Showing posts with label opinion. Show all posts
Showing posts with label opinion. Show all posts

Friday, November 13, 2009

Maung Swan Ye

မင်းကိုနိုင်ရဲ့ ဝတ္ထု
မောင်စွမ်းရည်
နိုဝင်ဘာ ၁၂၊ ၂၀၀၉


မင်းကိုနိုင်ရေးတဲ့ “နောက်ကြည့်မှန်” အမည်ရှိ ၀တ္ထု စာအုပ်တအုပ် ထွက်လာလို့ အံ့အားသင့်ရ ၀မ်းမြောက် ၀မ်းသာဖြစ်ရပါတယ်။ စာမျက်နှာ ၁၇၀ မျှပဲ ရှိပါတယ်။ ထုတ်ဝေသူက အေအေပီပီလို့ အတိုကောက်ခေါ်တွင်တဲ့ “နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း” ဖြစ်ပါတယ်။

၂၀၀၉ အောက်တိုဘာမှာ ထွက်လာပါတယ်။ အေအေပီပီ တည်ရှိရာ ထိုင်းနိုင်ငံမှာပဲ ရိုက်နှိပ်ထုတ်ဝေကြောင်း ဖော်ပြထားပါတယ်။ စာအုပ်ကလေးက စာရွက်အချောနဲ့ ရိုက်နှိပ်ထားပြီး အပြင်အဆင်လည်း လှပသေသပ်လို့ အထူးဂုဏ်ယူ ၀မ်းမြောက်ဖွယ် နှစ်သက်ဖွယ် ဖြစ်ရပါတယ်။

ဗကသ ခေါ် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂကို နိုင်ငံခြားသား အင်္ဂလိပ်အစိုးရ လက်ထက်မှာ ဗိုလ်ချုပ်အောင်ဆန်းတို့က စတင် ဖွဲ့စည်းတည်ထောင်ခဲ့ပါတယ်။ ဗကသ ဆိုတာ ဗမာ့တပ်မတော် မပေါ်ခင်က ပေါ်ပေါက်ခဲ့ပြီး တပ်မတော်ကို မွေးထုတ်ရာမှာ လက်သည်လို့တောင် ခေါ်နိုင်ပါတယ်။

ဒါပေမယ့် တပ်မတော်ကို လက်ရှိတာဝန်ယူ အုပ်ချုပ်နေသူ စစ်ဗိုလ်တွေက လွတ်လပ်ရေး မော်ကွန်းဝင် “ဗကသ” ကို ဖျောက်ဖျက် ချေမှုန်းခဲ့ကြပါတယ်။ ကိုအောင်ဆန်းတို့ စတင်တည်ထောင်ခဲ့တဲ့ ဗကသ ကို ရှစ်လေးလုံး - ဒီမိုကရေစီအရေးတော်ပုံကာလမှာ ကျောင်းသားသူရဲကောင်းလေးတွေ သွေးနဲ့ ချွေးနဲ့ ရင်းပြီး ပြန်လည်တည်ထောင်ခဲ့တဲ့ ဗကသ မှာ မင်းကိုနိုင်က ပထမဥက္ကဋ္ဌ ဖြစ်လာခဲ့ပါတယ်။ ပေါ်ဦးထွန်း အမည်ရှိတဲ့ တက္ကသိုလ်ကျောင်းသားလေးဟာ မင်းကိုနိုင် အမည်နဲ့ ဒီမိုကရေစီသူရဲကောင်းလေးတဦး ဖြစ်လာခဲ့ပါတယ်။

ဗကသ ဥက္ကဋ္ဌ ဖြစ်တဲ့ မင်းကိုနိုင်ကို စစ်အာဏာရှင်အစိုးရက ဖမ်းဆီးထောင်ချခဲ့တာ ၁၆ နှစ်ကြာမှ ပြန်လွတ်ပါတယ်။ တခါလှုပ်ရှားလို့ တခါထပ် အဖမ်းခံရတော့ ၆၅ နှစ်နဲ့ ၆ လ ပြစ်ဒဏ် စီရင်တာ ခံရပြီး ခုအခါ ထောင်ထဲမှာ ပြန်လည်ရောက်ရှိနေပါတယ်။

ထောင်ထဲမရောက်ခင် ပြေးပြေးလွားလွား သွားလာနေထိုင်ရင်းမှာပဲ “နောက်ကြည့်မှန်” ၀တ္ထုကို ရေးခဲ့ဟန်ရှိပါတယ်။ ကျောင်းသားနိုင်ငံရေးသမားလေးတဦး လူထုရင်ခွင်မှာ ခိုအောင်း တိမ်းရှောင်ရင်း နိုင်ငံရေးလှုပ်ရှားမှုတွေ လုပ်ဆောင်ခဲ့ပုံတွေကို ရေးသားထားတာ ဖြစ်တဲ့အတွက် ဘယ်နည်းနဲ့မဆို မင်းကိုနိုင်ရဲ့နိုင်ငံရေးသမားဘ၀ တစိတ်တပိုင်း ပါဝင်နေလိမ့်မယ်လို့ အကဲခတ်နိုင်ပါတယ်။

