မင်းကိုနိုင်ရဲ့ ဝတ္ထု
မောင်စွမ်းရည်
နိုဝင်ဘာ ၁၂၊ ၂၀၀၉
မောင်စွမ်းရည်
နိုဝင်ဘာ ၁၂၊ ၂၀၀၉
မင်းကိုနိုင်ရေးတဲ့ “နောက်ကြည့်မှန်” အမည်ရှိ ၀တ္ထု စာအုပ်တအုပ် ထွက်လာလို့ အံ့အားသင့်ရ ၀မ်းမြောက် ၀မ်းသာဖြစ်ရပါတယ်။ စာမျက်နှာ ၁၇၀ မျှပဲ ရှိပါတယ်။ ထုတ်ဝေသူက အေအေပီပီလို့ အတိုကောက်ခေါ်တွင်တဲ့ “နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း” ဖြစ်ပါတယ်။
၂၀၀၉ အောက်တိုဘာမှာ ထွက်လာပါတယ်။ အေအေပီပီ တည်ရှိရာ ထိုင်းနိုင်ငံမှာပဲ ရိုက်နှိပ်ထုတ်ဝေကြောင်း ဖော်ပြထားပါတယ်။ စာအုပ်ကလေးက စာရွက်အချောနဲ့ ရိုက်နှိပ်ထားပြီး အပြင်အဆင်လည်း လှပသေသပ်လို့ အထူးဂုဏ်ယူ ၀မ်းမြောက်ဖွယ် နှစ်သက်ဖွယ် ဖြစ်ရပါတယ်။
ဗကသ ခေါ် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂကို နိုင်ငံခြားသား အင်္ဂလိပ်အစိုးရ လက်ထက်မှာ ဗိုလ်ချုပ်အောင်ဆန်းတို့က စတင် ဖွဲ့စည်းတည်ထောင်ခဲ့ပါတယ်။ ဗကသ ဆိုတာ ဗမာ့တပ်မတော် မပေါ်ခင်က ပေါ်ပေါက်ခဲ့ပြီး တပ်မတော်ကို မွေးထုတ်ရာမှာ လက်သည်လို့တောင် ခေါ်နိုင်ပါတယ်။
ဒါပေမယ့် တပ်မတော်ကို လက်ရှိတာဝန်ယူ အုပ်ချုပ်နေသူ စစ်ဗိုလ်တွေက လွတ်လပ်ရေး မော်ကွန်းဝင် “ဗကသ” ကို ဖျောက်ဖျက် ချေမှုန်းခဲ့ကြပါတယ်။ ကိုအောင်ဆန်းတို့ စတင်တည်ထောင်ခဲ့တဲ့ ဗကသ ကို ရှစ်လေးလုံး - ဒီမိုကရေစီအရေးတော်ပုံကာလမှာ ကျောင်းသားသူရဲကောင်းလေးတွေ သွေးနဲ့ ချွေးနဲ့ ရင်းပြီး ပြန်လည်တည်ထောင်ခဲ့တဲ့ ဗကသ မှာ မင်းကိုနိုင်က ပထမဥက္ကဋ္ဌ ဖြစ်လာခဲ့ပါတယ်။ ပေါ်ဦးထွန်း အမည်ရှိတဲ့ တက္ကသိုလ်ကျောင်းသားလေးဟာ မင်းကိုနိုင် အမည်နဲ့ ဒီမိုကရေစီသူရဲကောင်းလေးတဦး ဖြစ်လာခဲ့ပါတယ်။
ဗကသ ဥက္ကဋ္ဌ ဖြစ်တဲ့ မင်းကိုနိုင်ကို စစ်အာဏာရှင်အစိုးရက ဖမ်းဆီးထောင်ချခဲ့တာ ၁၆ နှစ်ကြာမှ ပြန်လွတ်ပါတယ်။ တခါလှုပ်ရှားလို့ တခါထပ် အဖမ်းခံရတော့ ၆၅ နှစ်နဲ့ ၆ လ ပြစ်ဒဏ် စီရင်တာ ခံရပြီး ခုအခါ ထောင်ထဲမှာ ပြန်လည်ရောက်ရှိနေပါတယ်။
