုင်ကို လှုပ်မလား၊ ဒီပုလ္လင်ကိုထိပါးလေမလားဆိုတဲ့ အတွေးမျိုးနဲ့ တုန့်ပြန်မယ်ဆိုရင် တော့ အနာဂတ်လည်း မကောင်းဘူး၊ သမိုင်းကြောင်းလည်း မလှဘူးဖြစ်သွားတော့မယ်။ ကျနော်တို့ ဒါကို စိုးရိမ်တယ်။ ဒါကြောင့်မို့ ထပ်ခါတလဲလဲ သတိပေးနေရခြင်းဖြစ်တယ်။

မေး။ ။ ဆိုတော့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးလမ်းက အခုထက်ထိ တံခါးပွင့်နေတုန်းပဲလို့ ခင်ဗျားတို့အနေနဲ့ မြင်လား။

ဖြေ။ ။ ဒီလိုဗျ … သူက တံခါးတချပ်တည်းတော့ မဟုတ်ဘူး။ ကျနော်တို့ဘက်က တချပ်ဖြစ်မယ်၊ လက်ရှိအစိုးရဘက်က တချပ်ရှိမယ်။ ကျနော်တို့ဘက်က တံခါးကိုတော့ ကျနော်တို့က ဖွင့်ထားဆဲပဲ။ ကျနော်တို့က ရှိနေတဲ့ ဖိနှိပ်ခံရမှု၊ မတရားမှု တွေကို တွန်းလှန်ရင်း တဘက်ကလည်း ပြဿနာတိုင်းကို ဖြေရှင်းတဲ့အခါမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတဲ့ စိတ်နှလုံးအခံနဲ့ပဲ ဖြေရှင်းဆဲပဲ ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ဘက်ကတံခါးကို ဖွင့်ထားတာ။ တဘက်ကတံခါးပဲ ကျန်နေတာပါ။

အဲဒါကိုလည်း ကျနော်တို့က မှန်ကန်တဲ့ ဖြေရှင်းမှုပုံစံဖြစ်တဲ့ ကိုယ့်အမျိုးသားချင်းပဲဆိုတဲ့ အတွေးနဲ့ပေါ့၊ ဒီဟာတွေကို ချေမှုန်းပစ်မယ်ဆိုတဲ့အစား ဒါ ကိုယ့်ရဲ့အင်အားတွေပဲ၊ ကိုယ့်တိုင်းပြည်တည်ဆောက်ရေးမှာ ပေါင်းရမယ်၊ လက်တွဲရမယ့် အင်အားတွေပါဆိုတဲ့ အသိမျိုးကို ပေးနိုင်ဖို့အတွက် အဲဒီတံခါးကို ဆက်ပြီးတော့ ကျနော်တို့ ခေါက်နေရမှာ ဖြစ်တယ်။

မေး။ ။ လက်ရှိ အနေအထားအရဆိုရင် စစ်အစိုးရအနေနဲ့ သူ့ဟာသူ အမျိုးသားညီလာခံလုပ်ပြီးတော့ လမ်းပြမြေပုံ အဆင့်ဆင့်နဲ့ ဇွတ်သွားမယ်ဆိုတဲ့ အနေအထားဗျာ။ နောက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ မပါဘဲနဲ့ ဆက်သွားမယ်ဆိုလည်း တချို့တွေက လိုက်သွားမယ့်အနေအထားမျိုးတွေ တွေ့နေရတယ်ဆိုတော့ ခင်ဗျားတို့အနေနဲ့ရော ဘယ်လိုမျိုး ရင်ဆိုင်ဖြတ်သန်းဖို့ပြင်ဆင်ထားသလဲခင်ဗျ။

ဖြေ။ ။ ကျနော်တို့က နိုင်ငံရေးပြဿနာကို ဖြေရှင်းတဲ့နေရာမှာ ဒီလိုပုဂ္ဂိုလ်အစွဲ၊ အဖွဲ့အစည်းအစွဲ ဆိုပြီးတော့ စဉ်းစားတဲ့ ပုံစံမျိုး ကျနော်တို့ မချဉ်းကပ်ဘူးခင်ဗျ။ တခုတော့ရှိတာပေါ့၊ ရွေးကောက်ပွဲတခုရဲ့ ဂုဏ်သိက္ခာကို သေးသိမ်အောင် အင်အား သုံးပြီးတော့ ဖန်တီးပြီးတော့မှ အင်အားရှိတဲ့လူက တဖက်သတ် ဖြေရှင်းတာမျိုးကို တော့ ကျနော်တို့လက်ခံလို့မရဘူး။ ဒီမိုကရေစီစနစ်ကို သွားမယ်လို့ပြောထားတယ်။

အဲဒီတော့ ရွေးကောက်ပွဲတခုကို အသိအမှတ်ပြုပြီးတော့ ဖြေရှင်းတဲ့ပုံစံကိုတော့ ကျနော်တို့က တောင်းဆိုရလိမ့်မယ်။ အဲဒီဲလိုမှ မလုပ်ဘူးဆိုရင် နောက်ထပ် ရွေးကောက်ပွဲဆိုတာတွေကို ပြည်သူတွေက ဘယ်လိုယုံကြည်ကြမလဲ။ ဘယ်လိုမှ အာမခံချက်မရှိဘူးဆိုတာကို ဖော်ပြနေတယ်။ ဒါ အရေးကြီးတဲ့ အချက်ပါ။

ကျနော်တို့ဘက်ကတော့ အကြမ်းမဖက် ငြိမ်းချမ်းတဲ့နည်းနဲ့ လူထုတရပ်လုံး ပါဝင်တဲ့နည်းကိုပဲ ရွေးတယ်ဆိုတာ ကျနော်တို့ ဖော်ပြပြီးပါပြီ။ တိုင်းပြည်တခုရဲ့ အနာဂတ်ကို့ အစိုးရကချည်း ရွေးလို့တော့မရဘူးပေါ့ခင်ဗျာ။ နိုင်ငံသားအားလုံးရဲ့ သဘောတူညီမှု ဖြေရှင်းမှုက အရေးအကြီးဆုံးပါပဲ။