ဒီလိုဝတ္ထုမျိုးဟာ စိတ်ကူးယဉ်ပြီး ဇာတ်လမ်းဆင်ရေးသားဖို့ မဖြစ်နိုင်ပါဘူး။ စာအုပ်ရဲ့ရှေ့ဖုံးမှာ နောက်ကြည့်မှန် အကွက် ၄ ကွက်ကို ဒီဇိုင်းလုပ်ပြီး သီဟမောင်မောင်က ဖန်တီးထားပါတယ်။ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမကြီးပုံ၊ လူစုလူဝေးကြီး ဆန္ဒပြနေပုံ၊ စစ်သားတွေက လှံစွပ်တပ် သေနတ်တွေနဲ့ ချိန်ပြီး ချီတက်လာပုံ၊ မောင်မယ်ကိုယ်စားပြုပုံ တပုံ - အားလုံး ၄ ပုံ ၄ ကွက် ဖြစ်ပါတယ်။ ကျောဖုံးမှာ မင်းကိုနိုင်ရဲ့ ဓာတ်ပုံလေးတပုံနဲ့  သူရဲ့နိုင်ငံရေးဘ၀ အကျဉ်းချုပ်ကို ဖော်ပြထားပါတယ်။

“ကျနော်တို့တတွေ လက်နက်မပါဘဲနဲ့ ငြိမ်းချမ်းစွာ လာပြိးစုဝေးနေကြတယ်။ အမှန်တရားအတွက် မတရားရင် ခေါင်းငုံ့မခံဘူး ဆိုတဲ့ စိတ်ဓာတ်နဲ့ ကျနော်တို့ဘ၀များစွာ စတေးခဲ့ပြီးပြီ။ လမ်းတွေပေါ်မှာ အသက်ပါ ပေးခဲ့ပြီးပြီ။ ကျနော်တို့ကို ဘယ်ခြိမ်းခြောက်မှုမျိုးနဲ့မှ ချုပ်ချယ်လို့  မရဘူး။”

အဲဒါ မင်းကိုနိုင်ရဲ့ စကား၊ မင်းကိုနိုင်ရဲ့ အယူဝါဒ၊ မင်းကိုနိုင်ရဲ့ သတ္တိနဲ့ ဂုဏ်ရည်ပဲ ဖြစ်ပါတယ်။

စာအုပ်ရဲ့ ရှေ့ဆုံးမှာ “စီစဉ်သူရဲ့စကား” ဆိုတာကို အေအေပီပီ ကိုယ်စားပြု ဖော်ပြထားတာတွေ့ ရပါတယ်။

“စာပေသည် နိုင်ငံရေး၏ သြဇာခံမဟုတ်။ တစုံတရာကို ထောက်ခံရန် သို့မဟုတ် ကန့်ကွက်ရန်သည် စာပေအနုပညာ၏ရည်ရွယ်ချက် မဟုတ်ပေ” လို့ အစချီပြီး ဒုတိယ ကမ္ဘာစစ်ကြီးပြီးစ ဗမာ့လွတ်လပ်ရေးခေတ်ဦးက ဒီနေ့ထိ စာပေလောက (ဗမာစာပေလောက) မှာ အငြင်းပွားဆဲဖြစ်တဲ့ စာပေအယူဆတရပ်ကို ထိပ်ကတင်ပြီး ဖွင့်လှစ် မှာကြားထားတာ တွေ့ ရပါတယ်။

မူလသုံးနှုန်းခဲ့တဲ့ ဟိုတုန်းက စကားလုံးတွေက “စာပေသည် ပြည်သူ့အတွက်နဲ့ ”၊ “စာပေသည် အနုပညာအတွက်” ဆိုပြီး သုံးနှုန်းဖော်ပြခဲ့ပါတယ်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ခေတ်ဟောင်းစာပေတိုက်ပွဲကို ဆက်လက်သယ်ဆောင်ရင်း မင်းကိုနိုင်ရဲ့စာပေကို မိတ်ဆက်လိုက်ပါတယ်။

ဒီစာအုပ်ဟာ မင်းကိုနိုင်ရဲ့အသက် ၄၇ နှစ်ပြည့် မွေးနေ့ အမှတ်တရ ထုတ်ဝေတာလို့ ဖော်ပြထားပါတယ်။ မင်းကိုနိုင်ဟာ ကျောင်းသားခေါင်းဆောင်၊ နိုင်ငံရေးသမားတဦး ဖြစ်သလို စာပေအစွမ်းအစ ရှိသူတဦးလည်း ဖြစ်တယ်ဆိုတာ ဒီစာအုပ်က မော်ကွန်းထိုးသလို ဖြစ်ပါတယ်။

မင်းကိုနိုင်ဟာ နိုင်ငံရေးသမား ဟိတ်ဟန်ပြပြီး ကြီးကျယ်ရှုပ်ထွေးတဲ့ နိုင်ငံရေးစကားတွေကို မသုံးမစွဲဘဲ၊ နိုင်ငံရေးဘ၀တစိတ်တပိုင်းကို အနုပညာမြောက် ပစ္စည်းတရပ်အဖြစ် သေသေသပ်သပ် ဖော်ကျူးနိုင်စွမ်းရှိတာ တွေ့ရလို့၊ သူ့ကို အနာဂတ်ဗမာစာပေလောကအတွက် မျှော်လင့် စောင့်စားစရာ လူငယ်တဦးအဖြစ် စောင့်မျှော်နေကြရပါလိမ့်မယ်။

ကျောင်းသား ကိုအောင်ဆန်း၊ ကိုနု၊ ကိုဗဟိန်းတို့တတွေဟာ စာရေးဆရာ ဖြစ်ဖို့ ရည်မှန်းထားခဲ့ကြတဲ့ ကျောင်းသား နိုင်ငံရေးသမားလေးတွေ ဖြစ်ခဲ့ပါတယ်။ ခု မင်းကိုနိုင်တို့ ကြုံတွေ့ရသလို ပါပဲ။ ဒါပေမယ့် သမိုင်းပေးတာဝန်၊ ဘ၀ပေးတာဝန်တွေဟာ သူတို့ကို နိုင်ငံရေးသမားတွေ ဖြစ်စေခဲ့ပါတယ်။