ထောင်ထဲမရောက်ခင် ပြေးပြေးလွားလွား သွားလာနေထိုင်ရင်းမှာပဲ “နောက်ကြည့်မှန်” ၀တ္ထုကို ရေးခဲ့ဟန်ရှိပါတယ်။ ကျောင်းသားနိုင်ငံရေးသမားလေးတဦး လူထုရင်ခွင်မှာ ခိုအောင်း တိမ်းရှောင်ရင်း နိုင်ငံရေးလှုပ်ရှားမှုတွေ လုပ်ဆောင်ခဲ့ပုံတွေကို ရေးသားထားတာ ဖြစ်တဲ့အတွက် ဘယ်နည်းနဲ့မဆို မင်းကိုနိုင်ရဲ့နိုင်ငံရေးသမားဘ၀ တစိတ်တပိုင်း ပါဝင်နေလိမ့်မယ်လို့ အကဲခတ်နိုင်ပါတယ်။
ဒီလိုဝတ္ထုမျိုးဟာ စိတ်ကူးယဉ်ပြီး ဇာတ်လမ်းဆင်ရေးသားဖို့ မဖြစ်နိုင်ပါဘူး။ စာအုပ်ရဲ့ရှေ့ဖုံးမှာ နောက်ကြည့်မှန် အကွက် ၄ ကွက်ကို ဒီဇိုင်းလုပ်ပြီး သီဟမောင်မောင်က ဖန်တီးထားပါတယ်။ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမကြီးပုံ၊ လူစုလူဝေးကြီး ဆန္ဒပြနေပုံ၊ စစ်သားတွေက လှံစွပ်တပ် သေနတ်တွေနဲ့ ချိန်ပြီး ချီတက်လာပုံ၊ မောင်မယ်ကိုယ်စားပြုပုံ တပုံ - အားလုံး ၄ ပုံ ၄ ကွက် ဖြစ်ပါတယ်။ ကျောဖုံးမှာ မင်းကိုနိုင်ရဲ့ ဓာတ်ပုံလေးတပုံနဲ့  သူရဲ့နိုင်ငံရေးဘ၀ အကျဉ်းချုပ်ကို ဖော်ပြထားပါတယ်။
“ကျနော်တို့တတွေ လက်နက်မပါဘဲနဲ့ ငြိမ်းချမ်းစွာ လာပြိးစုဝေးနေကြတယ်။ အမှန်တရားအတွက် မတရားရင် ခေါင်းငုံ့မခံဘူး ဆိုတဲ့ စိတ်ဓာတ်နဲ့ ကျနော်တို့ဘ၀များစွာ စတေးခဲ့ပြီးပြီ။ လမ်းတွေပေါ်မှာ အသက်ပါ ပေးခဲ့ပြီးပြီ။ ကျနော်တို့ကို ဘယ်ခြိမ်းခြောက်မှုမျိုးနဲ့မှ ချုပ်ချယ်လို့  မရဘူး။”
အဲဒါ မင်းကိုနိုင်ရဲ့ စကား၊ မင်းကိုနိုင်ရဲ့ အယူဝါဒ၊ မင်းကိုနိုင်ရဲ့ သတ္တိနဲ့ ဂုဏ်ရည်ပဲ ဖြစ်ပါတယ်။
စာအုပ်ရဲ့ ရှေ့ဆုံးမှာ “စီစဉ်သူရဲ့စကား” ဆိုတာကို အေအေပီပီ ကိုယ်စားပြု ဖော်ပြထားတာတွေ့ ရပါတယ်။
“စာပေသည် နိုင်ငံရေး၏ သြဇာခံမဟုတ်။ တစုံတရာကို ထောက်ခံရန် သို့မဟုတ် ကန့်ကွက်ရန်သည် စာပေအနုပညာ၏ရည်ရွယ်ချက် မဟုတ်ပေ” လို့ အစချီပြီး ဒုတိယ ကမ္ဘာစစ်ကြီးပြီးစ ဗမာ့လွတ်လပ်ရေးခေတ်ဦးက ဒီနေ့ထိ စာပေလောက (ဗမာစာပေလောက) မှာ အငြင်းပွားဆဲဖြစ်တဲ့ စာပေအယူဆတရပ်ကို ထိပ်ကတင်ပြီး ဖွင့်လှစ် မှာကြားထားတာ တွေ့ ရပါတယ်။