မေး။ ။ ဟုတ်ပြီ၊ ခင်ဗျား ခုနကပြောသလိုမျိုး နိုင်ငံရေးမှာ လူထုပါဝင်ပတ်သက်ခွင့်ဆိုတဲ့ ဥစ္စာပေါ့ဗျာ။ ပြောကြကြေးဆိုလို့ ရှိရင် ဒီစစ်အစိုးရလက်ထက်မှာ ဘယ်လောက်ထိ လူထုပါဝင်ပတ်သက်ခွင့်ရှိလို့လဲ၊ နောက်ပြီးတော့ လူထုကနေပြီးတော့ သူတို့လိုလားတဲ့ ဒီမိုကရေစီစနစ်ကို တည်ထောင်တဲ့နေရာမှာ လူထုပါဝင်ပတ်သက်လာအောင်လို့ ခင်ဗျားတို့ အဖွဲ့ကရော ဘယ်လောက်လုပ်ပေးနိုင်သလဲ။

ဖြေ။ ။ ကျနော်တို့ ပြီးခဲ့တဲ့လှုပ်ရှားမှုတွေရှိပါတယ်၊ ကျနော်တို့ရဲ့ ကန်ပိန်းတွေပေါ့။ ဆစ်ကနေချာ ကန်ပိန်း ကစပြီးတော့ အဖြူရောင် ကန်ပိန်း၊ ပြီးတော့ အိုးပင်းဟတ်လက်တာကန်ပိန်း၊ အခု အဖြူရောင် တနင်္ဂနွေ ကန်ပိန်း အသီးသီးကိုကြည့် လိုက်ပါ။ ကျနော်တို့ဟာ ပြည်သူလူထုပါဝင်လာနိုင်မယ့် နည်းလမ်းကို ကျနော်တို့က ရွေးတယ်။

ပြည်သူလူထုက နှစ်ပေါင်းများစွာကြီး အပစ်ခံ၊ အချိုးခံထားရတဲ့ အခါကျတော့ ခေါက်ရိုးကျိုးနေတဲ့ သဘောကတော့ရှိတယ်။ ဒါ ကျနော်တို့ ပြန်မထွက်လာခင်အထိ။ ကျနော်တို့ ထွက်လာကြပြီးတော့ အတူတကွ ရပ်တည်ကြပြီးတော့ ကျနော်တို့စပြီး အလုပ်လုပ်ကြပြီဆိုတဲ့အခါမှာ ပြည်သူဟာ ဘယ်လမ်းနဲ့ ဘယ်ပုံနဲ့စပြီးတော့ လိုက်နိုင်မလဲဆိုတာကို ကျနော်တို့ စနစ်တကျ ရွေးချယ်တယ်။

အဲဒီအခါကျတော့ ခေါက်ရိုးကျိုးထားပြီးသားဖြစ်တဲ့ ဒီ ချုံးချုံးကျထားတဲ့ ပြည်သူတွေရဲ့အခြေအနေကို ကျနော်တို့က ပြန်ပြီးတော့ အင်အားသွင်းရတယ်။ တဖြည်းဖြည်းနဲ့ ထထိုင်လာနိုင်အောင်၊ ထိုင်ရာကနေ မတ်တပ်ရပ်နိုင်အောင်၊ ပြီးရင် ဖြည်းဖြည်းတွဲပြီးတော့ လျှောက်နိုင်အောင်ပေါ့။ အဲဒီလိုရွေးကြတယ်ဆိုတဲ့နေရာမှာ ကျနော်တို့ အကြမ်းမဖက်တဲ့နည်းကိုပဲ ကျနော်တို့ သုံးရသေးတယ်။ ဆိုတော့ ဒီနှစ်ခုကြားထဲမှာ ကျနော်တို့လှုပ်ရှားရတာ အင်မတန်ခက်ခဲပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ တဘက်က အဆင့်ဆင့်သော အာဏာပိုင်တွေက စိတ်မထင်ရင် မထင်သလို အပေါ်တမျိုး အောက် တမျိုးတွေနဲ့ ကျနော်တို့ ကြုံရတယ်။ ဟိုတနယ်မှာ တနည်း၊ ဒီဘက်နယ်မှာ တဖုံဆိုတာ ကျနော်တို့ ကြုံရတယ်။ ဆိုတဲအခါ ကျတော့ ပြည်သူလူထုလိုက်ပါလာနိုင်တဲ့နည်းကို ကျနော်တို့ရွေးတဲ့နေရာမှာ ကျနော်တို့ဟာ ကိုယ်ကိုယ်နှိုက်ကတော့ စိတ်ရောကိုယ်ပါ ပေးဆပ်နိုင်မှုအားလုံး ရယ်ဒီဖြစ်ရင် ဖြစ်မှာပေါ့။ ဒါပေမယ့် ပြည်သူ့ဘက်က လိုက်နိုင်မှုဆိုတာရော ရှိသေးတာကိုး။

အဲဒါကြောင့် ကျနော်တို့က ကျနော်တို့ရှေ့တလှမ်းလေး ဦးဆောင်လိုက်၊ ပြည်သူလူထုလိုက်နိုင်တဲ့အခါကျရင် နောက် တလှမ်းကိုတက်လိုက်၊ ဒီနည်းကိုပဲ သွားရမှာ။ နောက်လာမယ့် ကျနော်တို့ရဲ့ ကန်ပိန်းတွေမှာလည်း ဒီထက်ပိုပြီးတော့ ကျယ်ပြန့်ရမယ်၊ ထိရောက်မှုရှိရမယ်၊ ပြည်သူတွေရဲ့ တကယ့်သဘောထားအစစ်အမှန်ကို ထင်ဟပ်နိုင်တာမျိုးကို နည်းမျိုး စုံနဲ့ ကျနော်တို့သုံးမယ်။ တကယ့် အရေးကြီးတဲ့ သမိုင်းအချိုးအကွေ့မှာ ပြည်သူလူထုရဲ့ ပူးပေါင်းမှုဟာ အင်မတန် လိုအပ်တာမို့ လိုအပ်သလို ထုတ်ပြီးတော့ သုံးနိုင်တဲ့အနေအထားရောက်တဲ့ အထိ ကျနော်တို့ စနစ်တကျ အလုပ်လုပ် သွားမှာဖြစ်တယ်။