မင်းကိုနိုင်ရဲ့ အနာဂတ်ကကော ဘာဖြစ်လာမလဲ။ နိုင်ငံရေးသမားပဲလား။ စာရေးဆရာပဲလား။ ဘာပဲဖြစ်ဖြစ် သူဟာ သူပြောခဲ့သလို “အမှန်တရားအတွက် မတရားရင် ခေါင်းငုံ့မခံဘူး ဆိုတဲ့ စိတ်ဓာတ်နဲ့ သူ့ဘ၀ကို နိုင်ငံရေးအတွက် ပေးအပ်ထားခဲ့ပါပြီ။ အမှန်တရားအတွက် ထမ်းဆောင်သူတွေကို ပြည်သူတွေက ရုပ်တုထုပြီး ကျောက်တိုင်ထိပ်မှာ တင်ထား ပူဇော်ကြမှာကတော့ မလွဲပါဘူး။ ။
၂၀၀၉ နိုဝင်ဘာ ၃

Sunday, October 18, 2009

“မင်းကိုနိုင် နှင့် ဒီမိုကရေစီအရေး လှုပ်ရှားနေသူများကို ဝန်းရံကြ”

မင်းကိုနိုင်၏ ၄၇ နှစ်မြောက် မွေးနေ့ ထုတ်ပြန်ကြေညာချက်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)
၂ဝဝ၉ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်နေ့

ယနေ့ကျရောက်သည့် မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားမှု၏ ခေါင်းဆောင် တဦးဖြစ်သူ မင်းကိုနိုင်၏ ၄၇ နှစ်ပြည့် မွေးနေ့ အထိမ်း အမှတ် အဖြစ် သူရေးသားသည့် “ နောက်ကြည့်မှန်” ဝတ္ထုစာအုပ်ကို ထုတ်ဝေ လိုက်သည်။

ကိုမင်းကိုနိုင်သည် ယုံကြည်မှုအတွက် သူ့ဘ၀၏အကောင်းဆုံးအချိန်များကို နံရံလေးဖက်ကြား ရင်းနှီးမြှပ်နှံ ခဲ့သည်၊ ယခုတဖန် ရင်းနှီးမြှပ်နှံဆဲ ဖြစ်သော်လည်း သူသည် နိုင်ငံရေးသတ္တ၀ါမျှသာမဟုတ်ပေ၊ စကားလုံးများ အတွေးစိတ်ကူးများဖြင့် ဖန်တီးပြခဲ့ သော်လည်း သူသည် အိပ်မက်နှင့် တောကစားနေသော အနုပညာသည်မျှ သာမဟုတ်။

သူသည် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီက်ု ချက်ကြိုးနှင့် အတူ အဖြတ်ခံခဲ့ရသောမျိုးဆက်ကို ကိုယ်စားပြု သည်၊ သံတိုင်နောက်က မွေးနေ့ကိတ်ပေါ်တွင် ကျနော်တို့ ဖယောင်းတိုင်ထွန်း ခွင့်မရသော်လည်း သူ့နှလုံးသား၏ အလင်းရောင်ကို အားလုံးထဲ ပျံ့နှံ့ရန် သည်စာအုပ်ငယ်ကို ထုတ်ဝေခြင်းသည်ပင် ကျနော်တို့် သူ့အပေါ်ထားသော မေတ္တာတရားနှင့် ဂါရ၀ဖြစ်သည်။


မြန်မာပြည်တွင် မည်သည့်အာဏာရှင် ရှိစေကာမူ မင်းကိုနိုင်သည် စာပေ၊ ဂီတ၊ ပန်းချီ စသည့် အနုပညာ လက်ရာများကို အဆက်မပြတ် ဖန်တီး နေမည့်သူဖြစ်သည်။ သို့သော်လည်း လက်ရှိ မြန်မာပြည် အခြေအနေ ဆိုးများကြောင့် မင်းကိုနိုင်သည် အနုပညာဖန်တီးမှုများကို အချိန်ယူ လုပ်ဆောင်နိုင်ခြင်း မရှိပေ။


လူတဦးအတွက် အသက် ၃ဝ နှင့် ၄ဝ ဝန်းကျင် ရောက်သည့်အချိန်သည် တဖြည်းဖြည်း ရင့်ကျက်လာသည့် ကာလ ဖြစ်ပြီး သူ၏ ရည်မှန်းချက်များကို အကောင်အထည်ဖော်ရန် အကောင်းဆုံး အချိန်လည်း ဖြစ်သည်။


မင်းကိုနိုင်သည် သူ၏ အသက် ၃၀ နှင့် ၄၀ ၀န်းကျင်ကာလများတွင် နံရံလေးဘက်အတွင်း ရောက်နေ ခဲ့သည်။ မြန်မာပြည် အရေးအတွက် အလွန်အဖိုးတန်သည့် အချိန်ကာလများကို ပေးဆပ်ခဲ့သူ ဖြစ်သည်။ မိသားစု၊ လွတ်လပ်မှု၊ အနုပညာဖန်တီးမှုတို့ကို ချစ်ခင်သော်လည်း မြန်မာပြည်သားများ လိုလားသည့် ဒီမိုကရေစီ ရရှိရေးကို ဦးစားပေးခဲ့သူ ဖြစ်သည်။