မူလသုံးနှုန်းခဲ့တဲ့ ဟိုတုန်းက စကားလုံးတွေက “စာပေသည် ပြည်သူ့အတွက်နဲ့ ”၊ “စာပေသည် အနုပညာအတွက်” ဆိုပြီး သုံးနှုန်းဖော်ပြခဲ့ပါတယ်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ခေတ်ဟောင်းစာပေတိုက်ပွဲကို ဆက်လက်သယ်ဆောင်ရင်း မင်းကိုနိုင်ရဲ့စာပေကို မိတ်ဆက်လိုက်ပါတယ်။
ဒီစာအုပ်ဟာ မင်းကိုနိုင်ရဲ့အသက် ၄၇ နှစ်ပြည့် မွေးနေ့ အမှတ်တရ ထုတ်ဝေတာလို့ ဖော်ပြထားပါတယ်။ မင်းကိုနိုင်ဟာ ကျောင်းသားခေါင်းဆောင်၊ နိုင်ငံရေးသမားတဦး ဖြစ်သလို စာပေအစွမ်းအစ ရှိသူတဦးလည်း ဖြစ်တယ်ဆိုတာ ဒီစာအုပ်က မော်ကွန်းထိုးသလို ဖြစ်ပါတယ်။
မင်းကိုနိုင်ဟာ နိုင်ငံရေးသမား ဟိတ်ဟန်ပြပြီး ကြီးကျယ်ရှုပ်ထွေးတဲ့ နိုင်ငံရေးစကားတွေကို မသုံးမစွဲဘဲ၊ နိုင်ငံရေးဘ၀တစိတ်တပိုင်းကို အနုပညာမြောက် ပစ္စည်းတရပ်အဖြစ် သေသေသပ်သပ် ဖော်ကျူးနိုင်စွမ်းရှိတာ တွေ့ရလို့၊ သူ့ကို အနာဂတ်ဗမာစာပေလောကအတွက် မျှော်လင့် စောင့်စားစရာ လူငယ်တဦးအဖြစ် စောင့်မျှော်နေကြရပါလိမ့်မယ်။
ကျောင်းသား ကိုအောင်ဆန်း၊ ကိုနု၊ ကိုဗဟိန်းတို့တတွေဟာ စာရေးဆရာ ဖြစ်ဖို့ ရည်မှန်းထားခဲ့ကြတဲ့ ကျောင်းသား နိုင်ငံရေးသမားလေးတွေ ဖြစ်ခဲ့ပါတယ်။ ခု မင်းကိုနိုင်တို့ ကြုံတွေ့ရသလို ပါပဲ။ ဒါပေမယ့် သမိုင်းပေးတာဝန်၊ ဘ၀ပေးတာဝန်တွေဟာ သူတို့ကို နိုင်ငံရေးသမားတွေ ဖြစ်စေခဲ့ပါတယ်။
မင်းကိုနိုင်ရဲ့ အနာဂတ်ကကော ဘာဖြစ်လာမလဲ။ နိုင်ငံရေးသမားပဲလား။ စာရေးဆရာပဲလား။ ဘာပဲဖြစ်ဖြစ် သူဟာ သူပြောခဲ့သလို “အမှန်တရားအတွက် မတရားရင် ခေါင်းငုံ့မခံဘူး ဆိုတဲ့ စိတ်ဓာတ်နဲ့ သူ့ဘ၀ကို နိုင်ငံရေးအတွက် ပေးအပ်ထားခဲ့ပါပြီ။ အမှန်တရားအတွက် ထမ်းဆောင်သူတွေကို ပြည်သူတွေက ရုပ်တုထုပြီး ကျောက်တိုင်ထိပ်မှာ တင်ထား ပူဇော်ကြမှာကတော့ မလွဲပါဘူး။ ။
၂၀၀၉ နိုဝင်ဘာ ၃