မေး။ ။ နောက်ဆုံးအနေနဲ့ ဒေသတွင်းနိုင်ငံ အစိုးရတွေနေနဲ့ ဒီမိုကရေစီရေးကို မထောက်ခံဘဲနဲ့ စစ်အစိုးရနဲ့ပေါင်းပြီး စီးပွားဖြစ်ဖို့ အဓိကဆိုတဲ့ ပေါ်လစီပေါ်မှာရော ဘယ်လိုမြင်လဲဗျ။

ဖြေ။ ။ ဘယ်နိုင်ငံပဲဖြစ်ဖြစ်၊ ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ် ဂုဏ်သိက္ခာဆိုတဲ့ ကိုယ်ကျင့်တရားနဲ့ နောက်တခုက ကိုယ်ကျိုး စီးပွားဆိုတာ အမြဲတမ်းရှိကြပါတယ်။ ဆိုတော့ လူပဲဖြစ်ဖြစ်၊ နိုင်ငံပဲဖြစ်ဖြစ် ကိုယ်ကျိုးစီးပွားပေါ်တော့ အခြေခံကြတယ်။ ဒါပေမယ့် ဂုဏ်သိက္ခာမဲ့၊ ကျင့်ဝတ်မဲ့တဲ့ အကျိုးစီးပွားသက်သက်တော့ မဖြစ်သင့်ဘူး။ အဲဒီတော့ ဂုဏ်သိက္ခာလည်း ရှိတယ်၊ အကျိုးစီးပွားလည်း မှန်မှန်ကန်ကန်ပါမယ်ဆိုတဲ့ နှစ်ဘက်လွှဖြစ်တဲ့ ကြိုးပမ်းမှုမျိုးကို စဉ်းစားဖို့သင့်ပါတယ်။

အစိုးရတွေဟာ ပြည်သူလူထုတွေရဲ့ ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရမဟုတ်ရင်တော့ ဆိုးတာပေါ့ဗျ။ သူတို့နည်း သူတို့ဟန်နဲ့ အင်အားတွေနဲ့ အာဏာယူထားကြတဲ့ အစိုးရ အစိုးရချင်း ဆက်ဆံရေးဆိုတာ တကယ်တော့ ကျဉ်းမြောင်း လွန်းပါတယ်ဗျ။ တကယ့်တကယ်က နိုင်ငံသားအချင်းချင်း ဆက်ဆံရေးသာလျှင် ရေရှည် အကျိုးစီးပွားဖြစ်မယ်လို့ ကျနော် ယုံကြည်တယ်။ အဲဒီတော့ ကျင့်ဝတ်ဂုဏ်သိက္ခာအရကော ကောင်းမွန်တဲ့ ဆက်ဆံရေးမျိုး၊ နိုင်ငံတခုစီရဲ့ အကျိုးစီးပွား တွေရောရှိတဲ့ ဆက်ဆံရေးမျိုးကို ကျနော်တို့က ကြိုဆိုပါတယ်။ အဲဒီလိုပဲ ဖြစ်စေချင်တယ်။

ကျနော်တို့ တိုင်းပြည်ရဲ့ ပြဿနာကို ဖြေရှင်းကြတဲ့နေရာမှာ ကျနော်တို့တိုင်းပြည်မှာ တကယ်ပြဿနာတွေ ရှိနေတယ် ဆိုတာကို လုံခြုံရေးကောင်စီမှာ ဗီတိုအာဏာနဲ့ ပယ်ချခဲ့တဲ့ နိုင်ငံကြီးတွေကတောင် ၀န်ခံထားရတယ်။ ကောင်းပြီ၊ ဒီတော့ ကျနော်တို့ရဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းမလဲဆိုတဲ့နေရာမှာ အငြင်းပွားမှုတွေကိုဖယ်ပြီးတော့ အားလုံးကို ဘုံလုပ်လို့ရတဲ့ လုပ်ငန်းစဉ်တခုကို ရှာလို့ရပါတယ်။
အဲဒါက ဘာလဲဆိုတော့ ကျနော်တို့ တိုင်းပြည်မှာ လတ်တလော စိတ်ကြိုက်ခြယ်လှယ်နေတဲ့ အင်အားရှိတဲ့လူက စိတ်ကြိုက် လုပ်စတမ်းဆိုတဲ့ ရလဒ်မျိုးကို လက်မခံဘူး။ အများရဲ့ သဘောတူညီမှုကို ယူပါဆိုတဲ့ အချက်မျိုးဟာ ဘုံသဘောတူညီချက်၊ ဘုံလုပ်ငန်းစဉ်အနေနဲ့ ပူးပေါင်းပြီးတော့ လုပ်လို့ရတယ်။ အဲဒီတော့ တကယ်တမ်း မှန်မှန်ကန်ကန် စေတနာရှိတယ်ဆိုရင် ကျနော်တို့နိုင်ငံသားတွေရဲ့ အကျိုးစီးပွားမျက်နှာကိုလည်း ကြည့်ပါ။ အစိုးရ အစိုးရချင်း ပြေလည်ရေးဆိုတာက ယာယီပဲ ဖြစ်ပြီးတော့ သမိုင်းမှာ အားနည်းပါတယ်။ အဲဒီလို အားနည်းမှုတွေ ဖြစ်သွားနိုင်တယ်ဆိုတာ ကျနော်ကြိုပြီးတော့ ပြောထားချင်တယ်။ ။