မင်းကိုနိုင်ကို ခေါင်းဆောင်အဖြစ် ရွေးချယ်ခဲ့ခြင်းမှာ မှန်ကန်သည့် ရွေးချယ်မှု ဖြစ်ခဲ့သည်။ ၁၉၈၈ ခုနှစ်က ရန်ကုန်တက္ကသိုလ်တွင် ပြုလုပ် ခဲ့သည့် ညီလာခံတွင် တက်ရောက်လာသူများ၏ တာဝန်ပေးချက်အရ မင်းကိုနိုင် သည် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်၏ ဥက္ကဋ္ဌ ဖြစ်လာသည်။

ကျောင်းသားခေါင်းဆောင်၊ ဒီမိုကရေစီလှုပ်ရှားမှု၏ ခေါင်းဆောင် မင်းကိုနိုင် သည် ၁၉၈၉ ခုနှစ်မှစ၍ ၁၆ နှစ်ကြာ အကျဉ်းချခံခဲ့ရသည်။ အခန်းကျဉ်းအတွင်း ၁၆ နှစ်ကြာ တကိုယ်တည်း ပိတ်လှောင်ခံရသော်လည်း မင်းကိုနိုင်က မြန်မာ့ဒီမိုကရေစီအရေးကို ဆက်လက် ဆောင်ရွက်ရန် သန္နိဋ္ဌာန် ချခဲ့သည်။


“ဘယ်လောက်ပဲ မှောင်မည်းပါစေ၊ ဘယ်လောက်ပဲ ကြမ်းတမ်းပါစေ ငါတယောက်တည်း မဟုတ်ဘူး၊ ငါ့ရဲ့ ရဲဘော်၊ ရဲဘက်တွေ ရှိတယ် ဆိုတဲ့ ယုံကြည်ချက်နဲ့ နေခဲ့ပါတယ်” ဟု ၁၆ နှစ်ကြာ အကျဉ်းချခံထားရရာမှ ပြန်လည်လွတ်မြောက်လာစဉ် ပြောကြား ခဲ့ဖူးသည်။


နိုင်ငံတကာကလည်း မင်းကိုနိုင်၏ လှုပ်ရှားမှု၊ စွန့်လွှတ်ပေးဆပ်မှုများ အတွက် ဂုဏ်ပြုဆုများ ပေးအပ် ကြသည်။ မင်းကိုနိုင်သည် မြန်မာ့ဒီမိုကရေစီ အရေး လှုပ်ရှားမှုများတွင် ပါဝင် ဆောင်ရွက်နေသူ များကို ကိုယ်စားပြုသူတဦး ဖြစ်လာသည်၊ ရှစ်လေးလုံး လူထု လှုပ်ရှားမှုကို စတင်ခဲ့သူ ၁၉၈၈ မျိုးဆက် ကျောင်းသား များကို ဦးဆောင်ခဲ့သူ ဖြစ်သည်။


သူ နှင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များက သူတို့ကို ထောင်သွင်း အကျဉ်းချခဲ့သည့် ဗိုလ်ချုပ်ကြီးများအား အာဃာတ စကား မပြောဘဲ နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်ကြရန်သာ ပြောခဲ့ကြသည်။ စစ်သားများ စစ်တန်းလျား ပြန်ပါဟု မပြောဘဲ တိုင်းပြည် ရှေ့ရေးအတွက် တမျိုးသားလုံး ပြန်လည် သင့်မြတ်ရေး လုပ်ဆောင်ရန် မေတ္တာရပ်ခံခဲ့ကြသည်။


၂ဝဝ၄ ခုနှစ်တွင် မင်းကိုနိုင် ထောင်မှ ပြန်လွတ်လာစဉ် စစ်အစိုးရက ဒီမိုကရေစီအရေး လှုပ်ရှားမှုများကို ဖမ်းဆီးနှိပ်စက်သည့်နည်းဖြင့် ဆက်လက် တုံ့ပြန်လျက်ရှိသည်ကို တွေ့ရသည်။


ထို့ကြောင့် သူက “မျက်ရည်တွေသိမ်းနိုင်မှ ကျနော် အားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်တာ အဓိပ္ပာယ် ရှိပါလိမ့်မယ်ဗျာ။ အမေ့အိမ်ကို ညည့်နက်ညမှာ တံခါး လာခေါက်တဲ့ လူဟာ အလည်လွန်နေတဲ့ သားလေးပဲ ဖြစ်သင့်ပါတယ်။ သားလေးကို အမေ့ရင်ခွင်ထဲက လာပြီးတော့ ခေါ်သွားတာမျိုးတော့ မဖြစ်စေချင်တော့ပါဘူး” ဟု ပြောခဲ့သည်။


၂၀၀၇ ခုနှစ်တွင် အာဏာပိုင်တို့က သူ နှင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များကို ဖမ်းဆီးပြီး ထောင်ဒဏ် အနည်းဆုံး ၆၅ နှစ်စီ ချမှတ်ကာ နယ်စွန်နယ်ဖျားရှိ အကျဉ်းထောင်များသို့ ခွဲ၍ ပို့ဆောင်လိုက်သည်။ မင်းကိုနိုင် နှင့် သူ၏ ရဲဘော်များသည် ကိုယ်ကျိုးစွန့် အနစ်နာခံပြီး ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး လှုပ်ရှားမှုများကို အဆက်မပြတ် ပြုလုပ်နေစဉ် အကျဉ်းချခံလိုက်ရခြင်း ဖြစ်သည်။


နိုင်ငံအတွက် ကိုယ်ကျိုးစွန့်ထားကြသော မင်းကိုနိုင် နှင့် ဒီမိုကရေစီအရေး လှုပ်ရှားနေသူများ၊ နိုင်ငံရေး အကျဉ်းသားများကို မိမိ တတ်နိုင်သည့် နည်းဖြင့်ဝန်းရံအားပေးကြရန် တိုက်တွန်းလိုက်သည်။

Tuesday, December 23, 2008

Soe Tun's writing on MKN

“မင်းကိုနိုင် (သို့မဟုတ်) ပေါ်ဦးထွန်း ပုံရိပ်”
ရေးသူ...... ကိုစိုးထွန်း။

မူရင်း - http://kopaw07.blogspot.com/2008/12/blog-post_23.html
Min Ko Naing and friends in 2005 (photo:moemaka)

မင်းကိုနိုင်လို့ နာမည်တွင်ပေမယ့် ကျွန်တော်တို့ အချင်းချင်းတော့ ပေါ်ဦးထွန်းအဖြစ် သိကြတဲ့သူ.....။ ဒီလူနဲ့ ကျွန်တော် စပြီး ဆုံတွေ့ကြတဲ့နေ့ကတော့ ကျွန်တော်တို့လိုပဲ အထဲက ပြန်ထွက်လာတဲ့ ညီအစ်ကိုတယောက်ရဲ့ ရဟန်းခံပွဲမှာ စပြီးတွေ့ခဲ့ကြတာပါ။

အဲဒီနေ့က ကိုယ့်အချင်းချင်းပြန်ပြီး ဆုံဖြစ်ကြလို့ အားလုံးပျော်ပျော်ပါးပါးနဲ့ စကားတွေ ကိုယ်စီပြောကြ၊ နှုတ်ဆက်ကြနဲ့ စည်စည်ကားကားပါပဲ။ ဒီလိုနဲ့ ကျွန်တော်နဲ့ ရင်းနှီးနေတဲ့ ကိုပြုံးချိုကို တွေ့လို့ သူ့ကို ကျွန်တော်နှုတ်ဆက်တော့၊ သူက “ခဏလာပါအုံး၊ ခင်ဗျားကို ကျွန်တော် ကိုပေါ်ဦးနဲ့ မိတ်ဆက်ပေးမလို့” ဆိုပြီး ခေါ်တာနဲ့ ကျွန်တော် သူ့နောက်လိုက်သွားတယ်။

အသားဖြူဖြူ၊ နှာခေါင်းချွန်ချွန်နဲ့ လူလတ်ပိုင်းအရွယ်တယောက် ထိုင်နေတဲ့နေရာရောက်တော့ ကိုပြုံးချိုက ကျွန်တော်တို့ နှစ်ယောက်ကို မိတ်ဆက်ပေးတယ်။ သူကလဲ ထိုင်နေတော့ ကျွန်တော်က မတ်တပ်ရပ်ရင်းကနေ ခါးကိုင်းလိုက်ပြီး “အေးဗျာ၊ ခုလို ကျန်းကျမ်းမာမာ ပြန်တွေ့ရတာ အရမ်းဝမ်းသာတယ်” ဆိုပြီး လက်ဆွဲနှုတ်ဆက်လိုက်တယ်။ ဒီမှာတင်၊ သူက “ဟာဗျာ၊ အဲဒီလို သူစိမ်းမဆန်ပါနဲ့။ လာပါ၊ အားရပါးရ နှုတ်ဆက်ရအောင်” ဆိုပြီး မတ်တပ်ထရပ်၊ ရင်ချင်းအပ်ပြီး ရင်းရင်းနှီးနှီး ဖက်ပြီး နှုတ်ဆက်တယ်။ ကျွန်တော်လည်း အဲဒီတော့မှ အားနာသွားတယ်။ ပြီးတော့ သူက ဆက်ပြောပါသေးတယ်။ “ခင်ဗျားအကြောင်းကို ကျွန်တော်နဲ့ စစ်တွေမှာ အတူနေခဲ့တဲ့ ကျောင်းသားတယောက်က ပြောပြလို့ သိပြီးပါပြီ။ ခုမှပဲ လူချင်းတွေ့တော့တယ်” လို့ ပြောတယ်။

ကျွန်တော်လည်း ခုမှ စပြီးသိပေမယ့် သူ့ရဲ့ ရိုးသားပွင့်လင်းမှုကြောင့် ညီအစ်ကိုလို ရင်းနှီးမှု ရှိသွားသလိုပါပဲ။ အဲဒီနေ့ကတော့ မှတ်မှတ်ရရ ၂၀၀၅ ခုနှစ် မတ်လ (၂၇) ရက်ဖြစ်တဲ့ တော်လှန်ရေးနေ့ပါ။ အဲဒီကအပြန် ကျွန်တော်တို့ ကျောင်းသားတွေကို NLD က တော်လှန်ရေးနေ့အခမ်းအနားကို တက်ဖို့ ဖိတ်ထားလို့ အားလုံး စုံစုံညီညီနဲ့ သွားတက်ဖြစ်ကြတယ်။ အဲဒီနေ့ဟာ ၈၈ မျိုးဆက် ကျောင်းသားများရဲ့ စတင်စုစည်းပေါင်းဆုံမှု အဖွင့်နိဒါန်းလို့ ပြောရင်ရမယ်ထင်ပါတယ်။