Thursday, November 25, 2004

VOA interview

ိ မင်းကိုနိုင် ဗွီဒီယိုမှတ်တမ်း
(၂၅-၁၁-ဝ၄) ဗွီအိုအေ

ပထမပိုင်း

စစ်အစိုးရရဲ့အကျဉ်းထောင်ထဲမှာ (၁၆)နှစ်လောက် အကျဉ်းချခံခဲ့ရပြီးတော့ နိုဝင်ဘာလ(၁၉)ရက်က ပြန်လည် လွတ်မြောက်လာတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်(ဗကသ) ရဲ့ ဥက္ကဌ ကိုမင်းကိုနိုင်ဟာ ရုပ်မြင်သံကြား တွေ့ဆုံမေးမြန်းမှုမှာ သူ့ရဲ့ ကျန်းမာရေး အခြေအနေကို အခုလိုပြောပြပါတယ်။

“ကျနော်က ကျန်းမာရေး စစ်ဆေးမှု အစစ်ဆေးခံပြီး အခုပဲပြန်လာတာပါ။ ပြန်လာတဲ့အခါမှာ ကျနော် မျက်စိနဲ့ ပတ်သက်ပြီးတော့ မလုပ်ခဲ့ရသေးပါဘူး။ ကိုယ်တွင်းအင်္ဂါတွေနဲ့ ပတ်သက်ပြီးတော့ လုပ်ခဲ့တဲ့အခါမှာ လောလောဆယ် သိရသမျှကတာ့ ကလီစာတွေ ဆိုကြပါစို့ဗျာ၊ ကျောက်ကပ်တို့ အဆုပ်တို့ အစရှိသဖြင့်ကတော့ အခြေအနေ ကောင်းတယ်လို့ ပြောပါတယ်။ ဒါပေမယ့် နှလုံးတော့ နှလုံးနည်းနည်း ရှိရင်းစွဲထက် ကြီးနေတယ်လို့ ပြောပါတယ်။ အဲဒီတော့ နှလုံး ဒီလိုဖြစ်ရခြင်းကလည်း အတွင်းမှာ အနေအစားနဲ့ ပတ်သက်တယ်လို့ ယူဆပါ တယ် ဆရာဝန်က အဲဒီတော့ အဲဒါအတွက် အနေအစားတွေကို ပြုပြင်လိုက်မယ် ဆိုရင်တော့ ကောင်းနိုင်ပါတယ်။ လိုအပ်တဲ့ ပြုစု ကုသမှုတွေ အတွက် ဆက်ပြီးစဉ်းစားပါလိမ့်မယ်၊ သက်ဆိုင်ရာ ဆရာဝန်တွေက ဆက်ပြီးတော့ ပေးပါလိမ့်မယ်။

ကျန်တဲ့ ထူးထူးခြားခြားကတော့ ကျနော့်မှာ ရောဂါ ပြတယ်လို့ ကျနော့်ကိုယ် ကျနော် မတွေ့ဘူး။ ခံစားနေရတာကတော့ ညဘက်ဆို အိပ်လို့ ပြဿနာတွေတော့ ရှိတယ်။ ဒါက မေးကြည့်တဲ့အခါကျတော့ ကျနော့်နည်းတူပဲ ထောင်ထဲက ထွက်လာတဲ့ ရဲဘော်တွေကတော့ ပြောပါတယ်ခင်ဗျ၊ အားလုံးပဲ ဒီဝေဒနာကို ခံစားရ ပါတယ်တဲ့။ ဒီလိုပဲ ကျနော် အိပ်မရလို့ ထထိုင်နေတယ်၊ ညည လမ်းလျှောက်နေတယ်၊ အဲဒါကို အမေတို့ ဘာတို့က တွေ့တဲ့အခါ ပြောတယ်၊ ကျနော်က စိုးရိမ်တယ်၊ ဒါဘာဖြစ်မှန်းမသိဘူး။ ဒါပေမယ့် ကျနော့် သူငယ်ချင်းတွေက ပြောတယ်၊ အားလုံး ဖြစ်ကြပါတယ် တဲ့၊ ကာလတိုနဲ့ ကာလ ရှည်ပဲကြာပါတယ်တဲ့။ အထဲမှာ ကြာကြာ နေလာတဲ့လူကတော့ နည်းနည်း ပိုကြာကြာလေးများ ဖြစ်မလား မသိဘူးခင်ဗျ၊ အဲဒီ အချိုးအစားအတိုင်း ဆိုရင်တော့ အဲဒီလိုတော့ ထင်ရတာပေါ့ဗျာ၊ ဒါပေမယ့် ကျနော်က သင့်တင့် လျောက်ပတ်တဲ့ အချိန်မှာတော့ ဒါ ပျောက် သွားမယ်ထင်ပါတယ်။ ကျန်းမာရေးနဲ့ ပတ်သက်ရင်တော့ ဒီလောက်ပါပဲ။”

ဒါ့အပြင် သူ့ရဲ့မျက်လုံးတွေရဲ့ အကြောင်းကိုလည်း ဒီအတိုင်းရှင်းပြပါတယ်။

“မျက်လုံးတွေက ကျနော်ကြည့်ရတာ ညဘက် တီဗွီတွေဘာတွေ ကြည့်လိုက်လို့ရှိရင် အရုပ်တွေက နှစ်ထပ်တွေ ဘာတွေ ဖြစ်နေ တယ်။ အဲဒီတော့ ကျနော် ၅ မိနစ်ထက် ပိုပြီး မကြည့်နိုင်ဘူး။ မျက်စိကိုက်တယ်။ မျက်စိပူတယ်၊ မျက်စိတွေနီလာတယ်၊ မျက်ရည်ပူတွေ ကျတယ်၊ အဲဒီလိုရှိတယ်၊ ကျန်တဲ့ပြဿနာကတော့ သိပ်မရှိသေးပါဘူး ခင်ဗျ။ မျက်လုံးတွေ ပူနေတာကတော့ တချိန်လုံးပဲ ပူနေတယ်။ ဟုတ်ကဲ့ အဲဒီလောက် ပါပဲ။”

အကျဉ်းထောင်ကနေ ချက်ချင်းလွတ်မြောက်လာတဲ့အချိန်မှာ ဘယ်သူ့ကို ပထမဦးဆုံး သတိယမိပါသလဲလို့ မေးတာကိုတော့ ကိုမင်းကိုနိုင်က ဒီအတိုင်း ဖြေဆိုပါတယ်။

“ဒီဟာနဲ့ပတ်သက်ပြီး ဖြေရမယ်ဆိုရင် မေးခွန်းကသာ တမျိုးတည်း ဖြေရမှာက ၂ မျိုးဖြေရမလိုဖြစ်နေတယ်။ လူဆိုတာက ကိုယ်ရေး ကိုယ်တာရှိမယ်၊ ကိုယ်နေထိုင်ရတဲ့ လူ့အဖွဲ့အစည်းနဲ့ ပတ်သက်နေတဲ့ အကြောင်းအရာတွေရှိမယ်၊ နှစ်မျိုးရှိပါတယ်၊ ဒါ ဘယ်သူမဆိုပေါ့ဗျာ၊ တစ်ဦးချင်းစီရဲ့ လူ့အဖွဲ့အစည်းက ကျဉ်းကောင်းနေရင်တော့ ကျဉ်းမယ်ပေါ့ဗျာ၊ ဒါပေမယ့် လူဟာ ကိုယ်ရေးကိုယ်တာရယ် လူ့အဖွဲ့အစည်းရယ် နှစ်မျိုးရှိတယ်။ ဒီမေးခွန်းကိုလည်း အဲဒီလို နှစ်ပိုင်းခွဲပြီး ဖြေချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ဒါမှလည်း လူပီသမှာပါ။ ကျနော်ဟာ ပရအကြောင်းပဲ ပြောနေမယ် ဆိုရင် အတ္တမရှိတဲ့လူပုံစံ သက်ရောက်သွားမှာ စိုးရပါတယ်။

အတ္တအကြောင်းချည်းပဲ ပြောနေပြန်ရင် ပရမပါဘူး ဆိုတော့ ယုတ္တိမရှိ ဘူးခင်ဗျ၊ အဲဒီတော့ အများနဲ့ဆိုင်တဲ့အကြောင်းပြောပါဆိုရင် ဒီလို ခုနက မေးသလိုပေါ့ အရင်ဆုံး ဘယ်သူ့ကို တန်း သတိယလိုက်သလဲ ဆိုရင် ထောင်က လွတ်လွတ်ချင်း အဲဒီမှာ လူတစ်ဦး တစ်ယောက်တည်းပဲ ပြောလို့ရှိရင်တော့ အမှန်တကယ်တော့ မတိကျဘူးခင်ဗျ၊ မလုံလောက်ဘူး ခင်ဗျ၊ မဖြစ်ဖြစ်အောင် ပြောဗျာ အရေးကြီးဆုံး တစ်ယောက်တည်းကိုပဲ ပြောဗျာ ဆိုလို့ရှိရင်တော့ ဒါဟာ အဲဒီကျရင် ကျနော်က မဟုတ်သေးဘူးဗျာ၊ အဲဒီ ကျရင် တစ်ယောက်တည်းနဲ့ မလုံလောက်သေးဘူးဗျာ၊ အဲဒီလိုမျိုး ကျနော်ပြောချင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သြော် အရင်တုန်းက ငါနဲ့ အတူ လုပ်ဖော်ကိုင်ဖက်တွေ အားလုံး ဒီအချိန်မှာ အတူနေရရင် ကောင်းမှာပဲလို့ တွေးမိပါ တယ်။ အဲဒီတော့ တစ်ယောက်တည်းကို ရွေးပြီးတော့ ပြောပါဆိုရင်တော့ အများစုကလည်း နားလည်မှုရှိပါလိမ့်မယ်။ ဒီနေရာမှာ ထုတ်ဖော်ပြီး ပြောစရာလည်း မလိုပါဘူးခင်ဗျ၊ အဲဒါ အားလုံးက နားလည်လို့ရပါ တယ်၊ သို့သော် ကျနော်တို့ဟာ တစ်ဦး တစ်ယောက်တည်းကိုပဲ ပုဂ္ဂိုလ်ရင်း တစ်ယောက်ကိုပဲ ရွေးပြီးပြောတာကို ကျနော်တို့တွေက ဆင်ဆင်ခြင်ခြင်လေး သွားကြတာ ပိုပြီးတော့ သင့်တော်မယ်လို့ ထင်ပါတယ်။ အဲဒီတော့ ကိုယ်ရေးကိုယ်တာအရ ပြောပါ ဆိုရင်တော့ ကျနော့်မှာ တချိန်တခါက တယောက်သောသူပေါ့ဗျာ၊ ဒါပေမယ့် ကျနော့်မှာက ဒီလောက် နှစ်ကာလ ကြာတဲ့အခါ (၁၆)နှစ်တာလောက် ကြာလာတော့ ကျနော့်မှာ သူ့ကို တွေ့ဖို့ အခွင့်အရေးတောင် မရှိတော့ဘူး ထင်ပါတယ်။ မရှိတော့ဘူး ဆိုတော့ မရနိုင်တော့မှန်း သိတာ တခုကိုတော့ သတိယတာ တစ်ခုတော့ ရှိတာပေါ့ဗျာ၊ ဒါပါပဲ ကျနော် ဒီလောက်ပဲပြောပါရစေ။”

(၁၆)နှစ်လောက် အကျဉ်းထောင်ထဲမှာ နေထိုင်ရတဲ့အခါ ဘယ်လို နေထိုင်ပါသလဲလို့ မေးမြန်းတာကိုတော့ ကိုမင်းကိုနိုင်က အခုလို ဖြေပါတယ်။