တော်လှန်ရေးနေ့ အခမ်းအနားမသွားခင် ကျွန်တော်နဲ့ ကိုပေါ်ဦးတို့ နှစ်ယောက်ဟာ တနေရာမှာ ထိုင်ပြီး ခဏလောက် စကားပြောဖြစ်ကြတယ်။ သူက သူ့ခံစားချက်ကို ရင်ဖွင့်ပြပါတယ်။ သူ့အနေနဲ့ နိုင်ငံရေးကို တသက်လုံး လုပ်ဖို့ မရှိဘူး။ ကျွန်တော်တို့ တိုင်းပြည် မှန်ကန်တဲ့ လမ်းကြောင်းမှာ ရောက်နေပြီဆိုရင် အနားယူပြီး အနုပညာအလုပ်တွေနဲ့ ဘ၀ကို အချိန်ကုန်ချင်တယ်ဆိုတဲ့ အကြောင်းကို ပြောပါတယ်။ ကျွန်တော်လည်း သူပြောတာကို သဘောတူလက်ခံပါတယ်ဆိုတဲ့ အကြောင်းပြောပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း လုပ်သင့်လုပ်ထိုက်လို့ ကာလတခုကို ၀င်ပြီး နိုင်သလောက် ထမ်းကြည့်တာ။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အေးအေးဆေးဆေး ဖြစ်ရင်တော့ ဘ၀မှာ ဒိပြင် ကိုယ်ဝါသနာပါရာ၊ ပျော်မွေ့ရာနဲ့ ဖြတ်သန်းနေထိုင်မှာပါပဲလို့ ကျွန်တော်ကဆိုတော့၊ သူက “ဟုတ်ပြီးဗျာ၊ ခင်ဗျားက ကျွန်တော့်ရဲ့ သက်သေနော်။ ကျွန်တော်တချိန်ရောက်လို့ နားချင်ပြီလို့ ကျွန်တော်ပြောတဲ့အခါ၊ ကန့်ကွက်သူတွေ ရှိရင်၊ ခင်ဗျားက သက်သေလိုက်ပေးနော်” လို့ သူက ၀မ်းသာအားရ ပြောခဲ့တယ်။

သူရေးဖြစ်ခဲ့တဲ့ ၀တ္ထုတိုတွေကို သူလွတ်လာတော့ ကျွန်တော့်ကို ဖတ်ဖို့ပေးပြီး ဝေဖန်ပါအုံးလို့ ပြောသေးတယ်။ ဖတ်တော့ ဖတ်ဖြစ်ပါတယ်။ ဝေဖန်တဲ့အထိတော့ မရောက်လိုက်ဘူး။ အလုပ်တွေကလဲ များကြတာကိုး။

နောက်ပိုင်းမှာ သူနဲ့ သွားရင်းလာရင်း လေ့လာအကဲခတ်မိရသလောက်၊ သူဟာ အနုပညာသမားတွေ၊ အထူးသဖြင့် ကျွန်တော်တွေ့မိသလောက်က စားရေးဆရာ၊ ကာတွန်းဆရာ၊ ကဗျာဆရာတွေနဲ့တွေ့ရင် လက်ဘက်ရည်ဆိုင်မှာ တော်တော်နဲ့ မထဖြစ်တော့ဘူး။ အလုပ်ရှိလို့သာ စကားဖြတ်ပြီး ကျွန်တော်တို့နဲ့အတူသွားရပေမယ့် ဆက်ပြီး ထိုင်ချင်သေးတယ်။ ပန်းချီတို့၊ ဂီတတို့မှာလည်း အလားတူပါပဲ။ သူဟာ အဲဒီအကြောင်းတွေ ဆွေးနွေးပြောဆိုနေရရင် သူ့စိတ်ဟာ ပိုပြီး ရွှင်လန်းတွက်ကြွနေတဲ့ပုံရှိတယ်။ သူ့နေရာကနေပြိးတော့ ကျွန်တော် စာနာနားလည်မိပါတယ်။ ဟိုလူ၊ ဒီလူနဲ့ တွေ့ရ၊ အသိမိတ်ဆွေတွေက ခင်မင်မှုနဲ့ ဖတ်လို့သွားရနဲ့ ကိုယ်ပိုင်အချိန်က နည်းပါတယ်။ နားရတယ်ဆိုတာ သိပ်မရှိလှပါဘူး။

သူ့မှာ အာရုံကြော အားနည်းတဲ့ ရောဂါလည်း ရှိတယ်။ သူ့ကျန်းမာရေးအတွက် ဦးနှောက်နဲ့ အာရုံကြောဆရာဝန်ကြီးတယောက်ဆီကို ကျွန်တော်တို့ ခေါ်သွားပြီး ပြတော့ ဆရာဝန်က သေသေချာချာ စစ်ဆေးပြိးတော့ ဆေးတွေ အများကြီးပေးလိုက်တယ်။ ဆရာဝန်လည်း ၀မ်းသာအားရနဲ့ ကျွန်တော်တို့နဲ့ အတူတွဲထိုင်ပြီး အမှတ်တရ ဓါတ်ပုံ ရိုက်ယူထားလိုက်တယ်။ စမ်းသပ်ခတော့ မယူလိုက်ပါဘူး။ ဒါပေမယ့် ဆေးဖိုးက တော်တော်ကျသွားတယ်။ ဟာသဖြစ်သွားတာက ကျွန်တော်တို့မှာ ဆေးဖိုး အလုံအလောက်မပါခဲ့ဘူး။ ဆရာဝန်ကတော့ မပါရင် မပေးပါနဲ့လို့ ပြောပါတယ်။ ဒါပေမယ့် ကိုပေါ်ဦးက အားနာတတ်တော့ “မဟုတ်တာ ဆရာရယ်။ နောက်တခေါက်လာပေးပါမယ်” လို့ ပြောပြီး နောက်အခေါက်မှ ကျွန်တော်တို့ ပေါင်းပေးလိုက်ကြတယ်။