“အဲဒီအတွက်ကတော့ ပြောလို့ရှိရင်တော့ တော်တော်ကြီးကို စာအုပ် အထူကြီးနဲ့ ရေးရင်တောင် ရတယ်ပေါ့ဗျာ၊ ကျယ်ကျယ်ဝန်းဝန်း ပြောရင်တော့ ဒါကို ပြည့်ပြည့်စုံစုံ ပြောမယ် ဆိုရင်တော့ အေးအေးဆေးဆေး ပြောရမယ့် ကိစ္စမျိုးပါ။ သို့သော်လည်းပဲ ကျနော်တို့ အခုလို ကြုံတဲ့ အချိန်လေးမှာ ပြောရမယ်ဆိုရင်တော့ အတော်အသင့်လောက်ပဲ ပြောလို့ရမှာပေါ့။ အတော်အသင့်လောက်ဆိုရင်တော့ ဒါကတော့ အများနည်းတူပဲ လက်ခံ ကျင့်သုံးပါတယ်။ ဆိုလိုတာက အများက ဘယ်လိုနေကြသလဲ ဆိုရင် လေ့ကျင့်ခန်း လုပ်ကြမယ်ဗျာ၊ နောက်တခုက ဘာသာရေး လုပ်ကြမယ်ခင်ဗျာ၊ ဘာသာတရားလည်း ကိုယ်စီရှိကြတဲ့လူတွေ များပါတယ်။ ဘာသာရေး အဆုံးအမ အရ ကျနော်တို့ ဗုဒ္ဓ
ဘာသာ ဆိုလို့ရှိရင်တော့ ဘုရားရှိခိုးရုံနဲ့ မလုံလောက်ဘူးပေါ့ ခင်ဗျာ၊ သက်ဆိုင်ရာ ဘာဝနာလေးတွေ ပွားရတော့ပေါ့ခင်ဗျာ၊ ဘာဝနာဆိုတာကလည်း ကိုယ် လေ့လာထားသလောက် သိထား မှတ်ထားသလောက်ကို ဘာဝနာ ပွားပါတယ်။

အဲဒါတွေပြီးပြီဆိုရင်တော့ ဘာရှာလဲ ဆိုလို့ရှိရင်တော့ ငါ အချိန်ကို တန်ဖိုးရှိရှိ ဘယ်လို အသုံးချမလဲ၊ ဒါက ကျနော်တို့အတွက် တော်တော် အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က ဒီစကားက ခင်ဗျားလည်း ကြားဖူးပါလိမ့်မယ်၊ ကုသိုလ်ရယ်၊ ပညာရယ်၊ ဥစ္စာရယ် တခုခုတော့ ရနေရမယ်။ ဒီလို ဆိုထားတာကိုး ဆိုတော့ ဥစ္စာရယ် ပညာရယ် ကတော့ ရစရာမရှိဘူး၊ ကုသိုလ်ကတော့ ရှာပြီးသွားပြီလေ၊ ဆိုတော့ လေ့လာစရာကလည်း စာရွက်စာတမ်းက မရှိတဲ့ နေရာမျိုးမှာဆိုတော့ ပညာက ရှာလို့မရဘူး၊ ဥစ္စာကလည်း ရှာလို့ မရဘူး။

ဒါဖြင့် နောက်ထပ် ရစရာ မရှိတော့ဘူးလားလို့ မေးခွန်းက ပေါ်လာတယ်။ ဒီနေရာမှာ ကျနော် ဘာသွားတွေ့လဲဆိုတော့ ချွင်းချက်နဲ့ ယေဘုယျ ဆိုတာ သွားတွေ့ပါတယ်။ ယေဘူယျပြောမယ်ဆိုလို့ရှိရင် တော့ ကုသိုလ်ပဲရှာလို့ရမယ်၊ ပညာရှာလို့မရဘူး၊ ဥစ္စာရှာလို့မရဘူး။ ဆိုတော့ ဒီသုံးခုပဲလား၊ နေက်ထပ် ဘာမှ ရှာလို့ မရတော့ဘူးလား၊ ဒါနဲ့ပဲ အချိန်တွေကို အချည်းနှီးကုန်ရတော့မလား၊ ဒီလိုစဉ်းစားပါတယ်။ စဉ်းစားတဲ့ အခါကျတော့ ကျနော် အနုပညာလေး တခုခု ဖန်တီးရင်ကောင်း မလားလို့ သွားတွေးမိတယ်လေ၊ တွေးမိတော့ အချိန်လည်း နည်းနည်း သက်သက်သာလေးနဲ့ ကုန်လွယ်တဲ့၊ တချိန်မှာ ဒါလေးက အဖတ်တင်သွားရင်လည်း အကျိုးရှိမယ်လို့ ယူဆပါတယ်။

အဲဒီတော့ ထောင်ထဲမှာနေခဲ့တဲ့လူတစ်ယောက်ရဲ့ ခံစားချက်ကို သိချင်သပဆိုရင် နည်းနည်းပါးပါး သူတို့လို ခံစားကြည့်လို့ရမယ်ပေါ့ခင်ဗျာ၊ အဲဒါ ကျနော် စဉ်းစားပြီးတော့ အနုပညာလေးတွေ ဖန်တီးပါတယ်။ ဖန်တီးတယ်ဆိုတဲ့ နေရာမှာ ဘယ်လိုဖန်တီးလဲဆိုတော့ ပုံကျတော့ ဆွဲလို့မရဘူးခင်ဗျ၊ စာရေးကိရိယာတွေ ဘာတွေ မရှိဘူးဆိုတော့ ကဗျာလေးတွေ ဘာတွေ အတွေးထဲမှာရေးရတာ၊ ကဗျာတွေစပ် အတွေးထဲမှာပဲစပ်၊ သီချင်းလေးတွေ အတွေးထဲမှာစပ် အဲဒီလို လုပ်ရတာပဲ၊ ကျနော့်မှာ တူရိယာလည်း အားကိုး စရာမရှိတဲ့ အခါကျတော့ ကိုယ့်ဟာကိုယ် စည်းလေးဘောင်လေးကွပ် ကိုယ့်ဟာကို သီချင်းလေးစပ်၊ ကဗျာလေးစပ် အဲဒီကဗျာလေး တွေကို ရပြီ ဆိုလို့ရှိရင် အလွတ်ကျက်ရတယ်။ အဲဒီအလွတ်ကျက်ရတာသည်ပင် ကိုယ့်ရဲ့ အနုပညာကိုယ် ပြန်ပြီးတော့ အလွတ်ကျက်နေရတာ ကပဲ ကျနော့်အတွက် အချိန်ကုန်ဖို့ အကျိုးရှိသွားတယ်၊ အဲ အဲဒီလိုပဲ ပြောပါရစေ၊ ဒါ ယေဘုယျသဘောပါ။ နောက်မှ ကျနော် အကျယ်ပြောပြ ပါမယ်။ အချိန်ရရင် ”