ဆရာဝန်က သူ့ကို အနားယူခိုင်းတယ်၊ ဆေးကို ပုံမှန်၊ အချိန်မှန်သောက်ခိုင်းပေမယ့်၊ နေ့တိုင်း သွားလာနေရတော့ ဘယ်မှာ နားချိန်ရှိမလဲ။ ဆေးသောက်ချိန်လဲ မမှန်ဖြစ်တာပေါ့၊ ပြီးတော့ ဆေးတွေက သောက်ပြီးရင် မနေားမဖြစ် နားနေရမယ့် အာရုံကြောဆေးတွေ။ ဆေးကလည်း ဆေးပြင်းတွေဆိုတော့ သောက်ပြီးကြာလာတာနဲ့ အိပ်ချင်သလိုလို ထိုင်းမှိုင်းလာတယ်လို့ ပြောပါတယ်။ ဒါပေမယ့် ကျွန်တော်တို့နဲ့ အတူတူ သွားလာနေရတော့ ဆန့်ကျင်ဖက်တွေ လုပ်သလို ဖြစ်တာပေါ့။ ပြိးတော့ သွားလာပြောဆိုနေရပေမယ့် ထိုင်းထိုင်းမှိုင်းမှိုင်းဖြစ်နေတာပေါ့ဗျာ။ အချင်းချင်းစကားပြောရင်ပဲဖြစ်ဖြစ်၊ မီဒီယာတွေနဲ့ အင်တာဗျူးရင်ပဲဖြစ်ဖြစ် စကားပြောလို့ မကောင်းဘူးပေါ့။ အမှန်တော့ အနားယူရမှာပါ။ ဒါပေမယ့် အနားယူချိန်က နည်းပါတယ်။ ဒီတော့ နောက်တခေါက်မှာ ကျွန်တော်တို့က ဆရာဝန်ကု ဆေးပြင်းတွေ မတိုက်ဖို့ တောင်းပန်ရတော့တာပေါ့။ လူက နားချင်ပေမယ့် အခြေအနေက သူ့ကိုနားခွင့်မပေးပါဘူး။ ရှေ့လာမယ့် မြန်မာပြည်ခရီးကြမ်းကြီးမှာလည်း သူပြောသလိုမျိုး နားနေချိန်ရပါ့မလားဆိုတာ မရေရာတဲ့ အနေအထားပါပဲ။

သူဟာ ဟာသဉာဏ်လည်းရှိတယ်။ ပျော်ပျော်နေတတ်ပုံလည်းရတယ်။ အဲဒီလိုနေတတ်တာဟာလည်း သူ့ကျန်းမားရေးအတွက် ပိုသင့်တော်မယ်လို့ ကျွန်တော်ထင်တယ်။ လောကကြီးရဲ့ ကမောက်ကမဖြစ်မှု၊ လော်မာဖောက်ပြားမှု၊ နိမ့်ကျပျက်စီးမှုတွေကို ယောနိသောမနသိကာရ စိတ်နဲ့ မှန်မှန် နှလုံးသွင်းပြီး နေနိုင်ရင်နေ၊ ဒါမှမဟုတ် ဟာသအမြင်နဲ့ ကြည့်ပြီးနေနိုင်ရင် ကြုံလာရတဲ့ လောကဓံတွေကို လွယ်လွယ်ကူကူ ပေါ့ပေါ့ပါးပါး ဖြတ်သန်းနိုင်မယ်လို့ ကျွန်တော် ယုံကြည်တယ်။ ကျွန်တော်တို့ စုပြီး ဆွေးနွေးပြောဆို စကားကောင်းနေကြတဲ့အချိန် သူက ဟာသလုပ်ပြီး ၀င်ဖေါက်ရင် ပွဲကျသွားတာတွေရှိတယ်။ အကြိတ်အနယ်၊ အချေအတင် ဆွေးနွေးရလို့ ခေါင်းတွေ ပူနေတဲ့အချိန် ဟာသလေးတွေနဲ့ အပူဖုလေးတွေကို ကြိတ်ချေရတာလေးတွေဟာ ကျွန်တော်တို့အတွက် ပေါ့ပါးစေပါတယ်။

သူအထဲမှာ ဧကစာကျင့်နေတုန်းက ဖြစ်ခဲ့တဲ့ ဟာသလေးတခု ကျွန်တော့်ကို ပြန်ပြောပြလို့ ဖောက်သည်ချချင်သေးတယ်။ အဲဒီတုန်းက သူ့က ဆံပင်ညှပ်မလို့ ၀န်ထမ်းတယောက်ကို ပြောတယ်။ ဒါပေမယ့် ၀န်ထမ်းက သူ့ကို “ကိုမင်းကိုနိုင် ဆံပင်က သိပ်မရှည်သေးဘူး။ မညှပ်ပါနဲ့အုံး” ဆိုပြီး ပြောတယ်တဲ့။ တမင်သက်သက် ညစ်တာပေါ့ဗျာ။ အဲဒါနဲ့ သူက “ခင်ဗျားစကားကို မှတ်ထားနော်။ ကျွန်တော် ဆံပင်မညှပ်ဘဲ နေမယ်” ဆိုပြီး အရှည်ကြီးဖြစ်တဲ့အထိ နေလိုက်တယ်။ ၀န်ထမ်းတွေက သူ့ရဲ့ နေရေးထိုင်ရေး၊ ကျန်းမာရေးအခြေအနေကို အမြဲစောင့်ကြည့်စစ်ဆေးနေရတာဆိုတော့၊ တနေ့မှာ သူက တံမြက်စည်းတချောင်းကို ဂစ်တာလုပ်ပြီး ပါးစပ်ဆိုင်းနဲ့တီးရင်း သီးချင်းတွေ အကျယ်ကြီးအော်ဆိုရော။ ဒီတော့ ၀န်ထမ်းတယောက်က အပြေးအလွှား လာကြည့်တယ်။ သူ့ကို ဆံပင်ရှည်ရှည်၊ နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးတွေနဲ့ တံမြက်စည်းကို ဂစ်တာလုပ်ပြီးတီးနေတာလဲတွေ့ရော၊ မျက်လုံးပြူး မျက်ဆံပြူးဖြစ်သွားပြီးတော့ “ဟာ၊ ကိုမင်းကိုနိုင်၊ သတိထားပါ၊ သတိထားပါ” လို့ ပြောပြီး ဆရာဝန်ကို ပြေးအကြောင်းကြားတော့တာပဲ။ ၀န်ထမ်းက သူ့ကို စိတ်ဖောက်သွားပြီ ထင်တာ။ အမှန်ကတော့ တကယ်အရူးဖြစ်သွားတာက သူမှန်း ၀န်ထမ်းခမြာ သဘောမပေါက်လိုက်ရှာဘူး။

သူပြောပြတဲ့ ၁၆ နှစ်တာ ဧကစာကျင့်ရင်း ဖြစ်ခဲ့တဲ့ ဟာသလေးတွေထဲက တစ်ခုပေါ့ဗျာ။

သူ့ကို အရပ်သားသတ္တိရှင်ဆု ချီးမြှင့်တုန်းက အင်တာဗျူးတခုမှာ “ဒီဆုကို ကိုယ်တိုင်တက်ရောက်ပြီး သွားယူမှာလား” လို့ မေးတော့ သူက “သူ့အနေနဲ့ ပတ်စပို့ ရဖို့ အခက်အခဲ ရှိတယ်။ တကယ်လို့ သွားယူခွင့်ရရင်တောင် ပြန်လာလို့ ရမှာ မဟုတ်ဘူး။ သူ့အနေနဲ့ မြန်မာပြည်နဲ့ရော၊ မြန်မာလူမျိုးတွေနဲ့ရော ခွဲခွာမနေချင်ဘူး။ တိုင်းရင်းသားပြည်သူလူထုနဲ့ ဒုက္ခတွေအတူ မျှဝေခံစားပြီး၊ အေးအတူ ပူအမျှ မခွဲမခွာ နေချင်တဲ့အတွက်ကြောင့် သွားခွင့်ရရင်တောင် သွားယူဖြစ်မှာ မဟုတ်ဘူး”လို့ ပြန်ပြောခဲ့တယ်။

ခုဆိုရင် ကိုမင်းကိုနိုင်အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားများဟာ ပြည်သူတွေ ရင်ဆိုင်နေရတဲံ အထွေထွေ အကျပ်အတည်းတွေအတွက် ပြည်သူ့ကိုယ်စား ပြည်သူ့ဘက်မှ မားမားမတ်မတ် ရပ်တည်ဆောင်ရွက်ရင်း နအဖ စစ်အစိုးရရဲ့ အငြိုးအာဃာတကြီးမားတဲံ တုန့်ပြန်မှုတွေကြောင့် သမိုင်းတွင်တဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ကျခံရပြီး ဝေးလံခေါင်သီတဲ့ မြန်မာပြည်အစွန်အဖျားဒေသက ထောင်အသီးသီးကို ပို့ခံလိုက်ရပါပြီ။

နအဖ အစိုးရဟာ မင်းကိုနိုင်အပါအ၀င် ၈၈ မျိုးဆက် ကျောင်းသားတွေ၊ တိုင်းပြည်နဲ့ လူမျိုးကို ချစ်မြတ်နိုးကြတဲ့၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို တန်ဘိုးထားကြတဲ့ ရဟန်းသံဃာတော်တွေ၊ တိုင်းရင်းသားညီအစ်ကိုတွေနဲ့ တက်ကြွလှုပ်ရှားသူ လူငယ်ကျောင်းသားတွေ၊ ပြည်သူတွေကို ရက်ရက်စက်စက် ပြင်းပြင်းထန်ထန် ချေမှုန်းနှိပ်ကွပ်နေပြီး ဝေးလံလှတဲ့ အစွန်အဖျားဒေသတွေဆီကို ပို့ရုံမက မြန်မာပြည်ကပါ ထွက်ခွာသွားစေချင်မှာပါ။ ဒါပေမယ့် မြန်မာပြည်ကြီး ငြိမ်းချမ်းသာယာဝပြောပြီး ဖွံ့ဖြိုးတိုးတက်လာစေဖို့၊ မြန်မာပြည်မျာ မွေးဖွားတဲ့ သူတိုင်းဟာ သူတို့ရသင့်ရထိုက်တဲ့ လူ့အခွင့်အရေးတွေကို တရားမျှတစွာ ရရှိခံစားနိုင်ကြစေဘို့အတွက် ကျွန်တော်တို့ဟာ အထိန်းသိမ်းခံ၊ အနှိပ်စက်ခံဘ၀နဲ့ ဘေးဒုက္ခမျိုးစုံကို ရင်ဆိုင်ကျော်လွှားရင်း တပ်မတော်ခေါင်းဆောင်များက နားလည်လက်ခံယုံကြည်ပြီး အားလုံးနဲ့ လက်တွဲပူးပေါင်းကာ မြန်မာပြည်ရဲ့ အထွေထွေ အကျပ်အတည်းတွေကို ညှိနှိုင်းဖြေရှင်းကြရမယ့် နေ့တနေ့ကို ရောက်ရှိဘို့ ခိုင်ခိုင်မာမာ ယုံကြည်မျှော်လင့်ရင်း ကြိုးပမ်းဆောင်ရွက်လျက် ရှိနေဆဲပါ။