အပိုင်း(၂)

နိုင်ငံတကာက ကျောင်းသူ ကျောင်းသားတွေကို ကိုမင်းကိုနိုင် ဘာများ ပြောဆိုချင်ပါသလဲ ဆိုတဲ့အခါမှာတော့

“ကျနော့်အနေနဲ့က ပညာသင်နေတဲ့ လူတွေကို ကျောင်းသားလို့ ကျနော်တို့က ယေဘုယျ ယူဆကြတာကိုး၊ အဲဒီတော့ ပညာဆိုတာက ဘာလဲ ဆိုပြီးတော့ အဓိပ္ပာယ် ဖွင့်ဆိုကြပါတယ်။ ကျနော်လည်း ကြားဖူးတာနဲ့ ပတ်သက်ပြီးတော့ ပြောရမှာပေါ့၊ ကိုယ်ကိုယ်တိုင် တီထွင်တဲ့ စကားလုံးတော့လည်း မဟုတ်ပါဘူး။ ပညာဆိုတာ အမှားအမှန်ကို ခွဲခြားနိုင်တဲ့စွမ်းရည်ကို ရဖို့၊ နောက်တခုကတော့ လုပ်သင့်တာ မလုပ်သင့်တာကို ရွေးချယ်နိုင်ဖို့၊ ဒါဟာ ယေဘူယျကျတဲ့ ပညာရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်လို့ ကျနော် ဆိုချင်ပါတယ်။ ဆိုတဲ့အခါမှာ လောကီပညာတွေ လောကုတ္တရာပညာတွေ ဆိုပြီးတော့ ထပ်ခွဲပါသေးတယ်။ ဆိုတော့ အသက်မွေးမှု ပညာနဲ့ ပတ်သက်ရင်တော့ ဒါတော့ ဒီခေတ်မှာကြုံနေရတဲ့ အောင်လက်မှတ် တခု ပေါ်မှာ အခြေခံပြီးတော့ လစာ(သို့မဟုတ်) ဝင်ငွေအတွက် သင်ယူတဲ့ပညာမျိုး ရှိပါတယ်။ ဆိုတော့ အဲဒီပညာတွေအပြင်ကို ကျနော် စောစောက ပြောတဲ့ သိမှုပိုင်းဆိုင်ရာပညာပါ၊ အသိပညာရယ်၊ အတတ်ပညာရယ် ဆိုပြီးကွဲပြားပါတယ်။ ဆိုတော့ ဒီနေ့ နိုင်ငံတကာက ကျောင်းသားတွေ ဆိုတဲ့နေရာမှာ လွယ်လွယ်ပြောရမယ် ဆိုရင်တော့ အတတ်ပညာပိုင်းမှာ အသိပညာပိုင်းမှာ ကျနော့်ထက် ပိုပြီး တတ်နေကြပါ လိမ့်မယ် ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်က အထဲမှာ ပညာသင်ခွင့် မရခဲ့တဲ့ လူတစ်ယောက်ပါ။ အခု ကျနော့်ရဲ့စကားကို နားထောင်ချင်တယ် ဆိုတဲ့ ကျနော့်ရဲ့ နိုင်ငံတကာက ကျောင်းသားတွေ အတွက်ကတော့ ခင်ဗျားတို့ဟာ တကယ့်ပညာသည်တွေပါ၊ ကျနော့်ထက် စာလို့ရှိရင် ပညာတတ် ကြတဲ့သူတွေပါ၊ အရပ်စကားနဲ့ ရိုးရိုးလေး ပြောမယ် ဆိုရင် ခင်ဗျားတို့က ပညာတတ်ပါ။ ကျနော်ကတော့ ပညာရေးမှာ အားနည်းပါ တယ်။ ဒါဟာ ရိုးရိုးသားသား ကျနော်ပြောပြတာပါ။

သို့သော်လည်းပဲ ချွင်းချက်အနေနဲ့ ကျနော့်ကို တချို့က ထောက်ပြတာလေးတွေ ရှိပါတယ်။ ဒီလိုပဲ ဒီလိုချည်းပဲ ပြောလို့တော့ ဘယ်ရမလဲဗျာ၊ အတွေ့အကြုံနဲ့ ပတ်သက်လာရင် တမျိုးဖြစ်တာ ရှိပါတယ်လို့ ကျနော့်ကို ပြောပါတယ်။ အင်းပေါ့လေ ကျနော်ကတော့ ခင်ဗျားတို့ထက် အသက်အားဖြင့် ကြီးမယ်၊ ဖြတ်သန်းရတာ နည်းနည်း ကြမ်းကြမ်းတမ်းတမ်း များများစားစား ပိုပိုသာသာ ရှိမယ်ဆိုတဲ့အခါကျတော့ အတွေ့အကြုံအရ ရလိုက်တဲ့ ပညာလေးတွေ ရှိကောင်းရှိနိုင်ပါတယ်။

အဲဒီတော့ ပြန်ချုပ်လိုက်မယ်ဆိုရင် ဘာပဲပြော ပြော ကျနော်တို့က အတွေးအခေါ်နဲ့ နွယ်တဲ့ အသိပညာပေါ့ဗျာ၊ အဲဒါက ဘာလဲဆိုတော့ အမှားအမှန်ကို ခွဲခြားတတ်ဖို့ ခုနက စကားကိုပဲ ပြန်ကောက်တာပါ၊ နော် လုပ်သင့်လုပ်ထိုက်တာနဲ့ မလုပ်သင့် မလုပ်ထိုက်တာကို ရွေးချယ်တတ်ဖို့ ဒါတွေအားလုံးဟာ ဘယ်မှာ အခြေခံလဲ ဆိုတော့ မိမိရဲ့ တကိုယ်ရည် ခံစားချက်ကို ဦးစားမပေးဘဲနဲ့ ဖြစ်သင့်ဖြစ်ထိုက်တာကို ရွေးချယ်တတ်ဖို့ပါ။

အဲဒီနေရာမှာ ရင်းနှီးသင့်တာတွေ စွန့်သင့်တာတွေ စွန့်ရပါလိမ့်မယ်။ လူဆိုတာကတော့ အတ္တမျိုးနွယ်ပါ။ ရှိထားတာလေးတွေကို မစွန့်ချင်ဘူး၊ နောက်ထပ် ပိုလိုချင်ကြတယ်။ ဒါ ကိုယ်နှစ်သက်တဲ့ အရာပေါ့လေ ဘယ်အရာမျိုးမဆို လိုချင်တယ်၊ ရှိပြီးသားကို ထပ်လိုချင်တယ်။ ဒါဟာ အတ္တပါ၊ ဒါပေမယ့် လောကမှာ ကျနော် တို့ လုပ်သင့်လုပ်ထိုက်တာကို ခံစားချက်ကို ဦးစားမပေးဘဲနဲ့ လုပ်သင့်လုပ်ထိုက်တာကို ရွေးထားပြီးပြီ ဆိုတဲ့နေရာမှာ ကျနော်တို့ဟာ ကိုယ် မြတ်နိုးတဲ့အရာကို ကိုယ်မက်မောတဲ့ အရာတချို့ကို ကျနော်တို့က အရင်းအနှီး ပြုလိုက်ရပါတယ်။ အင်္ဂလိပ်စကားလုံးနဲ့ ဆိုရင်တော့ ဒီနေရာမှာ satisfy လုပ်လိုက်ရပါတယ်။ ပေးလိုက်ရပါတယ်။ ရင်းနှီးပစ်လိုက်ရပါတယ်၊ စွန့်ပစ်လိုက်ရ ပါတယ်။ အဲဒီလိုရှိပါတယ်။

အဲဒီအတွက် ပညာနဲ့သာလျှင် ခေတ်အဆက်ဆက်မှာ ဒီကနေ့သစ်ကို ကျနော် အခုကြားရတယ်ပေါ့လေ ဘယ်လိုကြားရသလဲဆိုတော့ ပညာ ခေတ်ရောက်ပြီလို့ ကျနော် ကြားရပါတယ်။ ပညာခေတ်ရောက်ပြီဆိုတော့ ဒါကို ကျနော် မငြင်းဘူးဗျာ၊ ဒါပေမယ့် ဘယ်ခေတ်က ပညာ အရေး မကြီးတဲ့ခေတ်လဲလို့ ပြန်မေးစရာ ရှိပါတယ်။ ပြန်စဉ်းစားမယ်ဆိုရင် တခြားခေတ်တွေမှာ ပညာတတ်တဲ့လူတွေက လူရာမဝင်ဘဲ ဒီခေတ်ကျမှ ပညာတတ်တဲ့လူတွေက လူရာဝင်မှာလား၊ ဒီလိုမေးစရာရှိပါတယ်။ အဲဒီတော့ ဒီလိုတော့ ဟုတ်မယ်မထင်ဘူးဗျာ၊ ကျနော်မြင်တာက ပညာခေတ် ဟာ ခေတ်အဆက်ဆက်မှာ ရှိပါတယ်။ အဲ သဘောကတော့ ဒီအချိန်ကျတော့မှ ပညာရဲ့ သဘောသဘာဝ ပညာရဲ့တန်ဖိုးဟာ ပေါ်လာပြီ။ ဒီလိုများ ဆိုလိုသလားလို့ ကျနော် စဉ်းစားပါတယ်။ ပညာမဲ့ခြင်း၊ ပညာရှိခြင်းဟာ သိပ်ပြီးတော့ ထင်သာမြင်သာတဲ့အချက် ဖြစ်လာပြီလားလို့ ကျနော်တွေးပါတယ်။ ဒီတော့ ကျနော် စကားဆက်ရမယ်ဆိုရင် အသက်မွေးဝမ်းကျောင်းအတွက် အတတ်ပညာကိုလည်း ဆည်းပူးကြပါ။ နောက်တခါ မိမိနဲ့တကွ မိမိရဲ့ ပတ်ဝန်းကျင် မိမိရဲ့ လူ့အဖွဲ့အစည်းအတွက် သိသင့်သိထိုက်တဲ့ သိချင်တာတွေကိုလည်း လေ့လာဖြည့်ဆည်း ကြပါ။ ပြီးတဲ့အခါမှာ ပညာရှိပီပီ လောကအကျိုး၊ မိမိအကျိုးကို ထမ်းဆောင်ကြတဲ့နေရာမှာ မှန်သောအယူ၊ သင့်သောနှလုံး ဖြူစင်တဲ့အကျင့်နဲ့ မိမိရဲ့ ရည်မှန်းချက် ပန်းတိုင်ကို အကောင်အထည်ဖော်နိုင်ပါစေလို့ ကျနော် ဆုတောင်းပါတယ်၊ ဒီလောက်ပါပဲ။ ”